ဘယ်သူ့လက်အောက်မှ မနေချင်ဘူး ၁၉၄၇ ခုနှစ်၊ဇွန်လ ၁၈ရက်နေ့တွင်
တိုင်းပြုပြည်ပြု လွှတ်တော်၌ လုံးဝလွတ်လပ်ရေး အဆိုကို တင်သွင်းစဉ်
မြွက်ကြားသည့် မိန်ခွန်း
ကျွန်တော်
ယခု ဒီအဆိုကို တင်သွင်းရတဲ့ အကြောင်းကတော့ ကျွန်တော်တို့ အနယ်နယ် အရပ်ရပ်က
လူမျိုးစုံတို့ရဲ့ ကိုယ်စာလှယ်များ လာရောက် စုဝေးလျက် တိုင်းပြုပြည်ပြု
လွှတ်တော်ဆို၍ ကျွန်တော်တို့ ဖွဲ့စည်းပြီးနောက် ဗမာပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံ ဥပဒေကို ရေးဆွဲဖို့ လာ၍ တာဝန်ယူခြင်း ဖြစ်တယ်။ ကျွန်တော်တို့
နိုင်ငံတော်ရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲမည်ဆိုတာ
ကျွန်တော်တို့ရဲ့ အခြေခံမူလကို ရှေးဦးစွာ သိ ထားဖို့လိုတယ်။ ဒီလို
အခြေခံအချက်အလက်ကိုမှ မသိဘဲနှင့် ကျွန်တော်တို့ ရှေ့ဆက် လက်၍ ဗမာပြည်ရဲ့
ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေကို ရေးဆွဲမယ်ဆိုလျှင် တယောက် နှင့်တယောက်
သဘောတမျိုးစီဖြစ်၍ ဘာမျှ အခြေခံမရှိ၊လမ်းစဉ်မရှိဘဲ ညွှန်ကြားပြသမှု မရှိဘဲ၊
ကျွန်တော်တို့ လိုချင်ရာကို အမြန်ဆုံး ရောက်တော့မယ် မဟုတ်ဘူး။
ကော်မတီ ဖွဲ့ရမယ်
တိုင်းပြုပြည်ပြု
လွှတ်တော်အဖွဲ့ကြီး ဤတပတ် အစည်းအဝေးပြီးတဲ့နောက် ဒီတပတ် အ စည်းအဝေးမှ
ကော်မတီ အသီးသီးခန့်ထားမယ်။ ဒီကော်မတီများက ဆက်လက်၍ ဗမာပြည်ရဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေထဲမှာ ဘာတွေ ထည့်သွင်းသင့်တယ်၊မသင့်ဘူးဆိုတာ တွေ
သေသေချာချာ ဆွေးနွေးတဲ့ အခါမှ အခြေခံအားဖြင့် ဘယ်အပေါ်မှာ မူထား၍
ဆွေးနွေးကြမယ်ဆိုတာ တဦးနှင့် တဦး ကျကျနန သိရှိရမယ်။ အဲဒီလို
တဦးနှင့်တဦး သိရှိနားလည်မှု မတူခဲ့လျှင် ကော်မတီများရဲ့ လုပ်ငန်းများလည်း
ခက်ခဲတယ်။
တဖွဲ့တမျိုးစီ မဖြစ်ရန်
အဲဒီတော့အခြေခံ
သဘောအားဖြင့် တိုက်ရိုက် သတ်မှတ်ဆုံးဖြတ်ချက်တခုကို တိုင်းပြု ပြည်ပြု
လွှတ်တော်မှ ပဌမ ဆုံးဖြတ်ဖို့လိုတယ်။ အဲဒီလို ဆုံးဖြတ်ပြီးမှ ရှေ့ဆက်လက်
အလုပ် လုပ်တဲ့နေရာမှာ ဘယ်လို လုပ်ရမယ်ဆိုတာ သိနိုင်မယ်။ သို့မဟုတ်လျှင်
ကော်မ တီ အဖွဲ့များမှာ တချို့က သမ္မတသဘောမျိုး ဆွေးနွေးမယ်။ တချို့ကလည်း
ရှင်ဘုရင် သဘောမျိုး ဆွေးနွေးမယ်။ တချို့ကလည်း ပြည်ထောင်စု သဘောမျိုး အစ
ရှိသဖြင့် ဆွေးနွေးကြတော့ အဖွဲ့အဖွဲ့ချင်း မတူကြတော့
တိုင်းပြုပြည်ပြုလွှတ်တော်မှာ ပြန်လှန် အစီရင်ခံကြတဲ့အခါမှာ ဆက်စပ်လို့
မရအောင် ဖြစ်သွားမယ်။ အဲဒါကြောင့် အခြေခံ အားဖြင့် ကျွန်တော်တို့ကိုမူ
ပြဌာန်းဖို့လိုတယ်။
အဲဒီလိုလုပ်ပြီးနောက်မှ တိုင်းပြုပြည်ပြု
လွှတ်တော်ကနေ၍ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရေး ဆွဲဖို့ အသီးသီးခန့်ထားတဲ့
နေရာမယ် ရှေ့ဆက်လက်၍ အခြေခံရမယ်။ အဲဒီအခါမှာ ကျွန်တော်တို့
အခြေခံလိုတဲ့အတိုင်း ကျွန်တော်တို့ အဆို သွင်းတဲ့အခါမှာ ဒီအဆိုကို တော
်တော်ဘဲ စစ်စစ်ဆေးဆေး ရေးဆွဲပြီး တင်သွင်းခြင်း ဖြစ်တယ်။ မူလပဌမဆုံး
ကျွန်တော် တင်သွင်းရမဲ့ ဒီအဆိုဟာ ဖ၊ဆ၊ပ၊လ ပဏာမ အဖွဲ့ချုပ် ပဏာမ ပြင်ဆင်မှု
ညီလာခံတုန်းက ဆုံးဖြတ်တဲ့ အဆိုပဲ။ အဲဒီအဆိုကို ဖတ်ကြည့်တဲ့အခါမှာ
အချို့အချက်အလက်တွေကို ကျွန်တော် စဉ်းစားပြီးတဲ့အတွက် ဖ၊ဆ၊ပ၊လ ပဏာမ
ညီလာခံသဘင်က ခင်ဗျားတို့ကို ပြင်ဆင်စေ၍ တိုင်းပြုပြည်ပြုလွှတ်တော်မှာ
တင်သွင်းခြင်း ဖြစ်ပါတယ်။
စုဝေးတိုင်ပင်ရုံမျှသာ
ကျွန်တော်တို့ဟာ
ယခုဒီလာ၍ အစုံအညီစုဝေးရုံသာ ရှိပါသေးတယ်။ တောင်တန်း ဒေသနှင့် ဗမာပြည်မ
ကိုယ်စားလှယ်များဟာ တိုင်းသူပြည်သားတွေ၏ ဆန္ဒအားဖြင့် နိုင်ငံတော်
ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအခြေခံရေးဆွဲဖို့ စုဝေးရုံဘဲရှိတယ်။
နိုင်ငံတော်ကြီး၏ အဖွဲ့အစည်း မဟုတ်သေးဘူး။ အဲဒီတော့ ဒီနိုင်ငံတော်မှာ
ဘယ်နယ်တွေပါမည်ဆိုတာ ကျကျနန သတ်မှတ်ချက် မဖြစ်နိုင်သေးဘူး။ ကိုယ်စားလျယ်တွေ
စုဝေးတိုင်ပင်ရုံသာ ရှိသေးတယ်။
ပြည်ထောင်စုသဘော
ကျွန်တော်တို့
တင်သွင်းတဲ့အဆို (၁) အချက်နှင့် ပတ်သက်လို့ ကျွန်တော်တို့ ရေးဆွဲအပ်တဲ့
နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေက ဘယ်လိုဖြစ်သင့်သလဲဆိုလျှင်
ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်တဲ့ အချုပ်အခြာ
အာဏာပိုင် သမ္မတနိုင်င့ ဖြစ်သင့်တယ်ဆိုတဲ့ အချက်နှင့်ကျွန်တော် ပဌမ
ရှေးဦးစွာ ဗမာနိုင်ငံရဲ့ ပေါ်ဆဲပေါ် လတ္တံ့သော အခြေခံဥပဒေသဘောများကို
ဖော်ပြထားပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတာက အထူးရှင်းပြနေစရာ
မလိုပါဘူး။ နိုင်ငံတော် အတွင်းမှာ ပြည်ထောင်စု သဘောမျိုးအားဖြင့် ဖြစ်တယ်။
ပြည်ထောင်စု နိုင်ငံသဘောမျိုး အဖြစ် ဖွဲ့စည်းမယ်ဆိုတာ ရည်ရွယ်ရင်း
ဖြစ်ပါတယ်။
တောင်တန်း မစိုးရိမ်နှင့်
ဒီပြည်ထောင်စု
နိုင်ငံတော်ကို ကျွန်တော်တို့ကနေ၍ တင်ပြခြင်းအားဖြင့် ယခု တိုင်းပြု
ပြည်ပြုလွှတ်တော်ကို ကြရောက်ကြတဲ့ တောင်တန်းဒေသဆိုင်ရာ ကိုယ်စားလှယ် အမတ်
များဟာ ဒီပြည်ထောင်စု နိုင်ငံတော်ကို သူတို့ သတ်ဆိုင်ရာ နယ်များက
ပါဝင်ပြီးသား ဖြစ်သလား၊ မဖြစ်ဘူးလား ဆိုတဲ့ ကိစ္စနှင့် ပတ်သက်လို့ နည်းနည်း
သံသယ ရှိတယ်လို့ ကျွန်တော် သိရတယ်။ ဒီကိစ္စနှင့် ပတ်သက်လို့ တိတိလင်းလင်း
ရှင်းပြလိုတာက ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ ဒီအဆိုထဲမှာ ဘယ်နယ်တွေ
ပါတယ်လို့ သတ်မှတ် ထားခြင်း မရှိ သေးဘူး။ အဲဒီတော့ တောင်တန်း ဒေသမှနေ၍
တက်ရောက်လာတဲ့ ကိုယ်စာလှယ်တွေဟာ ဘာမျှ ဒီကိစ္စနှင့် ပတ်သက်လို့ စိုးရိမ်စရာ
မရှိဘူး။ ဒီပြည်ထောင်စု နိုင်ငံတော်ထဲမှာ ကိုယ်ပါချင်မှ ပါနိုင်တယ်။
ကတိကို မဖောက်ဖျက်ဘူး
တိုင်းပြုပြည်ပြုလွှတ်တော်
ဖွဲ့စည်းတဲ့ နေရာမှာ သဘောတူညီချက် စာချုပ်တဲ့အခါမှာ တောင်တန်းဒေသ
ကိုယ်စာလှယ်များနှင့် ကျွန်တော်တို့ ချုပ်ဆိုခဲ့သော ဆိုခဲ့တဲ့ စာချုပ် အရ
ဖြစ်စေ၊နောက် ဒီတောင်တန်းဒေသဆိုင်ရာ စုံစမ်ရေးအဖွဲ့ အစီရင်ခံစာမှာ ထောက်ခံ
ချက်များကို လက်ခံရလာခဲ့သည့် အတိုင်း ဖြစ်စေ၊ အဲဒီလို လက်ခံထားတဲ့
စာချုပ်သဘော တူလိုတဲ့ အချက်တွေကို ကျွန်တော်တို့ အဖို့မှာ ဆိုလျှင်
သဘောတူလာတဲ့ တကယ့် အရင်းခံသဘောထားကို လက်ခံထားပြီး ၊ဒီအတိုင်းဘဲ
တိုင်းပြုပြည်ပြု လွှတ် တော်မှာ လုပ်မှာဘဲ ဆိုတာ တောင်တန်းနယ်ဖက်ဆိုင်ရာ
ကိုယ်စားလှယ်တို့အား တိတိလင်းလင်း နားလည်စေချင်တယ်။ ကျွန်တော်တို့ဟာ
ပေးပြီးသား ကတိ၊နားလည်ပြီးသား သဘော တူညီချက် တို့ကို နယ်ချဲ့သမားလို
ဖောက်ဖျက်ခြင်း မရှိဘူး။
စာတစောင်ရတယ်
တနေ့က
ကျွန်တော်ဆီ စာတစောင် ရောက်လာတယ်။ အမှန်စင်စစ် ကတော့ တောင် တန်း
ကိုယ်စားလှယ်တွေ ပြောလို့လား၊ သို့မဟုတ် တောင်တန်းနယ် ဆိုင်ရာဌာန
ညွှန်ကြားရေးဝန်ကဘဲလား မပြောတက်ပါဘူး။ သို့သော်လည်း အဲဒီလို တဆင့်နေ၍
တောင်းတန်းဒေသ ဆိုင်ရာ ကိစ္စနှင့် ပတ်သက်၍ တိုင်းပြုပြည်ပြုလွှတ်တော်မှာ
ဆွေးနွေး တဲ့ အခါမှာ အင်မတန် အစိုးရိမ်ကြီးတဲ့ အကြောင်းတွေ စာတစောင်ရတယ်။
ဒီစာကို တိုင်းပြုပြည်ပြု လွှတ်တော် ရုံးကဘဲ ရမလား မပြောတက်ဘူး။ ဘာပါသလဲ
ဆိုလျှင် မှတ်မိသလောက် ပြောရလျှင် တောင်တန်းနယ်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို
တိုင်းပြုပြည်ပြု လွှတ်တော်ကနေ၍ ဆုံးဖြတ်တဲ့အခါ ဆိုင်ရာဆိုင်ရာ နယ်ရဲ့
ကိုယ်စားလှယ်လူများစု သဘောတူညီချက် မရဘဲ၊ တိုင်းပြုပြည်ပြု လွှတ်တော်မှ
မဆုံးဖြတ်နိုင်ဘူးဆိုတာ ၊ တောင်တန်းနယ် ဆိုင်ရာ စုံစမ်းရေး အဖွဲ့တိုင်းက
ထောက်ျခံချက် ပေးထိုက်တယ်။
စိတ်ကူးလွဲလျှင်
ဆိုင်ရာ ကိုယ်စားလှယ်တွေ အချင်းချင်းမှာ လူများစု လူနည်းစု
မဖြစ်ဘဲသဘောကွဲလွဲ နေလျှင် တိုင်းပြုပြည်ပြုလွတ်တော်က ဘာဆုံးဖြတ်မလဲဆိုတဲ့
မေးခွန်းကို တောင်တန်း နယ်ဆိုင်ရာ ကိုယ်စားလှယ်တွေကလာတော့ မမေးဘူး။
တိုင်းပြုပြည်ပြုလွှတ်တော် ဥက္ကဌ ကိုလဲမမေးဘူး။ မဆိုင်တဲ့တောင်တန်းဒေသ
ဆိုင်ရာဌာန ညွှန်ကြားရေးဝန်ကနေ၍ စိတ်ပူပုံရတယ်။ ကျွန်တော့်သဘောမှာ
စည်းကမ်းနည်းလမ်းမမှန်ဘူးလို့ ယူဆတယ်။
ကျွန်တော်တို့အခုပြောဆိုခြင်းဟာတောင်းတန်းဆိုင်ရာကိုယ်စားလှယ်များကနေ၍အင်္ဂလိပ်ကို
သွားကပ်တယ်လို့ မဆိုလိုဘူး။ သို့သော်လည်း ဒီတိုင်းပြုပြည်ပြု လွှတ်တော်က
ဆုံးဖြတ်တဲ့နေရာမှာ အင်္ဂလိပ်မှ ငါတို့ကိုးကွယ်ရာရမယ်ဆိုလျှင်
ဒီလိုစိတ်ဓါတ်ရှိတဲ့ လူတွေဟာ နောင်ကိုးကွယ်ရာ ဘယ်နည်းနှင့်မျှ
မရှိနိုင်ဘူးဆိုတာ သတိပေးလိုက်တယ်။
ဖိနှိပ်ဆုံးဖြတ်ခြင်း မပြု
ဒီတိုင်းပြုပြည်ပြု လွှတ်တော်နှင့်ပတ်သက်လို့ ပြောရလျှင် ဘယ်အင်္ဂလိပ်ရဲ့
အကူအညီနဲ့ ဒီတိုင်းပြုပြည်ပြုလွှတ်တော်ကို လာ၍သြဇာပေးဖို့၊ အခွင့်အရေး
ကိုကာကွယ်ဖို့ သဘောမျိုးရှိသင့်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မဟုတ်ဘူး။
တောင်တန်းဒေသဆိုင်ရာ ကိစ္စကို စဉ်းစားတဲ့အခါမှာ ခင်ဗျားတို့နယ်ဆိုင်ရာ
အချင်းချင်းမဲတူနေကြလျှင် ဒီတိုင်းပြုပြည်ပြု လွှတ်တော်ထဲမှာ ဖ-ဆ-ပ-လ
အမတ်များဟာ အများဆုံးဖြတ်တဲံအတိုင်း၊ အများဆုံးအဖွဲ့ခေါင်းဆောင်အဖြစ်နဲ့
တိတိလင်းလင်း သတိပေးလိုတာက ခင်ဗျားတို့ အချင်းချင်း ဘယ်သူဘယ်သူမှ
မဲမသာဘဲနှင့် မဲပြိုင်နေလျှင် ကျွန်တော်တို့ တိုင်းပြုပြည်ပြုလွှတ်တော်က
ဝင်ရောက်အတင်းဖိပြီး မဆုံးဖြတ်ဘူး ဆိုတာသတိပေးလို ပါတယ်။
မပါချင်လျှင် မပါပါနှင့်
ကျွန်တော်တို့ဟာ တောင်တန်းနယ်ဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ စေတနာအင်မတန်
သန့်သန့်ရှင်းရှင်း ထားတယ်။ ကျွန်တော် တင်သွင်းတဲ့ အဆိုပြီးသည့်နောက်
ဆက်လက်၍ ပြည်ထောင်စုဖွဲ့စည်းတဲ့နေရာမှာ ဘယ်နယ်ပါလို့ ဘယ်အချက်
အလက်ဘယ်အခွင့်အရေး အခြေခံတွေဘယ်လိုစုပေါင်းသင့်တယ် ဆိုတဲ့ကိစ္စကို
ဆွေးနွေးတဲ့အခါမှာ ကျွန်တော် တင်သွင်းတဲ့အဆိုကို သဘောမကျလျှင်
တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်တွေက သဘောရှိ၊ ဗမာပြည်နှင့်
မပေါင်းနိုင်လျှင် နေနိုင်တယ်။ ကျွန်တော်တို့ ယနေ့ စိတ်စေတနာ ကို
ရှင်းရှင်းပြတ်ပြတ်သားသား ထားတယ်ဆိုတာကို သိစေလို၍ ဖြစ်တယ်။
အတင်းမလုပ်ပါဘူး
ကျွန်တော့် အဖို့မှာ ကျွန်တော်တို့နှင့်အတူတူပေါင်းပြီး မလုပ်ချင်လျှင်
ကျွန်တော်တို့ကလဲ (ဗမာစကားတော့ မဟုတ်ပါဘူး ကရင်စကားဘဲ) ခင်ဗျားတို့ကို
အတင်းနသားယား နည်းမျိုးစုံ မသုံးပါဘူး။ တောင်တန်းကမိတ်ဆွေများ တိတိလင်းလင်း
နားလည်စေချင် တယ်။ မိတ်ဆွေတစ်ယောက်ပြောသလို ခင်ဗျားက ရှင်းရှင်းပြောမှ
သူတို့ပိုရှုပ်သွားပြီလို့ ဆိုသလို မဖြစ်စေချင်ဘူး။
အချုပ်အချာအာဏာပိုင်
အဲဒီတော့ ပြည်ထောင်စု နိုင်ငံတော်မှာ ဘယ်နယ်တွေပါရမယ် မသိသေးဘူး။
ပါချင်တဲ့ နယ်ပါကြ။ နယ်ကိုသတ်မှတ်မထားဘဲ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်လို့
သာမည ထည့် ထားခြင်းမျှသာဖြစ်တယ်။ အချုပ်အချာအာဏာပိုင်
သမ္မတနိုင်ငံဆိုတဲ့နေရာမှာ လွတ်လပ်တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာရှင်းစရာမလိုဘူး။
အချုပ်အချာ အာဏာအကျုံးဝင်ပြီး သား သဘောတရားရှိတယ်။ နိုင်ငံတော်ဆိုရုံနှင့်
အားမရ မကျေနပ်ဘဲ အချုပ်အချာ အာဏာပိုင်နိုင်ငံမှ ပြည့်စုံလုံလောက်တယ်လို့
သဘောထားကြတယ်။
သမ္မတနိုင်ငံစနစ်
အဲဒီတော့ ကျွန်တော်တို့ နိုင်ငံတော်မှာ သမ္မတစနစ်အားဖြင့် ဖွဲ့စည်းပြီး
ထူထောင်လိုတယ်။ သမ္မတ စနစ်ဆိုတာ ဒီခေတ်အခါမှာသာကျွန်တော်တို့ရဲ့ ဗမာစာမှာ
ပေါ်ပေါက်လာတဲ့စကားဘဲ၊ ဘာလဲဆိုတော့ တစ်နိုင်ငံလုံးအုပ်ချုပ်ရမယ့်
ပုဂ္ဂိုလ်ကို ၄နှစ်၊ ၅နှစ်၊ ၁၀နှစ်၊ အားဖြင့်တကြိမ်ကျရွေးကောက်တင်မြှောက်တဲ့
ထုံးစံ စနစ်၊ ဒီခေတ်ကျမှ ပေါ်ပေါက်လာတဲ့ စနစ်ဖြစ်တယ်။
ပါလီမန်က ချုပ်နေသေးတယ်
ဗမာပြည် တိုင်းပြုပြည်ပြု လွှတ်တ်ာဟာ အဆင့်အတန်းအားဖြင့် အချုပ်အချာ
အဏာပိုင် သည်ဟု ယူဆရသော်လည်း အခွင့်အရေးအားဖြင့် ဆိုလျှင် အာဏာမရှိသေးဘူး။
ဘိလပ်ပါလီမန်က အုပ်ချုပ်နေသဖြင့် ပါလီမန်အချုပ်အချာ
စိုးမိုးအုပ်ချုပ်နေခြင်းမှ ရပ်စဲပြီး ဥပဒေအရ အချုပ်အချာ အာဏာရရှိမယ်။
ဒီလွှတ်တော်ဟာ အာဏာအရှိဆုံး
တိုင်းပြုပြည်ပြု လွှတ်တော်မှာ ပြောဆိုတဲ့စကားတွေဟာ လွတ်လွတ်လပ်လပ်
ပြောဆိုနိုင်တယ်လို့ ယူဆတယ်။ သို့သော် ဥပဒေ အခွင့်အရေးအရ
အာဏာရှိသလားဆိုတော့ မရှိသေးပါ။ ဒီတိုင်းပြုပြည်ပြု လွှတ်တော်မှာ
ဆုံးဖြတ်လိုတဲ့ အဆုံးအဖြတ်များကို အနှောင့်အယှက် မရှိဆုံးဖြတ်နိုင်တယ်။
တိုင်းပြုပြည်ပြု လွှတ်တော်အမတ်များက လွဲရင်မည်သူမျှ မနှောက်ယှက်နိုင်။
ဒီလွှတ်တော်မှာ ကျွန်တော်တို့ရဲ့ ဥက္ကဌဟာ ရှင်ဘုရင်ဘဲ။ သူရဲ့အဆုံးအဖြတ်
အစောင့်အရှောက်အတိုင်းလုပ်နိုင်တယ်။
မိတ်ဆွေသဘောနှင့် နည်းပါ
အကယ်၍ အထက်ကပြောဆိုခဲ့တဲ့ အတိုင်း၊ အာဏာလွှဲပြောင်းမူမှာ အေးအေးဆေးဆေး
မဖြစ်ဘဲ အခက်အခဲများပေါ်ပေါက်လာမည်ဆိုလျှင် ဒိပြင်တနည်းကို စဉ်းစားရမှာဘဲ။
ဥပမာဆိုလျှင် တိုင်းပြုပြည်ပြု လွှတ်တော်ဟာ အချုပ်အချာအာဏာပိုင်
အဖွဲ့ဖြစ်တဲ့အတိုင်း အာဏာကို အတင်းယူတဲံ နည်းရှိတယ်။ သို့သော် ယခုအဆိုမှာ
အတင်းယူတဲ့နည်းကို မတိုက်တွန်းဘဲ ကြည်ကြည်သာသာ မိတ်ဆွေသဘောမျိုးနှင့်
ယူလိုတဲ့ သဘောမျိုးသာဖြစ်တယ်။
အတင်းကြေငြာမယ် ဆိုလျှင်
တစ်ကယ်လို့သာ တိုင်းပြုပြည်ပြုလွှတ်တော်က ဗမာပြည်ဟာ
လွတ်လပ်တဲ့ပြည်ဖြစ်တယ်လို့ အတင်းကြေငြာပြီး ကြားဖြတ်အစိုးရဖွဲ့မည်
ဆိုပြီးအတင်းလုပ်လျှင် အင်္ဂလိပ် အစိုးရနှင့် အကျယ်အကျယ် မငြိမ်းဖွယ်
ဖြစ်မှာတဲ့။ ဒီလို ဖြစ်လျှင် ပြင်ဆင်မှု လုပ်ငန်းများလုပ်ထားဖို့လဲ လိုမယ်။
ဒီတော့ ဒီလိုမလုပ်ဘဲ အေးချမ်းတဲ့ နည်းနှင့်ဘဲ လုပ်လျှင်လဲ ခုကမ္ဘာကြီးမှာ
ဖြစ်ပျက်နေတဲ့ အခြေခံနှင့် အင်္ဂလိပ်များဖြစ်ပျက်နေတဲ့ အခြေနေအရ ဖြစ်မယ်ဆိုလဲ
ယူဆတယ်။ အနှေးအမြန် ဆိုတာက ကျွန်တော်တို့ဖက်ကလဲ အင်အားတောင့်တောင့်
တင်းတင်းနှင့် စည်းစည်းလုံးလုံးရှိဖို့လိုသလို တစ်ဖက်ကလဲ စေတနာရှိဖို့
လိုတယ်။
လက်တွေ့ သဘောမျိုးနှင့်
လုံးဝ လွတ်လပ်ရေးကို ဒီမူထဲမှာ ထည့်ထားတဲ့အတွက် ရှေ့အဖို့
ဘယ်လိုအနှောက်ယှက်မျိုးတွေနဲ့ တွေ့မယ်ဆိုတာ မတွေးရဲလောက်အောင်ပါဘဲ။
သို့သော် အခုအဆိုအတည်ပြုပြီးနောက် အဆိုအတိုင်းလက်တွေ့ဖြစ်မြောက်အောင်
လုပ်ဖို့ရန်မှာ အချုပ်အချာ အဆင့်အတန်းလို စကားသဘောမျိုးနှင့်မဟုတ်ဘဲ၊
ဥပဒေအားဖြင့် လက်တွေ့ ဖြစ်အောင် လုပ်မယ်ဆိုတဲ့ အဓိဌာနှ်ရှိဖို့ လိုတယ်။
ဖြောင့်ဖြောင့်ကြီး သွားဖို့ရာ
ဥပဒေရေးတဲ့ အခါမှာ အာဏာလွှဲပြောင်းတဲ့နေရာမှာ အခက်အခဲဖြစ်ပေါ်အောင်
ဖန်တီးဖို့ ဆိုလျှင် ပြည်မမှာ ကရင်ကိုမြှောက်ပြီး
တောင်တန်းကိုယ်စားလှယ်များကို တစ်ဖက်အသုံးချမှာဘဲ ဆိုတာပွင့်ပွင့်လင်းလင်း
ဖေါ်ပြထားပါတယ်။ သို့သော် အဲဒီအရေးများကို အကုန်လုံး ခြုံစဉ်းစားပြီး
ကျွန်တော်တို့ဟာ ဘယ်သူကမြှောက်မြှောက်၊ ချောက်ချောက်၊ ချော့ချော့
ရည်မှန်းရာလမ်းကို ဖြောင့်ဖြောင့်တန်းတန်းကြီး ရောက်အောင် သွားရန်
ဆုံးဖြတ်ပြီးပါဘဲ။
အမှောင်မှ အလင်းသို့
သို့သော် တောင်တန်းဒေသဆိုင်ရာ ကိုယ်စားလှယ်များအား မိတ်ဆွေ သဘောမျိုးသာမက
သွေးချင်းသားချင်းများ အနေနှင့် ပြောလိုတာက ကျွန်တော်တို့ဟာ
တောင်တန်းဒေသများနှင့် ဆိုင်လို့ လွန်ခဲ့တဲ့4-5 လကတည်းက အခြေအနေကျအောင်
လုပ်ခဲ့ပြီး ကူညီခဲ့ပြီး အမှောင်က အလင်းရောက်အောင်
ဝတ်တရားအတိုင်းကျေပွန်အောင် လုပ်ခဲ့ပြီ။
အယ်သူ့ အောက်မှမနေချင်
အဲဒီအထဲမှာ နယ်တနယ်က အင်္ဂလိပ် လက်အောက်နေချင်တယ်လို့ ကြားရတယ်။
ကျွန်တော်တို့အဖို့မှာ အင်္ဂလိပ်လက်အောက်မှာလဲ မနေချင်၊ ဘယ်သူ့လက်အောက်မှလဲ
မနေချင်။ လွတ်လွတ်လပ်လပ်ဘဲ နေချင်တယ်။ အဲဒီတော့ အလင်းရောင်ထဲက
အမှောင်ထဲသွားချင်တဲ့လူများရှိလျှင် ကျွန်တော်တို့ အဆိုကို အထောက်ခံဘဲ
နေနိုင်ခွင့်ရှိပါတယ်။ ။
Sunday, March 10, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment