Wednesday, March 13, 2013

ဝန်ထမ်း အုပ်ချုပ်မှုကို အလေးအနက် ထားပါ

    အခွင့်အလမ်း
စက်ရုံ တည်ထောင်သော ကုမ္ပဏီ တစ်ခု အောင်မြင်ရန် အောက်ပါ အချက် သုံးချက်ကို ရှောင်လွှဲ၍ မရပါ။ အလေး ထားရမည် ဖြစ်သည်။
(၁) ဝန်ထမ်းများအား အုပ်ချုပ်မှု (Labour management)
(၂) ကုန်ပစ္စည်းထုတ်လုပ်မှု
(၃) ဈေးကွက် (Marketing)

ဝန်ထမ်းများအား ကွပ်ကဲအုပ် ချုပ်မှုမှာ စက်ရုံပိုင်းဆိုင်ရာ ဝန်ထမ်း များ အုပ်ချုပ်မှုနှင့်ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းအုပ်ချုပ်မှုဟူ၍ နှစ်မျိုးရှိရာ တစ်စုတစ်ပေါင်းတည်းဆွေးနွေးပါမည်။
ကုန်ပစ္စည်းထုတ်လုပ်မှုနှင့်ထုတ်ကုန် ပစ္စည်းဈေးကွက်ကိစ္စကို ယခုဆောင်း ပါးတွင် မဆွေးနွေးလိုပါ။ မိမိအနေဖြင့် နိုင်ငံတော်စက်ရုံမှာ နိုင်ငံ့ဝန်ထမ်း တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်း စားဝန်ထမ်းတစ်ယောက်ဖြစ်ရာ စက်ရုံ ရှိ ဝန်ထမ်းများ၏ စိတ်ဓာတ်ပိုင်းဆိုင် ရာကို အထူးအလေးထားခဲ့ရသည်။ ကုမ္ပဏီများမှ ဝန်ထမ်းများကို မည် ကဲ့သို့ အဆင့်ဆင့်ကွပ်ကဲ အုပ်ချုပ်နေ ကြသည်ကို လေ့လာသောအခါ အယူ အဆအားနည်းနေသည်ကို တွေ့ ရသည်။

ဝန်ထမ်းသည် စားဝတ်နေရေးအတွက် နိစ္စဓူဝဖြေရှင်းရန် ကိုယ်ပိုင်လုပ်ငန်းကို မလုပ်နိုင်သဖြင့် အခစား ဝန်ထမ်းအဖြစ်ကို ရွေးချယ်ခံယူရသည်။ ငွေရှင်သည်စီးပွားရေး အတွက် ကုမ္ပဏီလုပ်ငန်းကိုတည် ထောင် သည်။ နှစ်ဦးနှစ်ဖက်သည် စီးပွားဖက်ဖြစ်ပြီး လက်တွဲအလုပ်လုပ် ကြသည့်သဘောဖြစ်သည်။ ငွေရှင် (ဝါ) ကုမ္ပဏီပိုင်ရှင်သည် မိမိကုမ္ပဏီ လုပ်ငန်းကို အောင်မြင်လိုကြသည်။ ဝန်ထမ်းသည် မိမိ သို့မဟုတ် မိသားစု အတွက် တစ်စုံတစ်ခုသော အတိုင်း အတာအထိ အထောက်အကူဖြစ် သော ဝန်ထမ်းလစာကို ရယူလိုကြသည်။

ကုမ္ပဏီနှင့်ဝန်ထမ်းသည် လူမှု စီးပွားရေးဦးတည်ချက်ချင်း တူညီကြ သည်။ ပုဂ္ဂလိက အကျိုးစီးပွားဖော် ဆောင်နေကြခြင်းဖြစ်သည်။ ထိုသို့ သော လူမှုစီးပွားရေးကို ဆောင်ရွက် နေကြခြင်းကို မြင့်မြတ်သော စိတ် ဓာတ်များဖြင့် အရင်းခံလိုက်ပါက နိုင်ငံ၏ ဈေးကွက်စီးပွားရေးကို အကောင်အထည်ဖော်နေသည့် အဆင့်သို့ရောက်လာတော့သည်။ တစ်နည်းအားဖြင့် “ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ”လို့ဆိုနိုင်သည့် ကုမ္ပဏီ လုပ်ငန်း ကြီးအဖြစ် သတ်မှတ်နိုင်လာ သည်ဟု ဆိုရပေမည်။ ယနေ့ကမ္ဘာနှင့် အဝန်း နိစ္စဓူဝပြောဆိုနေကြသည်မှာ လူမှုစီးပွားရေး သို့မဟုတ် ဈေးကွက်စီးပွားရေး၊ တစ်ဆင့်မြှင့်၍ပြောရ လျှင် နိုင်ငံ့စီးပွားရေး ပင်ဖြစ် သည်။ “စိတ်ထားတတ်လျှင် မြတ်သည်”ဟု ဆိုရမည်ဖြစ်ရာ ကုမ္ပဏီလုပ်ငန်းသည် မိမိတို့နှင့် မြန်မာနိုင်ငံအတွက် လွန်စွာအရေးကြီးသော ကဏ္ဍဟု သတ်မှတ် ရပေမည်။ ယခင်ကာလများက အလေးမထား ခဲ့လျှင်လည်း ရှိပါ စေ၊ ယနေ့နိုင်ငံတော်သည် တိုးတက်ဖွံ့ဖြိုး သော ဒီမိုကရေစီနိုင်ငံဖြစ်ရေးကို အားသွန်ခွန်စိုက် အလေးထား အကောင်အထည်ဖော်နေပြီဖြစ်သည်ကို သတိချပ်ရပေမည်။

ဝန်ထမ်းသည် ကုမ္ပဏီအတွက် တာဝန်ထမ်းနေသည်ဖြစ်ရာ ကုမ္ပဏီ ၏ အကျိုး၊ ဝန်ထမ်း၏အကျိုး နှစ်ခု စလုံးကို တစ်ပြိုင်နက်အကောင် အထည်ဖော်နေခြင်းပင်ဖြစ်သည်။ ဝန်ထမ်းသည် ချို့ယွင်းမှုတစ်ခုခုပြု လုပ်ခဲ့ ပါက မရည်ရွယ်ဘဲ ချို့ယွင်းမှု ပြုလုပ်ခြင်းနှင့်ရည်ရွယ်ပြီး ချို့ယွင်းမှု ဖြစ်ပေါ်တတ်ခြင်း နှစ်မျိုးရှိရာ ယင်း နှစ်မျိုးကို အုပ်ချုပ်သူသည် ခွဲခြားတတ် ရန် လိုအပ်ပါသည်။ ခွဲခြားပြီးမှသာ ဆုံးမ၍ အရေးယူခြင်းနှင့် အပြစ် ပေး၍ အရေးယူခြင်းကို အကောင်အထည် ဖော်ရပါသည်။ ဆုံးမ၍ အရေးယူ ရမည့်ကိစ္စကို ပြင်းထန်စွာပြောဆို ဆက်ဆံသည့် လုပ်ရပ်များပြုလုပ်မိ သည့်အခါ ဝန်ထမ်းသည် ကုမ္ပဏီ၏ စည်းရိုးအပြင်သို့ ရောက်သွား သည့် နှယ် စိတ်ဓာတ်ဖြစ်ပေါ်သွားတတ် ပါသည်။

စိတ်ဓာတ်ပိုင်း၊ စိတ်ခံယူချက် အပိုင်း၊ စိတ်အယူအဆအပိုင်း ကောင်းရန် တည်ဆောက်ဖို့ခက်ခက် ခဲခဲ ဆောင်ရွက်ရပြီး စိတ်ဓာတ်ပိုင်း ပျက်ရန်မှာ လွန်စွာလွယ် ကူပါသည်။ လူများသည် စိတ်အယူအဆပိုင်း အားနည်း တတ်ရာ အထူးအလေး ထား နားလည်ရန်လိုပါသည်။

စက်ရုံတစ်ရုံ တည်ထောင်ရာတွင် ရုပ်ပိုင်းဆိုင်ရာဖြစ်သော အဆောက်အဦးများ၊ စက်ပစ္စည်းများ ကို တည် ထောင် ရသည်ထက် ရုပ်ပိုင်း ရော စိတ်ပိုင်းပါ ဖွဲ့စည်း ထားသည့် လူသားကို ဝန်ထမ်းကောင်းဖြစ်ရန် လေ့ကျင့်ပျိုးထောင်ရသည်မှာပို၍ ခက်ခဲပါသည်။ ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်ရန် မျှမျှတတလုပ်ခ လစာဖြင့် လည်းကောင်း၊ မှန်ကန်သော သက်သာချောင်ချိ ရေးဖြင့်လည်းကောင်း၊ တရားနည်းလမ်းကျသော လူမှုဆက်ဆံရေးဖြင့်လည်းကောင်း အကောင်အထည်ဖော်ရမည်ဖြစ်သည်။ မိမိတို့နိုင်ငံကို နယ်ချဲ့ဖက်စစ် များ အုပ်ချုပ်ခဲ့စဉ်က ကဲ့သို့ ဂုတ်သွေး စုတ် အမြတ်ထုတ် သည့် အလုပ်ရှင် နှင့် အလုပ်သမားဆက်ဆံမှုမျိုး ခေတ်ကုန်ခဲ့ပြီးဖြစ်သည်ကို သတိချပ်ရပေမည်။

ဝန်ထမ်းများကို အုပ်ချုပ်ကွပ်ကဲရာတွင် စိတ်ပိုင်းဆိုင်ရာ အလေးမထားဘဲ လျစ်လျူရှုပါက ကုမ္ပဏီအတွက် မသိမမြင်နိုင်သော ဆုံးရှုံးထိခိုက်မှုများဖြစ်ပေါ် နိုင်သည်ဖြစ်၍ ဝန်ထမ်းများအား အုပ်ချုပ်ကွပ်ကဲမှုကို ပေါ့ပေါ့ဆဆ သဘောမ ထား ဘဲ ပညာပါပါ အလေးထားအကောင် အထည်ဖော်ကြပါစေကြောင်း ရေးသား ဆွေးနွေးရပါသည်။

မြမြင့်မိုရ် (လှိုင်)
Copy link: http://readandstudy.wordpress.com

0 comments:

Post a Comment