အမြဲတမ်း အဆင်သင့်ရှိရမယ်
၁၉၄၇ ဇွန်လ ၁၀ ရက် ဗန္ဓုလပန်းခြံ မိန့်ခွန်း
ယနေ့ ကျွန်တော်တို့ရဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကြီး စတင်ကျင်းပ ပြုလုပ်ရမဲ့ နေ့ဖြစ်တယ်။ ယခု
ကျင်းပ ပြုလုပ်မဲ့ တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးဟာ ဘာအတွက်
ပြုလုပ်ရမည်ဆိုတာ အထူးရှင်းပြ နေစရာ လိုမယ် မထင်ဘူး။ ဗမာပြည်မှာ ရှိတဲ့
တိုင်းသူပြည်သားတွေက တင်မြှောက်လိုက်တဲ့ တိုင်းပြည်ကိုယ်စာလှယ် ဖြစ်တဲ့
အမတ်များဟာ တိုင်းပြည်ကို ဘယ်လို ပြုစုပျိုးထောင်မယ်၊ ဘယ်လို
လုပ်မယ်ဆိုပြီး စီမံ ဆုံးဖြတ်ရမဲ့ လွှတ်တော် အစည်းအဝေးမျှသာ ဖြစ်တယ်။
အလုပ်လုပ်ကြည့်မှ သိမယ်
ကျွန်တော်တို့ဟာ
အားလုံး အချုပ်အချယ်နှင့် ရှိနေသေးတယ်။အဲဒီလိ အချုပ်အချယ်များက
လွတ်မြောက်အောင် လုပ်နိုင်မဲ့ စည်းမျဉ်း ရေးဆွဲဖို့ လိုအပ်တယ်။ အမှန်ကတော့
လူမျိုးရေး လွတ်လပ်အောင် လုပ်ရမှာဘဲ၊ တခြားနိုင်ငံတွေမှာ ဆိုယင်
တော်လှန်ရေး လုပ်ငန်းတွေ လုပ်ပြီးမှ တိုင်းပြုပြည်ပြု
လွှတ်တော်ခေါ်နိုင်တာတွေကိုလဲ အများကြီး တွေ့ရတယ်။ ယခု လက်မဲ့ လွှတ်တော် အတွက်
ဖ၊ဆ၊ပ၊လ ပဏာမ ညီလာခံက ဆုံးဖြတ်လိုက်တဲ့ ဖွဲ့စည်းပုံ ဥပဒေကို ရေးဆွဲလိုက်တာ
ဘယ်လိုဖြစ်မယ်ဆိုတာ မသိ၊အလုပ်လုပ်ကြည့်မှ သိမယ်။
နောက်ဆုံးပိတ်မှာ အတည်ဖြစ်မယ်
ကျွန်တော်တို့ဟာ
အင်္ဂလန်ပြည်မှာရော၊တခြား တိုင်းပြည်တွေမှာရော ဖွဲ့စည်းအုပ်ချုပ်ပုံတွေ
ကြည့်ယင် အခက်အခဲ အမျိုးမျိုးနှင့် တွေ့ခဲ့ရတာ တွေ့နေတာ အများကြီး
မြင်တွေ့ရပါတယ်။ ယနေ့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချမှာကတော့
နောက်ဆုံးပိတ်မှာ အတည် ဖြစ်မှာဘဲ။ ဘာဖြစ်လို့လဲ ဆိုယင် အင်္ဂလိပ်မ်ျား၏
အခြေအနေ၊ ကမ္ဘာ့နိုင်ငံကြီးများ၏ အခြေအနေကို သိခြင်းအားဖြင့် နောက်ဆုံး
ဒီအခြေစိုက်မယ် ဆိုတာ သိရတယ်။ အခက်အခဲ ဆိုတာမျိုးကတော့ ဘယ်နေရာမျိုးမဆို
ပေါ်ဦးမှာဘဲ။
အေးအေးဆေးဆေး မနေကြနဲ့အုံး
ကျွန်တော်တို့
ပဏာမ ညီလာခံမှာ ဆုံးဖြတ်တာကို ကျွန်တော်တို့ အတည်ဖြစ်မယ်လို့ ယူဆတယ်။
ဒါပေမယ့် လွတ်လပ်ရေး တိုက်ပွဲဟာ မပြီးသေးဘူးဆိုတာကို တိုင်းပြည်မှာ ရှိတဲ့
တိုင်းသူပြည်သား တွေဟာ သတိနှင့် အမြဲနေပြီး ကျွန်တော်တို့
လုပ်တာတွေကိုကြည့်ပြီး အမြဲတမ်း ထောက်ခံသွားမှ ဖြစ်မယ်။ ဒါ့ကြောင့်
ကျွန်တော်တို့ရဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကို ဆွေးနွေးနေလို့ အေးရတော့မယ်
ဆိုပြီး ၊ အေးအေး ဆေးဆေး တော့ မနေကြပါနှင့်အုံး။ ကျွန်တော်တို့က
ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ် ချက်တွေကို တတိုင်းတပြည်လုံးက အုံကြွပြီး
အမြဲတမ်း ဆန္ဒပြ ထောက်ခံကြမှ ဖြစ်မယ်။
ဒီလိုဆန္ဒတွေ အမြဲတမ်း
ပြသနေပါလျက်နှင့် အတည်မဖြစ်ယင် ရှေးတလှမ်း တိုးပြီး လုပ်ဖို့ဘဲ။ ဒီတခါ
တလှမ်းဟာ နောက်ဆုံးလှမ်းမည့် ခြေလှမ်းဖြစ်လို့ ပြင်ဆင်မှုတွေကို အမြဲတမ်း
အသင့်ရှိစေရမယ်။ ပြင်ဆင်မှုတွေကိုရှိဖို့ကလည်း ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကြီးမှ
ညွှန်ကြားချက်များ မကြာခဏ ထုတ်ဝေ ပါလိမ့်မယ်။
အနှောက်အယှက် ပေးနိုင်တယ်
တိုင်းပြည်က
ဆန္ဒပြပြီး တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ချက်အတိုင်း
ရှေ့တလှမ်းတိုးဖို့ အမြဲတမ်း အားပေးကူညီရမယ်။ ပဏာမ ညီလာခံရဲ့ ဆုံးဖြတ်ချက်
အတိုင်း လွှတ်တော်ထဲမှာ ဆောင်ရွက်သွားမယ်။ အဲဒီ ဆုံးဖြတ်ချက်တွေကို
ခင်ဗျားတို့က မှန်တယ်ထင်ယင် ထောက်ခံကြဖို့ဘဲ။ ယနေ့ အဖို့ ရှည်ရှည်
ပြောဖို့မလို၊ ဗမာပြည်ရဲ့ ဖွဲ့စည်းပုံ ဥပဒေကို အောက်တိုဘာလမှာ အပြီး
လုပ်နိုင်လိမ့်မယ်လို့ ထင်ရပါတယ်။ ယနေ့စတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ရဲ့
အတွင်းမှာ ဖ၊ဆ၊ပ၊လ အမတ်တွေ အများကြီး ရှိပေမဲ့ အနှောက်အယှက် အမျိုးမျိုးကို
ပေးနိုင်တာပဲ။
အိန္ဒိယကို အတုခိုးပြီး လုပ်မယ်
အိန္ဒိယပြည်နှင့်
ဗမာပြည်ရဲ့ အခြေအနေမှာ နိုင်ငံရေး အခြေအနေတွင် ဗမာပြည်က သာပြီး တခြား
အခြေအနေမှာ သူတို့က သာနေတယ်။ အဲဒီလို သူတို့ဆီမှာ သာနေတာကို အတုခိုးပြီး
ပြုပြင်သွား ဖို့ဘဲ။ နိဂုံးချုပ် စကားကတော့ အားလုံးသော
တိုင်းသူပြည်သားတို့ဟာ အမြဲတမ်း အဆင်သင့်ရှိဖို့ ပြောလိုတာပါ။
Sunday, March 10, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment