နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးခေါင်းဆောင်မှု(Leadership)
ရဲ့အခန်းကဏ္ဍဟာ အဲဒီနိုင်ငံလူလိုသူလို အဆင့်မီ ဖွံ့ဖြိုးတိုးတက်ရေး အ
တွက် အင်မတန်အရေးကြီးပြီး အခရာကျတယ်ဆိုတာ ငြင်းစရာမလိုတဲ့
ကိစ္စဖြစ်ပါတယ်။ မြင့်မြတ်ထက်မြက်ပြီး လုပ်ရည်ကိုင် ရည် ရှိတဲ့
ခေါင်းဆောင်ကောင်းတွေ (Good Leader) ရှိတဲ့နိုင်ငံတွေက
ဒီအချက်ကိုသက်သေခံလျက်ရှိပါတယ်။
ဒီလိုဆိုရင်ခေါင်းဆောင်ဆိုတာ
ဘယ်လိုလူမျိုးလဲ၊ သူ့မှာဘယ်လို အရည်အသွေးတွေရှိနေလို့
ခေါင်းဆောင်ဖြစ်လာတာလဲ။ သူ့ကိုဘယ်အရာ ဘယ်အကြောင်းတွေက
ခေါင်းဆောင်ဖြစ်စေတာလဲ။ လူ့အဖွဲ့အစည်းတစ်ရပ်မှာ ခေါင်းဆောင်တစ်ဦးဟာ
ဘယ်လို မွေးဖွားကြီးပြင်း လာတာလဲ။ခေါင်းဆောင်မှုရဲ့ သဘောသဘာဝနဲ့ ခေါင်းဆောင်တစ်ဦးရဲ့ အရည်အချင်းတွေကို သဘောပေါက် နားလည်ဖို့အတွက်ဆိုရင် “ခေါင်းဆောင်တယ်”(Lead) ဆိုတဲ့မူလရင်းမြစ် ကြိယာရဲ့ မူလအနက်အဓိပ္ပါယ် အမျိုးမျိုးကို သရုပ်ခွဲစဉ်းစားကြည့်ရင် သင့်မြတ်မယ် ထင်ပါတယ်။ ပထမ အနက်အဓိပ္ပါယ်နဲ့ပြောရရင် “ရှေ့ဆောင်တယ်” “ရှေ့ကသွားတယ်” ဆိုတဲ့သဘောရတယ်။ ရှေ့ကဦးဆောင်သွားတဲ့ကား၊ ရှေ့ဆုံးကလူ၊ ဦးဆောင်ဦးရွက်ပြုသူ စတဲ့အဓိပ္ပါယ် ဖြစ်တယ်။
ဒုတိယအနက်အဓိပ္ပါယ်အရ “ကျွမ်းကျင်လိမ္မာစွာ ပြုမူဆောင်ရွက်တယ်” လို့ရပါတယ်။ ဥပမာဆိုရရင် ကောင်းကောင်းလေ့ကျင့် ထားတဲ့ ခရီးသွားလမ်းညွှန်တစ်ဦးဟာ ခရီးအဆုံးပန်းတိုင်ရောက်အောင် ကျွမ်းကျင် လိမ္မာစွာဦးဆောင်သွားတယ် ဆိုတဲ့သဘော မျိုးဖြစ်ပါတယ်။
တတိယ အဓိပ္ပါယ်အားဖြင့် ဆိုရင် “ခေါင်းဆောင်တယ်” ဆိုတာ တခြားသူများကို ညွှန်ကြားဖို့ အမိန့်ပေး ဖို့ သြဇာအာဏာ (Authority) ရှိတယ် ဆိုတဲ့အဓိပ္ပါယ်မျိုးဖြစ်တယ်။
ပထမ အဓိပ္ပါယ်အရ
ခေါင်းဆောင်မျိုးကို ကျွန်တော်တို့ ရပ်ရွာထဲက အသင်းအဖွဲ့တွေမှာ
အများအားဖြင့် တွေ့ရတတ်တယ်။ တကယ့်အရည်အချင်းကိုမကြည့်ဘဲ လူပုဂ္ဂိုလ်အရ
ထင်ပေါ်မှု၊ လူသိများမှုတွေကို အခြေခံပြီး အသင်းအဖွဲ့တွေမှာ ရှေ့တန်းက
ပြယုဂ်ထားဖို့ ခေါင်းဆောင်အဖြစ် တင်မြှောက်ခံရတဲ့ လူမျိုးဖြစ်ပါတယ်။
ဒုတိယအဓိပ္ပါယ်အရ ခေါင်းဆောင်ကတော့ ပညာရေးနဲ့ ဘာသာရေး အဖွဲ့အစည်းတွေမှာ တွေ့ရမှာဖြစ် ပါတယ်။ ပညာရေးနယ်ပယ်မှာဆိုရင် ဆရာ၊ ဆရာမဟာ သင်ကြားလေ့လာမှုကို လမ်းညွှန်ပြသတဲ့ ခေါာင်းဆောင်ဖြစ်တယ်။ ဘာသာရေးနယ်ပယ်မှာတော့ ဘာသာရေးဂိုဏ်းတချို့၊ အသင်းအဖွဲ့တချို့ဟာ သူတို့အကြီးအကဲ ဂရုတွေ၊ ဘုန်းတော်ကြီးတွေကို ခေါင်းဆောင်အဖြစ် (Spiritual Leader) အဖြစ် လက်ခံး ထားကြတာဖြစ်တယ်။
တတိယအဓိပ္ပါယ်အရ ခေါင်းဆောင်ကတော့ နိုင်ငံရေးခေါင်းဆောင်မှု ဖြစ်တယ်။ ဒီခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ စူးစမ်းဆွေးနွေး တာတွေကို ရှေးနှစ်ပေါင်းများစွာကတည်းက ပညာရှင်ကြီးတွေ ဟောပြော ရေးသားခဲ့ကြတာဖြစ်တယ်။ ဥပမာအားဖြင့် ရှေး ခေါမ ဒဿန စာရေးဆရာကြီး ပလေတို(လီစီ ၄၂၈-၃၄၇) က သူရည်စူးခဲ့တဲ့ စံပြသမ္မတနိင်ငံတော်ရဲ့ခေါင်းဆောင်အဖြစ် အကျင့်စရဏ ကောင်းမြတ်မှုနဲ့ အသိဥာဏ်ပညာ ထက်မြက်မှုနှစ်မျိုးစလုံး ပြည့်စုံတဲ့ “ဒဿန ပညာရှင်ဘုရင်” (Philosopher-king) ကို သတ်မှတ် ပေးခဲ့ပါတယ်။
ရှေးခေါမနိုင်ငံရေး သီအိုရီတွေမှာ အတော်ဆုံး အကောင်းဆုံးလူသားများ (The best man) သာလျှင် နိုင်ငံတော်ကိုအုပ်ချုပ် သင့် တယ်ဆိုတဲ့ အယူအဆဟာ လွှမ်းမိုးထားပါတယ်။ လူ့အဖွဲ့အစည်းကို ဦးဆောင်ဦးရွက် ပြုနိုင်တဲ့ ခေါင်းဆောင်ဖြစ်ဖို့အတွက် အသိ ဥာဏ်ပညာအရ ထက်မြက်ပြီး ကိုယ်ကျင့်တရားအရ ကောင်းမြတ်ရ မယ်လို့ခံယူထားခဲ့ကြတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကိုသာ မိမိတို့ရဲ့ ခေါင်းဆောင်အဖြစ် ဘ၀င်ကျကျလက်ခံခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့်အသိပညာ အတတ်ပညာတွေ ခေတ်မီတိုးတက်လာပါတယ်ဆိုတဲ့ နှစ်ဆယ်ရာစုထဲမှာတော့ “ကြီးမြတ်သော ခေါင်းဆောင် ကြီး အဖြစ်” မိမိကိုယ်မိမိပြန်ပြီးခန့်အပ်တဲ့ အီတလီက မူဆိုလိုနီ ( Mussolini ) နဲ့ ဂျာမဏီက ဟစ်တလာ ( Hitler ) တို့လိုအာဏာ ရှင်ကြီးတွေ ပေါ်လာတာကို စိတ်မသက်မသာဖြစ်စရာ တွေ့ရပါ တယ်။ အဲဒီလိုသူတို့ဦးဆောင်ချမှတ်ထားတဲ့ ဥပဒေကို အပေါ်ယံ ဗန်းပြ အသုံးချပြီး ကိုယ့်ကိုယ်ကို နိုင်ငံ့ခေါင်း ဆောင်အဖြစ် အမျိုးမျိုး လုပ်ကြံဖန်တီးထားတဲ့ အာဏာရူးတွေကြောင့် သူတို့နိုင်ငံရော ကမ္ဘာသူကမ္ဘာသားများပါ ဘယ်လောက်ဒုက္ခဆင်းရဲရောက်ခဲ့ကြရတယ်ဆိုတာ လက်တွေ့မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ အဲဒီ အာဏာရှင် ခေါင်းဆောင်တွေကို ကြည့်ရင်သူတို့ဟာ “ခေါင်းဆောင်မှုအခြေခံ သဘောထား” (Leadership principle ) ကို မသိနားမလည် ခဲ့ကြ သူတွေ မဟုတ်ပါဘူး။ ကြေကြေညက်ညက်ကြီးကို သိမြင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ မိမိကိုယ်မိမိ ဥပဒေ အထက်ကလူ အဖြစ်ခံယူခဲ့ကြပြီး ခေါင်းဆောင်မှု အခြေခံသဘောထား ကို တလွဲအသုံးချခဲ့တာကြောင့် မင်းဆိုးမင်းညစ်တွေ ဖြစ်ခဲ့ကြရတာကို တွေ့ရပါတယ်။

ဒါကြောင့်လည်း
ရှေးခေါမတွေးခေါ်ရှင်ကြီး အရစ္စတိုတယ် ( ဘီစီ ၃၈၄-၃၂၂ ) လက်ထက်ကစပြီး
နိုင်ငံရေးတွေးခေါ်ရှင်တွေက အတော်ဆုံး အကောင်းဆုံး
လူတွေရဲ့ခေါင်းဆောင်မှုကို တရားမဲ့ အဓမ္မအုပ်စိုးတဲ့ မင်းဆိုးမင်းညစ်
အုပ်ချုပ်ရေးစနစ်ဆီသို့ လျှောကျ သက်ဆင်းမသွားရအောင်
အခြေခံဥပဒေနဲ့ကန့်သတ်ပြီး ကာကွယ်စောင့် ရှောက်သွားဖို့
အလွန်လိုအပ်တယ်လို့ ညွှန်ပြခဲ့ကြ တာဖြစ်ပါတယ်။ နိုင်ငံသားအများစုက
ဘ၀င်ကျကျ သဘောတူချမှတ်ထားတဲ့ အခြေခံဥပဒေရဲ့ ခိုင်မာတဲ့
အထိန်းအကွပ်အောက်မှာပဲ ခေါင်းဆောင်တွေဟာ ပေါ်ထွန်းလာနိုင်ပြီး
နိုင်ငံသားတွေရဲ့ လွတ်လပ်မှုကိုလည်း ထိန်းသိမ်းစောင့်ရှောက်
နိုင်မှာဖြစ်တယ်လို့ သင်ကြားခဲ့ပါတယ်။
ဒီနေရာမှာ ဒီမိုကရက်တစ်ကိုယ်စားပြု အစိုးရစနစ်မှာ ထူးခြားတဲ့ပြဿနာတစ်ရပ် ပေါ်ပေါက်လာတာကို တွေ့ရပါတယ်။ အဲဒါကတော့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ် အမတ်မင်းတွေ ဟာ မဲဆန္ဒှရှင် ပြည်သူလူထုရဲ့ ဆန္ဒကိုသာလိုက်နာ ဆောင်ရွက်ပေးရမယ့် ပြည်သူ့အမှုထမ်း သက်သက်မျှသာ ဖြစ်ရမှာလား၊ ဒါမှမဟုတ် သူတို့ဟာ လွှတ်တော်ထဲ၊ ပလီမန်ထဲမှာ မိမိ၇ဲ့ ကိုယ်ပိုင်ဆန္ဒ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် အရသာ ပြုမှုဆောင်ရွက်ရမှာလား ဆိုတဲ့ ပြဿနာဖြစ်ပါတယ်။
“ဖက်ဒရယ်ဝါဒီ” (The federalist) ဆိုတဲ့ နိုင်ငံရေးဒဿနကျမ်းကိုရေးသားခဲ့တဲ့ ဗြီတိသျှ ဒဿနပညာရှင် ဂျွန်စတူးဝပ်မီးလ် (John Stuart Mill 1806-73) ကတော့ ဒီလိုယူဆပါတယ်။ ခေါင်းဆောင်ဆိုတာ သာမန်လူတွေထက် ပိုပြီးအသိဥာဏ်မြင့်မားပြီး အတွေ့ အကြုံ ပိုမိုကြွယ်ဝတဲ့သူတွေကို ရွေးချယ်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ခေါင်းဆောင်တွေဟာ ရင်ဆိုင်ရတဲ့ နိုင်ငံရေးရာ ကစ္စတွေကို ကိုယ့်ဆန္ဒ၊ ကိုယ့်ဆုံးဖြတ်ချက် အတိုင်းသာဆောင်ရွက်သင့်တယ်လို့ မီးလ်က ဆိုပါတယ်။ တစ်ဖက်ကလည်း ခေါာင်းဆောင်ဆိုတာ မဲဆန္ဒရှင်တွေကို သစ္စာခံသူဖြစ်တယ်။ ဒါကြောင့် မဲဆန္ဒရှင်အများပြည်သူတွေရဲ့ ဆန္ဒသဘေထား တင်ပြချက် (Public opinion) အတိုင်း လိုနာဆောင်ရွက်ရမယ်လို့ ယူဆကြတာလည်း ရှိပါတယ်။

နိုင်ငံရေးခေါင်းဆောင် တစ်ဦးမှာ ရှိသင့်ရှိအပ်တဲ့ အရည်အချင်းနဲပ ပတ်သက်လို့ကတော့ အရင်နဲ့အခု သိပ်မကွာ ခြားလှပါဘူ့း။ ခေါင်းဆောင်လုပ်သူဟာ မိမိရဲ့ကိုယ်ကျိုး၊ အတ္တအကျိုးစီးပွားထက် လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ပိုပြီးစိတ်ဝင်စားရမယ်။ ပိုပြီးဦးစားပေးဆောင်ရွက်ရမယ်။ ပြည်တွင်းပြည်ပ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စတဲ့ အရးအရာ ကိစ္စတွေကို နက်နက် နဲနဲထဲထဲဝင်ဝင် သိရှိနားလည်ထားရမယ်။ မှန်ကန် ပြည်စုံခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လက်တွေ့ကျကျ ချမှတ်နိုင်ရမယ်၊ ထင်ပေါ်ကျော်ကြားမှု လျော့ကျ သွားမှာ ပျက်သွားမှာတွေကို ဂရုမထားဘဲ အရေးကြုံလာရင် စွန့်စားရဲရမယ်။ ပြတ်သားရမယ်။ သတ္တိရှိရှိ လုပ်ရဲကိုင်ရဲ ရှိရပါမယ်။ ဒါ့အပြင် ခေါင်းဆောင်လုပ်သူဟာ ကိုယ်ကျိုးစွန့်ရဲရမယ် လိုအပ်လာရင် မိမိအသက်ကို တောင် မငဲ့ကွက်ဘဲ လုပ်ဆောင်နိုင်ရမယ်။ သမာသမတ်ကျတဲ့ စိတ်ဓာတ်အမြဲရှိပြိး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိရမှာ ဖြစ်တယ်။ ဒါတွေကတော့ ခေါင်းဆောင်တစ်ဦးမှာ ရှိသင့်တဲ့ ယေဘုယျအရည်အချင်းတွေ ဖြစ်တယ်။
ကမ္ဘာ့သမိုင်းကို လေ့လာကြည့်ရင် ခေါင်းဆောင်ကောင်းတွေဟာ နိုငံရေးအကျပ်အတည်း တွေကနေ ဆွေးနွေးလာကြတာဖြစ်တယ်။ အမေရိကန်က ဂျော့ဝါရှင်တန်နဲ့ လင်ကွန်း၊ ရုရှက လီနင်၊ အိန္ဒိယက ဂန္ဓီနဲ့ နေရူး ပြင်သစ်က ဒီဂေါ၊ အင်္ဂလန်က ချာချီ၊ တရုတ်က မော်စီတုံးနဲပ တိန့်ရှောက်ဖိန်၊ ကျွန်တော်တို့မြန်မာပြည်က ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ကိုယ့်နိုင်ငံတွေ ရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကနေ မွေးဖွားပေါ်ထွန်း လာခဲ့ကြတဲ့ နိုင်ငံရေးခေါင်ဆောင်ကြီးတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း နို်င်ငံရေး အကျပ်အတည်းနဲပ ခေါင်းဆောင်ကောင်းဟာ အတူတူ ယှဉ်တွဲနေတယ်လို့တောင် ဆိုနိုင်ပါတယ်။
မောင်ကြည်သစ်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁ အမှတ် ၄၀
၁၂-၅-၂၀၁၁
0 comments:
Post a Comment