နိုင်ငံရေးမည်သည် ယုတ်မာညစ်ထေးသည်ဟု ဆိုရမည်လော။ စင်စစ်မှာ နိုင်ငံရေးသည်
ယုတ်မာညစ်ထေးသည်မဟုတ်။ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင်
ယုတ်မာခြင်းဖြစ်သာဖြစ်ပေ၏။ နိုင်ငံရေးဆိုတာဘာလဲဟု မေးဖွယ်ရာရှိပြန်သည်။
ကျွန်ုပ်တို့သည် သာမန်ပုထုဇဉ်များဖြစ်သောကြောင့် နိုင်ငံရေးမလုပ်သင့်၊
နိုင်ငံရေးသည် အလွန်မြင့်မြတ်သည့်အတွက် ကျွန်ုပ်တို့နှင့် မတန်မရာ၊
လေးမြတ်စွာမျှော်ရှုရန်သာ ရှိသည်ဟူ၍ ဆိုရမည်လော။
သို့တည်းမဟုတ်
နိုင်ငံရေးဆိုသည်မှာ အချို့သော လူလိမ်လူညာ တို့က တောအုံကမ်းနား ကျေးတောသား
လူရိုးလူအတို့အား အတိတ်၊ တဘောင်၊ စနည်း၊ ဘဝေါတို့ကို တွင်တွင်ကြီးဟောပြော၍
ထိုသူတို့၏ မနောအကြိုက်ကို လိုက်၍၊ အငိုက်ကိုဖမ်းပြီးနောက်
စားပေါက်ထွင်ကြသည့်ကိစ္စဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံ ရေးသည်
အန္တရယ်များစွာရှိသော အရေးကိစ္စဖြစ်သောကြောင့် ကျွန်ုပ်တို့သည် တတ်နိုင်လျှင်
ရှောင်ရှားသင့်သည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည်
ကျွန်ုပ်တို့ ပြောလေ့ပြောထရှိသည့်အတိုင်း အမျိုး၊ဘာသာ၊သာသနာရေးဟူ၍ပင်
ဆိုရဦးမည်လော။
နိုင်ငံရေးသဘောအမှန်မှာ ကျွန်ုပ်တို့လူသားတို့နှင့် မတန်မရာ
မြင့်မြတ်လွန်းသည်မဟုတ်၊ နိမ့်လွန်းသည်လည်းမဟုတ်၊ မျက်လှည့်ဗေဒင်လည်းမဟုတ်၊
အဂ္ဂိရပ်လည်းမဟုတ်၊ ကြောက်မက်ဖွယ်ကောင်းသော ကန္တာရခရီးလည်းမဟုတ်၊ ဘယ်သူသေသေ
မတေမာရင်ပြီးရော စိတ်ဇောနှင့်လုပ်သော အရေးကိစ္စလည်းမဟုတ်၊ ကျွန်ုပ်တို့၏
ပတ်ဝန်းကျင်၌ ပေါ်ပေါက်ဖြစ်ပွားလျှက်ရှိသော အခြေ ပေါ်တွင် မျှော်ခေါ်၍
ဆောင်ရွက်ရမည်ဖြစ်သော အရေးကိစ္စသာလျှင် ဖြစ်ပေ၏။ အတိုချုပ်ဆိုရလျှင်
နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင်
တွေ့ကြုံနေကြသော ကိစ္စပင်ဖြစ်ပေသည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊ နေမှု၊
ထိုင်မှု၊ သွားမှု၊ လာမှုအစုစု သည် နိုင်ငံရေးပင်ဖြစ်သည်။ ကျွန်ုပ်တို့သည်
နိုင်ငံရေးကို မဆင်မခြင် မတွေးတောမိစေကာမှု နိုင်ငံရေးသည် ကျွန်ုပ်တို့၏
အိမ်၊ ရုံး၊ အလုပ်ရုံစသည်တို့၌ ပေါ်ပေါက်လျှက်ရှိသည်။ ဤဌာနများ၌
ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်။
အလုပ်သမားသည် အခကြေးငွေအတွက် အလုပ်လုပ်ရသည်။ တောင်သူလယ်သမားသည် ဝမ်းစာအတွက်
လယ်လုပ်ရ၏။ စာရေးစာချီ အမှုထမ်းသည်လည်း လစာငွေအတွက် အလုပ်လုပ်ရ၏။
ကုန်သည်ပွဲစားစသည်တို့သည် အသီးသီးဝင်ငွေရ အောင်လုပ်ကြ၏။
အချုပ်မှာ စာသောက်နေထိုင်ရေးအတွက်ပင်ဖြစ်၏။ အလုပ်သမားသည် အခကြေးငွေကို
တိုးတက်၍ရပြီးလျှင် စားသာသောက်သာသော အခြေ အနေကို ရလို၏။
စာရေးစာချီအမှုထမ်းသည်လည်း ရုံး၌တကုတ်ကုတ်လုပ်ရသော ဘဝထက် လွတ်လွတ်လပ်လပ်
ချောင်ချောင် လည်လည်ရှိသော အခြေအနေကို ရောက်လိုကြ၏။
ကုန်သည်ပွဲစားတို့သည်လည်း လွယ်လွယ်ကူကူ တိုးချဲ့၍ ကူးသန်းရောင်းဝယ်လိုကြ ၏။
ဤကဲ့သို့ လူတိုင်းလူတိုင်း မိမိအခွင့်အရေးကို ရယူလိုခြင်းသည်
နိုင်ငံရေးပင်ဖြစ်သည်။
သို့ရာတွင် ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော
နေထိုင်စားသောက်မှုသည် ပြောင်းလဲလျှက်ရှိသည့်အားလျော်စွာ
ကျွန်ုပ်တို့နိုင်ငံရေးသည်လည်း ပြောင်းလဲလျှက်ရှိသည်။
ကျွန်ုပ်တို့အားလုံး သက်သက်သာသာ ချောင်ချောင်ချိချိလူတန်းစေ့
နေထိုင်နိုင်ရန်အတွက် အခွင့်အရေးပိုမိုရရှိအောင် ကျွန်ုပ်တို့သည်
လွတ်လပ်ရေးကို တောင့်တကြသည်။ လွတ်လပ်ရေးဆိုရာ၌ နေရေးထိုင်ရေးလွတ်လပ်မှု
လူတဦးတယောက်အနေနှင့် လည်းကောင်း၊ တမျိုးသားလို့းအနေနှင့်လည်းကောင်း
တိုးတက်ကြီးပွားအောင်၊ စီမံဆောင်ရွက်နိုင်အောင် လွတ်လပ်မှု၊ ကျွန်ုပ်တို့၏
ကာယ၊ ဥာဏ၊ စိတ္တ အဆင့်အတန်းတိုးမြှင့်အောင် ဆောင်ရွက်နိုင်ရန် လွတ်လပ်မှုတို့
စသည်တို့ကို ဆိုလိုပေသည်။ ဤလွတ်လပ်မှု ရယူလိုမှုသည်ပင်လျှင်
နိုင်ငံရေးဖြစ်၏။ သို့ဖြစ်ရကား နိုင်ငံရေးကို ကျွန်ုပ်တို့
နားမလည်စရာအကြောင်းမရှိချေ။ သို့ပါလျှက်နှင့် အချို့သောသူများသည်
နိုင်ငံရေးအလုပ်ကို ယုတ်မာညစ်ထေးသည်ဟု ဆိုကြ၏။ အချို့ကလည်း နိုင်ငံရေးသည်
ကိုးကွယ်ရာဘာသာ တရားပင်ဖြစ်သကဲ့သို့ ဆိုကြပြန်၏။ ထိုသူတို့၏ အယူအဆတို့မှာ
အလွဲလွဲအမှားမှား ကွဲကွဲပြားပြား ရှိကြပေ၏။
ဗိုလ်ချုပ်အောင်ဆန်း
(၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်မှ ၂၀ ရက်အထိ ရွှေတိဂုံအလယ် ပစ္စယံတွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာညီလာခံကြီးမှ ကောက်နုတ်ချက်
Monday, March 4, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment