Monday, March 4, 2013

ပြန်လည် ထူထောင်ရေး

ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရ အဖွဲ့ ဖွဲ့စည်းပြီးနောက် တဖက်မှ လွတ်လပ်ရေး စကား ကို ပြောပြီး လျှင် တဖက်မှလည်း စစ်ကြောင့် ပြာပုံအတိ ဖြစ်နေသော တိုင်းပြည်အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စီစဉ် နေ၏။ ၁၉၄၇ ခုနှစ်၊ဇွန်လ ၆ ရက်နေ့တွင် စတင်ကျင်းပသည့် “ဆိုရန်တိုဗီလာ” (ယခု ပြည်လမ်း စာပေဗိမာန်) အဆောက်အဦး၌ ကျင်းပသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်း ကွန်ဖရင့်ကို အကဲခပ်လျှင် ဗိုလ်ချုပ်အောင်ဆန်း၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ကို တစွန်းတစ သိသာနိုင်၏

ကြွရောက်လာကြသော လူကြီးမင်းများခင်ဗျား။

လူကြီးမင်းများကို ဤအစည်းအဝေးကြီးသို့ ဖိတ်ခေါ်ရခြင်းမှာ အမျိုးသားရေးတွင် ပဌမတန်း အရေး ကြီးလှသော လုပ်ငန်းတခုကို လုပ်ကိုင်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

အဘယ်ကြောင့် ကျွန်တော်တို့ တတွေ ဆွေးနွေးပွဲကြီး တခု ပြုလုပ်ရန် လိုသလဲဆိုသည့် အကြောင်း ကိုလည်း လူကြီးများတို့ထံ ဖိတ်စာများနှင့် အတူ ပို့လိုက်သည့် စာတမ်းမှာ အကျဉ်းချုပ် ဖော်ပြ ထားပြီး ဖြစ်ပါတယ်။ လူကြိးမင်းတို့ ၊ ကျွန်တော်တို့ တတွေဟာ တိုင်းပြည်အတွက် ကျွန်တော်တို့ရဲ့ ကိုယ်တွေ့ ဗဟုသုတတွေ၊အရည်အချင်းတွေ၊ အလုပ်လုပ်ဖို့ အသင့်ရှိတဲ့ ဇောစေတနာတွေကို စုပေါင်း ကြဖို့ များစွာပင် အရေးကြီးပါသည်။ တမျိုးသားလုံးကို ပြန်လည်ထူထောင်ရေး အလုပ်အတွက် လုပ်ငန်းစဉ် ရေးဆွဲသည့်နေရာမှာ လူကြီးမင်းတို့ ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်ရခြင်းမှာလည်း လူကြီးမင်းတို့၏ ဥာဏ်ပညာ၊ လူကြီးမင်းတို့၏ အတွေ့အကြုံ ဗဟုသုတ အမျိုးမျိုးတွေမှ အကျိုးရှိရာ ရှိကြောင်းများကို ရရှိဖို့ရန် ရည်မှန်းပြီး ဖိတ်ခေါ်ရခြင်း ဖြစ်ပါသည်။

ကျွန်တော်စာတွင် ပါရှိသည့်အတိုင်း အဆိုပါ လုပ်ငန်းစဉ်သည် မည်သို့သော လုပ်ငန်းစဉ်မျိုး ဖြစ်ရ မလဲဆိုလျှင် ချက်ချင်းလုပ်လို့ဖြစ်မည့် လုပ်ငန်းစဉ်မျိုး ၊လကတေလော အကျိုးပေးနိုင်မည့် လုပ်ငန်းစဉ်မျိုး ဖြစ်ရပါလိမ့်မယ်။ယခုအချိန် ကျွန်တော်တို့ အချိန်ကြာမှ အကျိုးရှိမည့် ပြန်လည် ထူထောင်ရေး စီမံကိန်းတွေနှင့် များစွာ မပတ်သက်သေးပါဘူး။ ကျွန်တော်တို့ ဘာကို လိုချင်သလဲလို့ဆိုလျှင် နှစ်ရှည်လများ ဆိုင်းမနေရဘဲ အကျိုးခံစားရမည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် တရပ်ကို ဖန်တီးရေးဆွဲဖို့ လိုပါသည်။ ဤကဲ့သို့သော လုပ်ငန်းစဉ်မျိုးကို အထူး လိုအပ်သည်ဆိုသည့် အကြောင်းကို ကိုယ့်ပတ်ဝန်းကျင်ကို လည့်ကြည့်လျှင် သိပါလိမ့်မယ်။ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း တွေ့ကြုံခံစားနေရသည့် များစွာလှသော အချက်များမှာ ပတ်ပတ်လည် ၀ိုင်းနေသည့် ပြဿနာ အမျိုးမျိုးနှင့် ပတ်သက်ပြီး အားလျော့စိတ် ပေါက်နေဆဲပင် ဖြစ်ပါတယ်။ ဤကဲ့သို့ ဖြစ်နေရသည်မှာ တိုင်းသူပြည်သားများသည် မိမိတို့ ကြီးပွားရေး စီးပွားရေး တိုးတက်ရေး လမ်းစကို တီထွင်ဖို့ ပျင်းနေကြလို့၊စိတ်မပါကြလို့ မဟုတ်ပါဘူး။ ဤကဲ့သို့ ဖြစ်ရနေခြင်းမှာ တိုင်းပြည်ကို ပြန်လည် ထူထောင် ဖို့ ရာထားချက်များကို ရှေ့ဆောင်ပြီးလုပ်ဖို့ရန်မှာ အစိုးရ၏ တာဝန်ဖြစ်သည်ဟု လူတိုင်းလိုလို သဘောပိုက်တက်ကြသည် အတွက် ဖြစ်ပါတယ်။ ဤကိစ္စ အတွက် ရာထားချက် ဖန်တီးဖို့က လူကြီးမင်းများ၏ တာဝန်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ အမျိုးသား၊ကျွန်တော်တို့ တိုင်းပြည်အတွက် ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းဖို့ အလုပ်တွေကို ခင်ဗျားတို့ တပ်နိုင်သလောက် အစွမ်းကုန် အကောင်းဆုံး ဖြစ်နိုင်အောင်လုပ်ဖို့ အခွင့်အရေးတွေ လူကြီးမင်းများလက်တွင်းမှာ များစွာ ရောက်ရှိနေတယ်ဆိုတာကို သိကြပါလိမ့်မယ်။

ဤကဲ့သို့သော စီမံကိန်းတခုကို ရေးဆွဲရန်မှာ လွယ်ကူသော အလုပ်မဟုတ်ကြာင်း သိရှိပါတယ်။ အချို့ကလည်း ဤကဲ့သို့သော စီမံကိန်းများ ရေးဆွဲရန် ပညာဗဟုသုတ အထူးလိုလိမ့်မယ်လို့ ထင်မြင်ယူဆကြပါလိမ့်မယ်။ ဤထင်မြင်ချက်ကို ကျွန်တော် သဘော တူတန်သလောက်တူပါတယ်။ လူကြီးမင်းတို့ အထဲ၌ မိမိထက်သန်ရာဖက်တွင် တက်ကျွမ်းနားလည်သည့် ပုဂ္ဂိုလ်များ ရှိပါသည်။ ထိုပုဂ္ဂိုလ်များ၏ အကူအညီသည် အလွန်ပင် အဖိုးတန်ပါလိမ့်မည်။ သို့သော် အလုပ်ကို ရာထားသည့် စည်းမျဉ်းအတိုင်း လုပ်ရန် လိုပါလိမ်ပမည်။ ဘေးပန်း အလုပ်ကို လျှောက်လုပ်နေမိကြလျှင် ကျွန်တော်တို့ ကြံရွယ်ချက်များ တန်ခိုး အာနိသင် ပျောက်ပြယ်၍ ကောင်းစွာ အထမမြောက် ဖြစ်နေပါလိမ့်မည်။

ထို့ကြောင့် ဆွေးနွေးပွဲကို မည်ကဲ့သို့ စတင်ပြုလုပ်ဆောင်ရွက်သွားသင့်သည့် အကြောင်းများကို ကျွန်တော်ထင်မြင်ချက်အရ အမြွက်စကားပြောပြလိုပါသည်။ ပဌမအချက်မှာ ကျွန်တော်တို့သည် တိုင်းပြည်အတွက် လုပ်ငန်းတခုကို ပြုလုပ်မည်ဟု အဓိဌာန်ပြုခဲ့လျှင် ကျွန်တော်တို့၌ လက္ခဏာအချို့ ပြည့်စုံရန် လိုပါသည်။ လက်ငင်း ချက်ချင်း အမျိုးသား ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် အစစပြည့်စုံ အကျုံးဝင်သော လုပ်ငန်းစဉ်တရပ် ဖြစ်မြောက်အောင် ရေးဆွဲမည်ဟု သန္ဒိဌာန်ချရန်လိုပါသည်။ ထို့ကြောင့် လုပ်ငန်းမပြီးမချင်း စွဲမြဲစွာ ဆက်လက် လုပ်ကိုင်သွားရပါမည်။ ကျွန်တော်တို့ အဖို့ အားလပ်ချိန်၊နားချိန်နှု့် အလုပ်ပိတ်ရက်များ ရှိချင်မှ ရှိလိမ့်မယ်။ ရှေ့လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း၌ ကျွန်တော်တို့မှာ အားလပ်ချိန် မရလောက်အောင် အလုပ်များ မည်ဖြစ်၍ လူကြီးမင်းတို့သည် တိုင်းပြည်၏အကျိုးအတွက် ဖြစ်သည့်အတိုင် အလုပ်မပြီးမချင်း အားလပ်ချိန်ယူသည့်အရေးကို ရက်ရွှေ့ဆိုင်း၍ နေင်အလုပ်ပြီးမှ အားလပ်ချိန်ယူရန် ကျွန်တော်က တိုင်တွန်းလိုပါသည်။

ကျွန်တော်တို့ ရည်ရွယ်ထားသော ချက်ချင်းလက်ငင်း အမျိုးသား ပြည်လည် ထူထောင်ရေး လုပ်ငန်း တခုတည်းကိုသာ ကျွန်တော်တို့ အားလုံး အားကြိုးမာန်တက် ပြုလုပ်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ဒုတိယ အချက်မှာ အမျိုးသား ပြန်လည်ထူထောင်ရေး လုပ်ငန်းပြုလုပ်သည်ဆိုရာ၌ ကျွန်တော်တို့သည် လုပ်ငန်းနှင့်ပတ်သက်၍ စိတ်ဒွိဟမရှိစေဘဲ လုပ်ငန်း၏ လိုရင်းအချက်ကား အမျိုးသားစီးပွားရေးကို အမြန်ဆုံးနည်းနှင့် နဂိုအခြေသို့ ပြန်လည်ရောက်ရှိအောင် ထူထောင်ရမည် ဆိုသည်ကို သိရှိနားလည်ရပါမည်။

ဤသို့ နဂိုအခြေသို့ ရောက်အောင် ပြန်လည်ထူထောင်ရေးသည် အထူးအရေးကြီးလှသည့် ကိစ္စ ဖြစ်ကြောင်းကို ကျွန်တော်တို့ အထူးသဘောပိုက်ကြရန် လိုပါသည်။ ရှေ့လျှောက်၍ ဖင့်နွှဲကြန့်ကြာ နေ၍ မဖြစ်သော ကိစ္စ ဖြစ်ပါသည်။ ထို့ကြောင့် လူကြီးမင်းတို့ ရွက်ဆောင်ရအံ့သော ကိစ္စသည် တိုင်းပြည်၏ သေရေးရှင်ရေး ဖြစ်နေသည်ကို သိရှိပါလိမ့်မည်။ တတိယ အချက်မှာ လူကြီးမင်းတို့ ရေးဆွဲ ပြုလုပ်မည့် အစီအစဉ်သည် လွန်မင်းစွာ ကျပ်တည်းခြင်း သော်၎င်း၊လှေနံဓါးထစ်သော်၎င်း မဖြစ်စေရ၊ ဖြစ်ပေါ်လာသော အကြောင်းအရာ အားလျှော်စွာ ပြုပြင်ပြောင်းလဲ၍ ရနိုင်သော အစီအစဉ် ဖြစ်ရပါမည်။ လှေနံဓါးထစ် အစီအစဉ်မျိုးမှာ များသောအားဖြင့် ကောင်းသော အစီအစဥ်မဟုတ်။ တိုင်းပြည်၏ ပေါ်ပေါက်ဆဲ ပေါ်ပေါက်လတ္တံ့သော အကြောင်းအရာ အမျိုးမျိုးနှင့် သင့်လျော် ပြေပြစ် ရေးဆွဲသော အစီအစဉ်မျိုးသာလျှင် ကျေနပ်လောက်သော အစီအစဉ် ဖြစ်ပါသည်။ ၎င်းပြင် လူကြီးမင်းတို့ ရှေ့မှောက်သို့ ရောက်လတ္တံ့သော ပြဿနာ အရပ်ရပ်တို့ကို ကျွမ်းကျင်သူ အနေမျိုး မဟုတ်ဘဲ သာမာန်လူစား အနေမျိုးဖြင့် စစ်ဆေး ဆေးကြောစေလိုပါသည်။ ကျွမ်းကျင်သူ၏ ထင်မြင်ချက်ဆိုလျှင် လူအများမှာ မလွန်ဆန်ဝံ့ ဖြစ်နေတက်ကြပါသည်။ လုပ်ငန်းအမျိုးမျိုး ဆိုင်ရာဘက်က ကျွမ်းကျင်သူများစွာကို ကျွန်တော်တွေ့ဖူးပါတယ်။ ထိုပုဂ္ဂိုလ်များဟာ များစွာဘဲ အသုံးကျပါတယ်။ တိုင်ပင်လည်း တိုင်ပင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ သို့သော်လည်း လူကြီးမင်းတို့ကို သတိပေးလိုသည်မှာ ထိုပုဂ္ဂိုလ်တွေရဲ့ ထင်မြင်ယူဆချက်ဟာ အမှား မရှိနိုင်ဘူးဟု မထင်ကြစေရန် ဖြစ်ပါသည်။ လူထုကို စကားပြောတိုင်း ပြောတိုင်း ကျွန်တော် ဤကဲ့သို့ သတိပေးဘူးတယ်။ ယခုလည်း ထပ်မံ သတိပေးရန်လိုပါတယ်။ ထိုပုဂ္ဂိုလ်များဟာလဲ သာမာန် လူပုဂ္ဂိုလ်တွေပါဘဲ။ ထို့ကြောင့် သူတို့ ထင်မြင် ယူဆချက် တွေဟာ အမှား ဖြစ်ချင်ဖြင်မှာဘဲ။ အမှန်ကတော့ အဆိုးအကောင်း ဝေခွဲတကသော သာမာန်လူစားတို့၏ အတွေ့အကြုံ၊အကြံအဥာဏ်၊ ဗဟုသုတများလဲ ကျွန်တော်တို့ လုပ်ရမည့် အမှုကိစ္စတွေ အတွက် အရေးကြီးပါတယ်။

နောက်တရပ် ကျွန်တော်တို့ သတိထားရမည့် အချက်မှာ ကျွန်တော်တို့ဟာ အကြောင်းတခုကို စာရင်းအင်းနှင့် အမြင်အားဖြင့် အခိုင်အမာသဘော သကရောက်အောင် ပြောလာပြီးဆိုယင် ယုံလွယ်တက်ကြသည့် အန္တရာယ်ဖြစ်ပါသည်။ စာရင်းအင်းများကို ကျွန်တော်များစွာ လေ့လာခဲ့ဘူးသည့် ကိုယ်တွေ့ ဗဟုသုတအရ ပြောရမည်ဆိုလျှင် ၎င်းတို့ကို ကြည့်၍ များစွာ နားလည် အကူအညီရသော်လည်း ပဌမထင်မြင် စိတ်ကူးထားချက်တွေ အခိုင်အမာဖြစ်အောင် စုဆောင်းပြုလုပ်ထားသည့် စာရင်းအင်းမျိုး တွေ့ကြုံနေရမည့် အချက်ကို သတိပြုထားကြဖို့ လိုပါသည်။ လီနင်ရဲ့ အထ္တုပ္ပတ္တိကို ဖတ်ဖူးသူများ သိပါလိမ့်မည်။ လီနင်သည် စာရင်းအင်းကို ကောင်းစွာ ကျွမ်းကျင်တဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။ သို့သော် လီနင်သည် အသက်ရှင်စဉ်က ပြောဘူးသည်မှာ သူသည် စာရင်းအင်း ဂဏန်းသင်္ချာတွေ ပါရှိတဲ့ စာအုပ်များမှ တပါး အခြားစာအုပ်များကို ဖတ်လေ့ဖတ်ထ မရှိဟု ပြောပါသည်။ သို့သော် လီနင်သည် စာရင်းအင်း အထောက်အထားရှိတိုင်း အမှန်ဟူ၍ အရမ်းကာရော လက်မခံဖို့ မပြတ် သတိပေးစကား ပြောကြားခဲ့ပါသည်။ အထက်က ကျွန်တော်ပြောခဲ့သည့်အတိုင်း စာရင်းအင်း အထောက်အထားနှင့် ပြောဆိုခြင်းဟာ အကျိုးရှိသည့် အလေ့အထမျိုး ဖြစ်သောလည်း ထိုစာရင်းအင်း အထောက်အထားပြုလုပ်ထားသည့် ရည်ရွယ်ချက် သဘောလက္ခဏာများကို စောကြောစစ်ဆေးဖို့ရန် အလွန်အရေးကြီးပါတယ်။ သို့သော်လည်း အရေးကြီးဆုံးကတော့ ကျွန်တော်တို့သည် ၎င်းတို့ကို အထောက်အထားပြု၍ လမ်းမှန်အတိုင်း ထင်မြင်ယူဆ နိုင်ဖို့ အရေးကြီးပါတယ်။

နောက်တချက် ပြောလိုသည်မှာ ရှေးဦးလုပ်သင့်သည့်လုပ်ငန်းကို ရှေးဦး လုပ်ကိုင်သွားသော နည်းစံနစ်ကို လိုက်နာရန် အကြောင်းပင် ဖြစ်ပါသည်။ ကိစ္စ အမြောက်အများကို တကြိမ်တည်း စဉ်းစား ဆွေးနွေးသည့် အလုပ်ကို မပြုမလုပ်ရန် သတိထားရပေလိမ့်မည်။ အရေးမကြီးလှသော ကိစ္စများကို အရေးကြီးသော ကိစ္စများအလျှင် တင်ကူး၍ ဆောင်ရွက်ခြင်း မပြုအပ်ပါ။ မိမိကိုယ်တိုင်း တင်ကူးနှစ်ခြိုက်လျှက်ရှိနေသော အကြောင်းခြင်းရာများကို ပဌမဦးစွာ အရေးယူလိုသော စိတ်ဆန္ဒများ ပေါ်ပေါက်လာတက်ပါသည်။ သို့ရာတွင် ဤသို့ မဖြစ်စေရန် သတိမူရန် လိုပါသည်။ မည်သည့်ကိစ္စသည် ပဌမဦးဆုံး ဆောင်ရွက်အပ်သည့် ကိစ္စဖြစ်သည်ကို သဘောတူညီချက် ရယူပြီး လျှင် ထိုကိစ္စများကို ဆောင်ရွက်သွားရပေလိမ့်မည်။

အရိုးအစဉ် လုပ်နည်း ကိုင်နည်း ၊အရိုးအစဉ် ယူနည်း ဆနည်းတို့ကို လိုက်နာလိုသော စိတ်များကို လည်း ပယ်ဖျောက် ပစ်ကြစေလိုပါတယ်။ တနေရာရာတွင် သုံးရန် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း စည်းကမ်းချက်မျိုးမှာ လုံးဝ ခေတ်နောက်ကျနေသေးသော လုပ်ရိုးလုပ်နည်း ဖြစ်နေတက်ပါသည်။ လုပ်ရိုးလုပ်စဉ် သတ်မှတ်ရခြင်းမှာ အလုပ်ကို လျှင်မြန် တွင်ကျယ်စေရန် ဖြစ်ပါသည်။ သို့ဖြစ်ငြားသော်လည်း လုပ်ထုံးလုပ်နည်းသည် အကျိုးကျေးဇူး မဖြစ်ရုံမက အလုပ်မတွင်ကျယ်ဘဲ အလုပ်ကို လေးလံနှောင့်နှေးစေမည် ဖြစ်လျှသ် ထိုထုံးနည်ကို ဖျက်ပယ်ပစ်ရန်သာ သင့်တော်ပါတယ်။ အချို့သော အစိုးရဌာနများ၊ရုံးများနှင့် ပတ်သတ်၍လည်း ဤနည်းပင် ပြောရပေလိမ့်မည်။အချို့အချို့သော အစိုးရဌာနတို့မှာ ရှေးအခါက အသုံးဝင်ခဲ့သည် ဖြစ်သော်လည်း ယခုအခါတွင် အသုံးဝင်ချင်မှ ၀င်ပေတော့မည်. ၎င်းဌာနများသည် တိုင်းပြည် အုပ်ချုပ်ရာတွင် ဖင်နှေးစေမည် ဖြစ်ပါက၊ ၎င်းတို့ကို လုံးဝ ဖျက်သိမ်းရန်အတွက် အကြံပေးပါက ထိုသို့ အကြံပေးချက်မှာ သင့်မြက်သည်ဟု ဆိုရပေမည်။ အစိုးရဌာန၊အစိုးရရရုံးရှိနေသည်ဟူသော အကြောင်းမျှဖြင့် ထိုဌာနများမှ ထင်မြင်ချက်များ ၊ စီမံကိန်းများကိ လက်ခံရန် မလိုပေ။ စိတ်ကူရာတွင် အတူတူ ၊ လုပ်ဆောင်ရာတွင် အတူတူ ၊ပြောဆိုရာတွင် အတူတူဆိုသော အလေ့အထမျိုးကို ဂရုဓမ္မစိုက်ထုတ်၍ ရှောင်ရှားရမည်။ ဆွေးနွေးကြံဆကြရာ၌ တမျိုးတည်း တနည်းတည်း ကြံဆလုပ်ကိုင်းနေမည်ဆိုရင် အဟောသိကံ မဖြစ်သင့်ဘဲ ဖြစ်ရခြင်းများ ပေါ်ပေါက်လာမည်ကို တွေရတက်ပါသည်။

ယခု လုပ်ဆောင်ရမည့် လုပ်ငန်းနှင့် စပ်လျဉ်း၍ ပြောကြားလိုသော အခြား အကြောင်းတရပ်မှာ တကြိမ်လျှင် ကိစ္စတခုကိုသာ ဆောင်ရွက်၍ ထိုသို့ ဆောင်ရွက်ရာ၌လည်း မကြောက်မရွှံ့ ရဲဝံ့စွာဖြင့် လုပ်ကိုင်ကြရန် တိုက်တွန်းလိုပါသည်။ ပြန်လည် ထူထောင်ရေး လုပ်ငန်းကို ရေးဆွဲရာ၌ အရှုပ်အထွေးမရှိ လုပ်ကိုင်၍ ဖြစ်နိုင်သော စီမံချက်တို့ကို ပြုလုပ်ရန် လိုပါသည်။ သို့ရာတွင် တကယ်ဖြစ်ထွန်းမည်ကို ရှေးရှုမြော်မြင်နိုင်သော စိတ်ကူးဥာဏ် ရှိရပေလိမ့်မည်။ အရေးကြီးသော ကိစ္စများတွင် တက်စွမ်းနိုင်သမျှ တခုပြီးမှတခု လုပ်ရပေလိမ့်မည်။ တပြိုင်နက် အကြံအစည် များလွန်းက ဘေးဥပဒ်အန္တာရာယ် ဆိုက်ရာက်တက်ပါတယ်။ မိမိတို့တိုင်းပြည်အတွင်း အစွမ်းကုန် ဆောင်ရွက်လိုသော စိတ်ဆန္ဒထက်သန်ခြင်းကြောင့် စီမံချက်များပြုလုပ်ရာတွင် လိုဘကြီးလွန်းသော စီမံကိန်းများ မပြုလုပ်မိရန်အတွက် ဂရုပြုရပေလိမ့်မည်။ အစီမံကောင်းသူမှန်လျှင် တစခန်းပြီးမှ တစခန်းသို့ တက်လှမ်းကြမြဲ ဖြစ်သည်။ ဆိုလိုသော အချက်မှာ တကြိမ်တခါတည်းတွင် တလှမ်း တည်းသာ လှမ်းရမည်ဟူ၍ မဟုတ်ပါ။ လိုအပ်၍ ဖြစ်နိုင်လျှင် တကြိမ်တည်း တလှမ်းမက နှစ်လှမ်း၊ သုံးလှမ်း၊ တက်လှမ်းရန် အသင့်ရှိရမည့်အပြင် သို့ပြုလုပ်ရန် အရည်အချင်းလည်း ရှိရပေလိမ့်မည်။

လူကြီးများ မည်သို့ ဆောင်ရွက်သင့်သည် ဆိုသည့် အချက်များနှင့် ပတ်သတ်၍ ကျွန်တော်အကြံပေး စကား ဤမျှဘဲ ပြေားကြားလိုပါတယ်။ ထို့နောက် တိုင်းပြည်အတွင်းမှာ ယခုမည်ကဲ့သို့ ဖြစ်ပျက် နေသည်၊ ထိုအဖြစ်အပျက် အကြောင်းကိစ္စများကို မည်သို့ ပြုပြင်ပေးသင့်သည် ဆိုသည်များကို အနည်းငယ် ပြောကြားလိုပါသည်။ ကျွန်တော်စာတမ်းမှာလည်း ဤကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော် ဖော်ပြပြီး ဖြစ်သည်ကိုလည်း လူကြီးမင်းများ တွေ့ရှိပါလိမ့်မည်။ ဤကိစ္စမှာ အလွန်ရှုပ်ထွေး ခက်ခဲသည် ဖြစ်သောကြောင့် ပေါ်ပေါက်သည့် ပြဿနာများကို သေသေချာချာ ဝေဖန်ရှင်းလင်း ကြည့်ရှုပြီး၊ထိုပြဿနာများကို ဖြေရှင်းရေးအတွက် မည်သို့သော နည်းများဖြင့် ပြုပြင်အပ်သည်ကို သေသေချာချုာ ဝေဖန်သတ်မှတ်ပေးရန် လိုပါလိမ့်မည်။။ စစ်ကြ်ီးကြောင်း တိုက်းပြည် စီးပွားရေး မည်မျှ ပျက်စီးသွားသည်ဆိုသည်ကို ကျွန်တော်က အထူးပြောပြနေရန်မလိုပါ။ ကျွန်တော်တို့ ဘာကို ဘဲလုပ်လုပ်၊ စီးပွားရေး ပျက်စီးနေသည့် တစ္ဆေသဘက်ကြီးနှင့် မျက်နှာချင်းဆိုင်တွေ့၍သာ နေရ ပါသည်။ ကျွန်တော်တို့ ဗမာတပြည်လုံး အပျက်အစီးလွတ်သည့် နေရာဟူ၍ မရှိပါဘူး။ ဗမာပြည်သည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများထက် ပိုမိုပျက်စီးဆုံးရှုံးခြင်း ခံရသည်မှာ ယုံမှားစရာ မရှိပါ။ ကျွန်တော်က လူကြီးများစိတ်ပျက်ဖွယ်ဖြစ်အောင် ဤစကားကို ပြော၇ခြင်း မဟုတ်ပါဘူး။ လူကြီးမင်းများ ဆောင်ရွက်ရမည့် ကိစ္စများသည် များစွာပင် ခဲခဲယဉ်းယဉ်း ဆောင်ရွက်ရမည့် ကိစ္စ ကြီး ဖြစ်သည်။ ကိုယ့်တိုင်းပြည် အကျိုးကို ကိုယ်ဆောင်ရွက်ရန် ရှေးက ကျွန်တော်တို့ အမျိုးသားများ မရခဲ့ဘူးသော အခွင့်အရေးမျိုးကို လူကြီးမင်းများ ရရှိကြသည်ဆိုသည့် အချက်များ ကို လူကြီးမင်းများ သေသေချာချာ သိရှိကြဖို့ ကျွန်တော် ပြောရခြင်း ဖြစ်ပါသည်။

ထိုကြောင့် ပဌမဦးဆုံး လိုအပ်သည့် အချက်က စီးပွားရေးဖက်မှ အခြေခံ ကောင်းကောင်းနှင့် ပြည်လည်ထူထောင်ရေး အတွက် လုပ်ငန်းစဉ် ရေးဆွဲထားဖို့ ဖြစ်ပါသည်။ အချို့က စီးပွားရေး အခြေ ခံ ကောင်းကောင်း ပြန်လည် ထူထောင်ရန်သလို နိုင်ငံရေးဖက်ကလည်း အခြေခံကောင်းကောင်းနှင့် ပြန်လည် ထူထောင်ရန် လိုသည်ဟု ဆိုကောင်းဆိုကြပါလိမ့်မည်။စီးပွားရေးနှင့် နိုင်ငံရေး ဆိုသည်မှာ အချင်းချင်း အညမညဆက်သွယ်နေသည့်အတွက် တခုနှင့် တခု သီးခြားစီ ခွဲခြားထား၍ မရနိုင်ပါဘူး။ ယခု အစည်းအဝေးမှာ နိုင်ငံရေးနှင့် ပတ်သက်ပြီး ကျွန်တော်ပြောဖို့ မကြံရွယ်ပါဘူး။ သို့သော် လူကြီးမင်းများ ရွက်ဆောင်ရမည့် ကိစ္စတာဝန်နှင့် တမျိုးတမည် သက်ဆိုင်နေသည့် အချက်တချက် ကိုတော့ ပြောပြလိုပါသည်။

ထိုအချက်မှာ ယခုလို အခြေအနေမှာ (Imperialism) နိုင်ငံချဲ့ဝါဒကို တိုက်ခိုက်တွန်းလှန်တဲ့ အလုပ်ကိုလုပ်ယင် ကျွန်တော်တို့မှာရှိတဲ့ အချိန်နှင့် အင်အားကို အလဟဿ ဖြုန်းတီးပစ်ရာ ရောက်လိမ့်မည်ဆိုသည့် အချက်ပါဘဲ။ ရှေးကဆိုလျှင် တိုက်းပြည်မှာ တစုံတရာ မကောင်းမဖြစ်လျှင် နိုင်ငံချဲ့စံနစ်ကြောင့် ဖြစ်သည်ဟု ၀ိုင်းပြီး အပစ်တင်လေ့ ပြုခဲ့ကြပါသည်။ ကျွန်တော့်အတွက်ဆိုလျှင် ထိုကဲ့သို့ နိုင်ငံချဲ့စံနစ်ကို အပြစ်တင်ခြင်းသည် မှန်သည့်အခါက မှန်ပါသည်။ အခြားတတိုင်း တနိုင်ငံ က နိုင်ငံချဲ့စံနစ်နှင့် လွှမ်းမိုးခြင်းခံရလျှင် မည်သည့်နိုင်ငံမျိုးမှ အဟုတ်တကယ် မကြီးပွားနိုင်ပါဘူး။ မည်သည့်လူမျိုးမှလည်း ကိုယ့်ဒူးကိုယ်ချွန်ဘ၀မျိုးကို မရနိုင်ပါဘူး။ သို့သော် ဤဗမာနိုင်ငံမှာဆိုလျှင် ခေတ်ကြီးပြောင်းလာခဲ့ပါပြီ။ ကျွန်တော်တို့ အမျိုးသားလက်သို့ အာဏာပြန်၍ရောက်ရမည်မှာ ဧကန်ဖြစ်နေပါသည်။ အိန္ဒိယပြည်မှာ ယခုဖြစ်ပျက်နေသည့် အကြောင်းအရာများကိုကြည့်လျှင် ဗြိတိသျှ အစိုးရက အိန္ဒိယပြည်နှင့် မြန်မာပြည်တွင် အိန္ဒိယတိုင်းသားနှင့် မြန်မာလူမျိုးများလက်သို့ အာဏာ ကို လွှဲပြောင်းပေးအပ်ရတော့မည်မှာ မကြာတော့ဘူးဆိုသည်ကို ကျွန်တော် သဘောရသလို လူကြီးမင်းများလည်း သဘောရကြပါလိမ့်မည်။ ဤအစည်းအဝေးမှာ ဤကိစ္စကို ကျွန်တော်က အကျယ်ချဲ့ပြီး ပြောရမယ် အခါ မဟုတ်ပါဘူး။ ရာဇ၀င် အစဉ်အလာကိုလည်း ကျွန်တော် သိတန် သရွေ့ သိပါတယ်။ လက်တွေ့နိုင်ငံရေးကိုလည်း လုပ်ခဲ့ဖူးပါတယ်။ တရပ်တကျေးမှဖြစ်သော နိုင်ငံချဲ့ စံနစ်သည် ဖြူးဖြူးဖြောင့်ဖြောင့် သာသာယာယာနှင့် အာဏာကို လက်လွှတ်မည်၊ မလွှတ်မည် ဆိုသည်ကို ကျွန်တော်က ဤနေရာတွင် ပြောနေရန် မလိုပါ။ ထိုကဲ့သို့ သာသာယာယာဖြင့် လက်လွှတ်မည် မလွှတ်ဘူးဆိုသည်ကို နောက်မှပင် သိရမည့်အရာဖြစ်ကောင်း ဖြစ်လိမ့်မည်။ ယခု ကျွန်တော်ပြောလိုသည်မှာကား ကျွန်တော်သည် လှေနံဓါးထစ်ဝါဒမျိုးရှိသူ မဟုတ်ကြောင်း ဖြစ်ပါသည်။

ဤအကြောင်းနှင့် ပတ်သက်၍ ပြောရာ၌ ကျွန်တော်ဆိုလိုချင်မှာ စစ်ကြီး မဖြစ်မှီက နိုင်ငံနယ်ချဲ့ ၀ါဒသည် တွန်းလှန်တိုက်ဖျက်ရမည့် အရာမည်မျှမှန်သော်လည်း ယခုမူကား အသစ်ပေါ်ပေါက်သော အကြောင်းခြင်းရာများကို ထောက်ချင့်၍ အခြေအနေကို ဝေဖန်ရပါလိမ့်မည်။ ယခုခေတ်၌ တကယ့် အချုပ်အချာ အာဏာသည် တိုင်းသူပြည်သား လူအများတို့လက်တွင် တည်ရှိသည်ဆိုသည့် အချက်ကို နေရာတကာတွင် ယူဆထားကြပြီး ဖြစ်ပါသည်။ ယခု ကျွတ်တော်တို့ ကြုံတွေ့နေရတဲ့ လက်ငင်းပြဿနာများနှင့် ပတ်သက်၍ ကျွန်တော်တို့ နိုင်ငံမှာ ပေါ်ပေါက်နေသည့် ပြဿနာများကို ထောက်ရှု၍ ဆိုရလျှင် ကျွန်တော်တို့ ချက်ချင်းလက်ငင်း ဖြေရှင်းရေး ရှာကြံရမည့် ကိစ္စကြီး ရှစ်ရပ်ရှိသည်ဟု ဆိုနိုင်သည်။

ထိုကိစ္စများမှာ -
၁။ နေထိုင်ရေး စရိတ်လျှော့ပေါ့ရန်၊ တိုင်းသူပြည်သားများ၏ နေထိုင်ရေးစရိတ်ကို နဂိုအခြေသို့ ပြန်ရောက်အောင် ပြုပြင်ရေးရန်။
၂။ အလုပ်လက်မဲ့များ လျော့သွားအောင် တက်နိုင်လျှင် အလုပ်လက်မဲ့ လုံးဝ ပပျောက်သွား အောင် ပြုပြင်ပေ့းရန်။
၃။ လမ်းပန်း အဆက်အသွယ်များကို ပြန်လည် ထူထောင်၍ တိုးချဲ့ပေးရန်။
၎။ အိုးခြေအိမ်ခြေ ထူထောင်နိုင်အောင် စီစဉ်ပေးရန်။
၅။ ပညာပေး ပြန်လည်ထူထောင်ရန်။
၆။ ပြည်သူ လူအများ ကျန်းမာရေးအတွက် စီစဉ်ပေးရန်။
၇။ နိုင်ငံ အုပ်ချုပ်ရေးကို စေတနာကောင်းသွာနှင့် သန့်ရှင်းကျေပြွန်စွာ ထမ်းရွက်ခြင်းရှိအောင် ပြုပြင်ပေးရန်။
၈။ နိုင်ငံ ငြိမ်းချမ်းသာယာလာအောင် ရွက်ဆောင်ပေးရန်။

အထက်ပါ ပြဿနာကြီးများကို ချက်ချင်းလက်ငင်း ရှင်းလင်းရေးတွက် ကျွန်တော်တို့ လက်ဦးပဌမ အားသွန်ကြိုးပမ်း ရွက်ဆောင်ကြရန် အဓိက ဖြစ်သည်ဟု ထင်မြင်ပါသည်။

ဤကဲ့သို့ ကျွန်တော်တို့ ရွက်ဆောင်စရာရှိသည့်အချက်များ ထမြောက်အောင်မြင်စေရန် ကျွန်တော် တို့ ဘယ်အချက်အလက်များကို ဆောင်ရွက်သင့်သည် ဆိုသည်ကို ယခု စဉ်းစားကြဖို့ လိုပ်ါတယ်။ နေထိုင်ရေး စရိတ်စက လျော့ကျဖို့ ကိစ္စနှင့် ပတ်သက်၍ဆိုလျှင် ယခုကဲ့သို့ စရိတ်ကြီးမြင့်နေ ရသည့် အကြောင်းရင်း ပဌမ အချက်မှာ အရေးမကြီး၊ မရှိလည်းဖြစ်နိုင်သော ကုန်စည်များကို ဈေးကြီးကြီး ပေး၍ ၀ယ်နေရခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ထိုကဲ့သို့ အရေးမကြီးလှသော ကုန်စည်အများ ကို နိုင်ငံခြားမှ အတင်အသွင်းလျှော့ရန်၊ သို့မဟုတ် လုံးဝရပ်စဲပစ်ရန် လိုပါသည်။ နိုင်ငံခြားမှ အဆိုပါကုန်စည် ပစ္စည်းတွေကို ၀ယ်နေရသည်မှာ နိုင်ငံ၏ ငွေကြေးဘဏ္ဍာ မကုန်သင့်ဘဲ အလဟဿ ကုန်နေရပါသည်။ ဤကဲ့သို့ စီးပွားရေးဖက်က ကျွန်တော်တို့ နစ်နာဆုံးရှုံးဖြုန်းတီးနေ သည့် အချက်ကို ရပ်စဲဖြတ်တောက်ပစ်ရန် နည်းလမ်းများ ရှာကြံရပါလိမ့်မည်။ ကျွန်တော်တို့ ငွေတွေ ကျွန်တော်တို့ တိုင်ပြည်အပြင်ကို ထွက်နေရပါသည်။ ဤကဲ့သို့ ထွက်နေရခြင်းကို ကျွန်တော်တို့ စစ်ဆေးကြည့်ရှုရပါလိမ့်မည်။ နေရေးထိုင်ရေးစရိတ် လျှော့ပေါ့သွားစေလိုလျှင် တိုင်းပြည်အုပ်ချုပ်ရေးဖက်တွင် တက်နိုင်သမျှ ခြိုးခြံချွေတာရန် လိုပါလိမ့်မည်။ ယခုလက်ရှိ အုပ်ချုပ်ရေးမှာ တိုင်းပြည်က စရိတ်မတက်နိုင်လောက်သော အုပ်ချုပ်ရေးဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်တော်တို့က ချက်ချင်းလက်ငင်းပင် အသုံးစရိတ်ကို လျှော့ပစ်ရပါသည်။ ထို့နောက် နေထိုင်ရေး လျှော့ပေါ့ သက်သာလာစေအောင် ရာရှင်ပေးနည်းကို သုံးသင့် မသုံးသင့် စဉ်းစားရပေလိမ့်မည်။ ယခု ကမ္ဘာစစ်ကြီးပြီးငြိမ်းသည်မှာ နှစ်နှစ်မျှပင် လွန်ခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံပေါင်း များစွာတို့မှာ ရာရှင်ပေးနည်း စံနစ်ကို အသုံးပြုနေရတုန်းပင် ဖြစ်ပါသည်။

ထို့ပြင် အရေးကြီးသော ကုန်စည်များ ဝေငှရေးစံနစ်ကိုလည်းကောင်း သည်ထက် ကောင်းလာ အောင် စီမံပေးရန် လိုပါသည်။ ဖြုန်းတီးမှုများနှင့် တံစို့ လက်ဆောင် စားမှုများကိုလည်း နှိပ်ကွပ်ပစ်ရပါလိမ့်မည်။ ကျွန်တ်ေတို့ တိုင်းပြည်အတွင်းမှာဘဲအရေးကြီးသည့် ကုန်းစည်များကို စိုက်ပျိုးလုပ်ကိုင်ရန် စီမံကိန်း တရပ်လည်း ပြုလုပ်ရပါလိမ့်မည်။ ကျွန်တော်တို့ စီးပွားရေးအတွက် နိုင်ငံခြားများနှင့် ဆက်ဆံမှုနှင့် ပတ်သက်၍ ဆိုလျှင် ကျွန်တော်တို့ ထွက်ကုန်ဖက်က ငွေပိုရအောင် အားထုတ်ကြိုးပမ်းကြရပါလိမ့်မည်။ နိုင်ငံငြိမ်သက် သာယာရေးကိစ္စကလည်း ရှိပါသေးသည်။ နေထိုင်ရေးစရိတ်လျှော့ပေါ့ သက်သာရေးကိစ္စကြီးကို ရွက်ဆောင်ကြရာ၌ ဆောင်ရွက်သင့် ဆောင်ရွက်ဖွယ်ဖြစ်သော အခြားကိစ္စများလည်း ဧကန်ပင် ပေါ်ပေါက်လာပါလိမ့်မည်။ နေထိုင်ရေး စရိတ်လျှော့ပေါ့ သက်သာရေးကိစ္စနှင့် စပ်လျဉ်း၍ ထည့်သွင်းပြောပြခဲ့ပြီး ဖြစ်သော အဆိုပါ ကိစ္စများကို ကျွန်တေယ် အကျယ်ချဲ့၍ ပြောရမည်ဆိုလျှင် အရေးမကြီး မရှိလည်းဖြစ်နိုင်သော ကုန်စည်များ သွင်းယူမှုဆိုလျှင် ကျွန်တော်တို့မှာ မရှိမဖြစ် အရေးကြီးသည့် ကုန်တွေ အကြီးအကျယ် ရှားပါနေသည့် အခါတွင် စည်းစိမ်ခံကုန် အရေးမကြီးသည့် ကုန်များကို သွင်းယူ စည်းစိမ်ခံနေကြရန် မလိုဘူးဆိုသည့် အချက်ဖြစ်ပါသည်။ တိုင်းသူပြည်သားများမှာ မရှိမဖြစ် အရင်းခံ လိုအပ်သည့် ကုန်ပစ္စည်းများ ပြည့်စုံမှု လိုပါသည်။ အဆိုပါ ကုန်ပစ္စည်းမျိုးသာ ကျွန်တေိာတို့ကရအောင် စီမံပေး၍ စည်းစိမ်ခံကုန်များကို လုံးဝထုတ်ပစ်ဖို့လိုပါသည်။

အစိုးရဌာနများနှင့် ပတ်သက်၍မူကား ကျွန်တော် ပြောခဲ့သည့်အတိုင်း အချို့ဌာနများမှာ အမှုထမ်း များ အဆမတန်ပိုနေပါသည်။ ကျွန်တော်တို့က တဌာနစီ၊တဌာနစီ ခွဲ၍ ဌာနအသီးသီးမှာရှိသည့် ရာထူးတွေ၊အမှုထမ်းတွေဟာ တကယ်ဘဲလိုသည်။ မလိုသည်ကို စစ်ဆေးကြည့်ရှုရပါလိမ့်မည်။ ရာထူးများရှိ အမှုထမ်းများ လုပ်ကိုင်နေသည့် အလုပ်များကို စစ်ဆေးကြည့်၍ ထိုအလုပ်များသည် တိုင်းပြည်၏ စီးပွားရေး နှင့် အခြားအရေးများအတွက် မည်မျှလောက် အကျိုးဖြစ်ထွန်းစေသည့် အလုပ်ဖြစ်သည်ကို ဝေဖန်ကြည့်ရပ်လိမ့်မည်။

ရာရှင်ပေးရေးစံနစ်နှင့် ပတ်သက်၍ဆိုလျှင် ရာရှင်ပေးရေးကို လူအများ မနှစ်မသက် ဖြစ်နေသည်မှာ အထူးအားဖြင့် စစ်အတွင်း တိုင်းပြည်အပေါ်တွင် အသားယူ၍ မတရားချမ်းသာလိုသူက သူခိုးဈေးဖွင့်ခြင်း၊အဆမတန် အမြက်ယူခြင်း၊မတရားမှုများကို ပြုလုပ်ခြင်းကြောင့်ပင် ဖြစ်သည်ကို လူကြီးများလည်း သိရှိပါလိမ့်မည်။ ထို့ပြင် ကျွန်တော်တို့ တိုင်းပြည်အတွင်း အကြီးအကျယ် ဖြုန်းတီးမှုများကို လူကြီးမင်းများ ကိုယ်တွေ့ မျက်မြင်ဖြစ်ပါလိမ့်မည်။ ရာရှင်စံနစ်ကို အသုံးပြုနေသည့် အခြားအခြားသော တိုင်းပြည်များမှာ ဆိုခဲ့သည့် ဖြုန်းတီးမှုများ အဟောသိကံ ဖြစ်မှုများ မရှိပါ။ ရာရှင်ပေးမှု၏ ရည်ရွယ်ချက်တရပ်မှာ တိုင်းသူပြည်သားအားလုံး ညီညီမျှမျှ ရကြစေရန် ဖြစ်ပါသည်။ ရာရှင်ပေးခြင်းအားဖြင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် အတွက် အဖိုးတန် ပစ္စည်းများ ကုန်းခမ်း ခြင်းမှလည်း သက်သာစေပါသည်။ ကျွန်တော်တို့ တိုင်းပြည် နဂိုအခြေသို့ ပြန်လည်ရောက် ရှိရေး အတွက် တိုင်းပြည်၏ ဓနအင်အား ၊ စီးပွားရေး အင်အား ပြန်လည် ဖြည့်တင်းစေရန်မှာ ထွက်ကုန် တခုသာလျှင် ရှိပါသည်။ စီးပွားရေး အခြေအနေမှာ မြန်မာပြည်ထက် များစွာကောင်းမွန် တောင့်တင်းသော တိုင်းပြည်ကြီးများစွာတို့မှာ ရာရှင်စံနစ်ကို သုံးနေဆဲပင် ဖြစ်ပါသည်။ ထိုတိုင်းပြည် ကြီးများမှာ ခြိုးခြံချွေတာရတုန်းပင် ဖြစ်ပါသည်။
ကျွန်တော်တို့ တိုင်းပြည်မှာကား ခြိုးခြံခြင်းမရှိသလောက် ဖြစ်ရာ စီးပွားရေး တောင့်တင်းမှုအတွက် အနည်းငယ်မျှ ခြိုးခြံမှုကို မပြုနိုင်ရန် အကြောင်းမရှိပါ။ စုပေါင်းရောင်းဝယ်ရေး အဖွဲ့များလည်း ဖြစ်နိုင်သည့် နေရာတိုင်းမှာ ဖွဲ့စည်းထားရန်လိုပါသည်။ ရှေးက မြန်မာပြည်မှာ စုပေါင်း ရောင်းဝယ်ရေးအသင်းများ ပျက်ပြားခဲ့ရသည်မှာ ထိုအဖွဲ့အသင်းများကို တိုင်းသူပြည်သားတို့က စေတနာဖြသ့် ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင် ခိုင်မြဲအောင် မပြုခဲ့ကြခြင်းကြောင် ဖြစ်ပါသည်။ တိုင်းသူပြည်သားတို့က ထိုအဖွဲ့များ၏ အကျိုးသည် ငါတို့၏ အကျိုးပင် ဖြစ်ပါတကားဟု သဘောပိုက် ကြသည့်အရပ်များတွင်ကား ထိုအဖွဲ့အများမှာ စည်ပင်ဖွံ့ဖြိုးလျက် ရှိကြပါသည်။

ကျွန်တော်တို့ တိုင်းပြည်မှာဆိုလျှင် စုပေါင်းရောင်းဝယ်ရေး မရှိသည့်အရပ်များ၌ ကုန်စည်များ ဝေငှရေးကို စီမံပေးမှုအတွက် အစည်းအရုံး အမျိုးမျိုး ပါဝင်သည့် ပြည်သူပြည်သား ကော်မတီများ ဖွဲ့စည်းထားရန် ဖြစ်နိုင်မည့် အရေးကို စဉ်းစားကြရန်လိုပါသည်။ စုပေါင်းရောင်းဝယ်ရေး အဖွဲ့များအတွက် စစ်ဆေးကြည့်ရှုရေးအဖွဲပများ လိုမည်ဖြစ်ရာ ထိုအဖွဲ့မျိုးထားရှိရေး ကိစ္စကိုလည်း စုံစမ်းကြည့်ရန် လိုပါသည်။ အချင်းချင်း စုပေါင်းပြီးသတင်း အပြန်အလှန်ရယူရေးနှင့် စုံစမ်းရှာဖွေရေးသည်လည်း လိုပါသည်။ ဤကိစ္စအတွက် အသင်းအဖွဲ့များက လိုသော သတင်းများကို ပေးနိုင်ပါလိမ့်မည်။ ငွေရင်း နိုင်ငံပြင်ဖက်သို့ ထွက်မသွားစေရန် အချို့သော နိုင်ငံများ၌ တက်နိုင်သမျှ ကာကွယ်ရန် ကြိုးစားထားကြပါသည်။ ငွေရင်း နိုင်ငံပြင်ပသို့ ထွက်သွားလျှင် ကျွန်တော်တိုပ့၏ ၀ယ်အားကိုစွန့်ပစ်သကဲ့သို့ သာ ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့ နိုင်ငံခြားမှ ငွေချေးယူရခြင်းကို တက်နိုင်သမျှ လျှော့ပေါ့ သက်သာသွားအောင် ငွေစုရေးကို အားပေးရပေလိမ့်မည်။ ဆီ၊ငရုတ်၊ကြက်သွန်အစရှိသည်တို့ကို ၀ယ်ယူသုံးစွဲရသဖြင့် ကျွန်တော်တို့ ငွေအလွန်ကုန်ကျ နေပါသည်။ ၎င်း ကုန်ပစ္စည်းများမှာ မိမိတို့တိုင်းပြည်၌ မိမိတို့ စိုက်ပျိုးနိုင်ပါလျက်နှင့် ဤကဲ့သို့ အခြားနိုင်ငံမှ မှာယူသုံးစွဲရသည် ဆိုသည်မှာ ကျွန်တော်တို့ ငြင်းဆိုခြင်း မပြုနိုင်သည့် စွပ်စွဲချက်ဖြစ်၍ များစွာ ရှက်ဖွယ်ကောင်းလှပါ၏။ထိုနည်းတူစွာ လူတို့၏ အရေးကြီးလှသော အသုံးအဆောင်ဖြစ်သည့် နွားနို့ကိုလည်းသွင်းယူလျက်ရှိ၏။
ကျွန်တော်တို့ လုံးလပြုလျင် ထိုပစ္စည်းကိုလည်း နိုင်ငံတွင်းမှာပင် လိုသလောက် ရနိုင်ပါတယ်။ ယခင်က စီးပွားရေး အခြေအနေကို ပြန်လည် ရရှိစေရန်အတွက် ကျွန်တော်တို့သည် ဤကဲ့သို့ ကြက်သွန်၊ငရုတ်၊ဆီ အစရှိသော ပစ္စည်းများတန်ချိန် မည်၍မည်မျှသာ ၀င်လာစေသင့်သည်ကို ကြီးကြပ်အုပ်ချုပ်ရန် လိုမလိုကို စဉ်းစားရန် လိုပေသည်။ ၎င်းကုန်များ ၀ယ်ယူသုံးစွဲခြင်းကို မရပ်ဆိုင်းဘဲ နေခဲ့ပါက ကျွန်တော်တို့သည် ၎င်း အသီးအနှံများကို လိုသလောက်ရအောင် စိုက်ပျိုးဖြစ်ကြတော့မည် မဟုတ်ပါ။

ထို့နောက် ငြိမ်ဝပ် ပိပြားရေးကို ပြောပြလိုပါသည်။ အဓိက ပြဿနာများတွင် ငြိမ်ဝပ်ပိပြားရေး အကြောင်းကို နောက်ဆုံးမှ ပြောရန် စီစဉ်ထားပါသည်။ ဤကဲ့သို့ နောက်ဆုံးထည့်ထားရာ၌ ငြိမ်ဝပ်ပိပြားရေးသည် အရေးမကြီးသော ကိစ္စမဟုတ်ဟု မဆိုလို၊ ကျွန်တေိာ၏ ရည်ရွယ်ချက်မှာ ငြိမ်ဝပ်ပိပြားရေး၏ အခြေခံ အကြောင်းကား အားလုံးသော ကိစ္စအ၀၀နှင့် သက်ဆိုင်သည့် အရင်းခံအကြောင်းကိစ္စဖြစ်သဖြင့် ဤကဲ့သို့ နောက်ဆုံးမှ ပြောဆိုရန် စီစဉ်ခြင်း ဖြစ်ပါသည်။ သာမန်အချိန်မျိုးတွင် နိုင်ငံငြိမ်ဝပ်သာယာမှုသည် စီးပွားရေးအတွက် မည်မျှလောက် အရေးကြီးသည်ကို ကောင်းစွာ မထင်ရှားလှသော်လည်း ယခုကဲ့သို့ ရိုးရိုးမဟုတ်သော အချိန်မျိုးတွင်မူကား မည်မျှလောက် အရေးတကြီး သက်ဆိုင် နေသည်မှာ ထင်ရှားလှသောကြောင့် ပြောနေရန်ပင် မလိုပါ။

ဥပမာဆိုလျှင် တိုင်းပြည် မငြိမ်မ၀ပ် ဖြစ်သည့်အတွက် ခရီးသွားလာရေး၊ကုန်သွယ်ရေး၊စက်မှု လက်မှု လုပ်ကိုင်ရေး တို့ကို ကျနစွာ မဆောင်ရွက်နိုင်သည့်အပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတို့တွင် လုံခြုံမှုများစွာ ချွတ်ယွင်းလျက်ရှိနေပေသည်။ န်ာမ်ျားတွင် မငြိမ်မသက်ဖြစ်သဖြင့် မြို့များတွင် လာေ၇ာက်နေထိုင်၍ လူတွေပြည့်ကျပ်လျက် ရှိနေခြင်းဖြစ်ရပါသည်။ အစိုးရကလည်း ဓါးပြလူဆိုးရန်ကို နှိမ်နင်းနိုင်စေရန် လက်နက်ကိုင် ပုလိပ်နှင့် အပိုပုလိပ် အမှုထမ်းများကို ယခင်က အမှုထမ်းဦးရေထက် များစွာ ချဲ့ထွင်းခန့်ထားခြင်းဖြင့် နှိမ်နင်းနေရပါသည်။ အားလုံးတခုနှင့် တခု ဆက်နေပါသည်။ သို့သော် ဤကဲ့သို့ ငြိမ်ဝပ်ပိပြားရေးကို စီမံဆောင်ရွက်ရာ၌ လူကြီးမင်းတို့သည် ဤငြိမ်ဝပ်ပိပြားရေး ကိစ္စကို အခြား ကိစ္စများနှင့် ခွဲ၍ စီမံခြင်း မပြုကြရန် ကျွန်တော်က တိုက်တွန်းလိုပါသည်။ နည်းမှန် လမ်းမှန်းမှာ ဤကိစ္စကိုအခြား ပြဿနာများနှင့် ပူးတွဲစွမံရန် ဖြစ်ပါသည်။

အလုပ်လက်မဲ့ ပြဿနာနှင့် ပတ်သပ်၍ဆိုလျှင် ယခုလိုစီးပွားရေး၏ အလိုက်အထိုက် အခြေအနေများ အတိုင်းဆိုပါက အလုပ်လက်မဲ့ ပြဿနာ ပြေရှင်းသွားလိမ့်မည်ဟု ကျွန်တော်တို့ မြင်နိုင်ရန် အကြောင်းမရှိ။ တိုင်းပြည်နှု့် အစိုးရက ကူညီရပေလိမ့်မည်။ အလုပ်လက်မဲ့ ဖြစ်ခြင်းသည် တိုင်းပြည်အတွက် အကြီးဆုံး ကံဆိုးမိုးမှောင် ဖြစ်လျက် စက်မှု လက်မှု လုပ်ငန်းနှင့်တကွ တိုင်းပြည်တွင် အမကောင်းကျိုး ဖြစ်ပေါ်စေတက်သည်။ အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် လုပ်သားများ၏ ကျွမ်းကျင်မှုကို ယုတ်လျော့စေပြီး ၎င်းတို့၏ နေရေးထိုင်ရေး အဆင့်အတန်းကို ညံ့ဖျင်းစေသည်။ အလုပ်လက်မဲ့ ပြဿနာသည် အမျိုးသား အတွက် ဂြိုဟ်ဆိုး ဖြစ်သည့် အလျောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို စီမံပြုလုပ်ရာ၌ ကျွန်တေိာတို့သည် သေချာကျနစွာ ပြုလုပ်မှသာလျှင် အခြေအနေ တိုးတက်လာပြီး အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းသွားနိုင်လိမ့်မည်။ လူတဦးတယောက် အတွက်သော်၎င်း၊ အိမ်ထောင်စုတွင် ပါဝင်သော သူများအတွက် သော်၎င်းအလုပ် ရနိုင်စေရန် ကျွန်တော်တို့ နည်းလမ်းများကို ရှာဖွေရပေလိမ့်မည်။ ထိုသို့ ပြုလုပ်ရာ၌ ကျွန်တော်တို့သည် အချို့သောသူများကို အလုပ်မှ ရပ်စဲရန်လိုလျှင် ရပ်စဲရလိမ့်မည်။ ပြဿနာကို ဖြေရှင်းသွားနိုင်စေရန် နည်းလမ်းကောင်းမှာ နိုင်ငံတော် အစိုးရသည် အရေးပါ၍ အပြောကျယ်သော လုပ်ငန်းများကိုသာ လက်ထဲ၌ အဆင်သင့်ရှိစေရမည်။ ထိုအလုပ်များမှာ လည်း လုပ်သားပေါင်း အရေအတွက်ကို လိုက်၍ မြန်လိုက မြန်နိုင်သော နှေးလိုက နှေးနိုင်သောအလုပ်မျိုး ဖြစ်စေရမည်။ ၏

လမ်းပန်း ဆက်သွယ် ချဲ့ထွင်းရေးကိစ္စမှာ ဆိုလျှင် မြန်မာပြည်သည် စစ်မဖြစ်မီကပင် သယ်ယူပို့ဆောင်ရေးများစွာ မရှိခဲ့ချေ။ ယခုအခါ မည်သည့်နေရာမဆို လူများအသုံးပြုနိုင်သည့် လမ်းပန်းဆက်သွယ်မှုများမှာ နည်းပါးဆိုးဝါးသည်ဟုသာ ဆိုနိုင်သည်။ ယခုတိုင်းပြည်တွင်း၌ ရင်ဆိုင်တွေ့နေရသော ပြဿနာ အရပ်ရပ်တို့တွင် သယ်ယူပို့ဆောင်ရေး လုံလောက်စွာ မရှိမှုလည်း ပါဝင် နေလေသည်။ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးကို အမြန်ဆုံးပြန်လည်ထူထောင်ရန် လိုနေသည့် ကိစ္စကို အထူးဖော်ပြရန် မလို။ ရခိုင်ပြည်နှင့်တကွ နယ်ခြားဒေသနှင့်သော်၎င်း၊ ထိုအရပ်များ၌ သော်၎င်း လမ်းပန်းဆက်သွယ်ရေး ကိစ္စ ချဲ့ထွင်းရန် သို့မဟုတ် ပြုပြင်ရန်ကိစ္စတို့သည်လည်း ပဌမ စဥးစားစရာ အချက်များတွင် ပါဝင်ပေသည်။
ယခု အိမ်ရာ ပြဿနာနှင့် ပတ်သက်ပြီး ပြောလိုပါသည်။ အရိပ်အာဝါသရဖို့ လိုနေသည့်လူတွေ၊ ကိုယ်ပိုင်အိမ် မဆောက်နိုင်သည့်လူတွေက်ု ကျွန်တော်တို့က ခိုကိုးနေထိုင်စရာ ပေးရမည်။ ပြီးတော့ အုပ်ချုပ်ရေး ရုံးတွေ၊ ကျောင်းတွေ၊ဆေးရုံတွေ အစရှိသဖြင့် ဤကဲ့သို့ ရုံးတွေ အတွက်လဲဘဲ အဆောက်အဦးတွေ ရှာဖွေပေးရဦးမည်။ လိုအပ်တဲ့ ကိစ္စတွေက်ု ဖြည့်စွမ်းပြီးမှသာ အိမ်ရာတွေ ဆောက်ဖို့ ကိစ္စအတွက် လှမ်းနိုင်မည်။ အရေးကြီးသည်မှာ လတ်တလောလိုအပ်တဲ့ အရာများအတွက် စီမံရမည်။ စီမံတဲ့ အခါမှာလဲ ယာယီစီမံရာထားချက်များ ပြုလုပ်ဖို့လိုလိမ့်မည်။ သို့သော်လည်း ရန်ကုန်မှာ တွေ့ရသည့်အတိုင်း ဆိုလျှင် အိမ်ရာ ဆောက်လုပ်ရေး ကိစ္စမှာ ယာယီ ရာထားချက်များမှာ များသောအားဖြင့် ကျေနပ်ဖွယ်ရာရှိကြပါဘူး။ ထို့ကြောင့် အဲဒါတွေကို တက်နိုင်သလောက် ရှောင်ရလိမ့်မည်။ ပြန်လည် ထူထောင်ဖို့ကိစ္စမှာ ပညာရေးဖက်မှ အလိုအပ်ဆုံး ဖြစ်သည်။

ယခုအခါမှာ မသင်မနေရ ပညာ၊ ကောလိပ်ကျောင်းတွေ အများကြီးဖွင့်ဖို့ ကိစ္စကို စိတ်ကူးထည့်ရန် အချိန်မကျသေးဘူး။ စစ်မဖြစ်မီက ကျောင်းဦးရေကောလိပ်ဦးရေတွေကိုတောင် မှီအောင် မလုပ်နိုင်သေးဘူး။ အဲဒီအရေအတွက်တွေကို မှီအောင်ဖြစ်လာဖို့ ရည်ရွယ်ရင်း ရှိရမည်။ သို့သော် ကျွန်တော်တို့ လက်မှုပညာသင်ကျောင်းတွေ များလာအောင် ပိုပြီး ကြိုစားရလိမ့်မည်။ အသက်မွေးဝမ်းကျောင်း ပညာ၊အထွေထွေ လက်မှုပညာတွေ ကို ပိုပြီး အားပေးရမည်။ စာအုပ်တွေ ထုတ်တဲ့နေရာမှာလဲ လူအျများအတွက် အရေးတကြီး လိုအပ်သည့် စာအုပ်တွေ၊ အသုံးကျမည့် စာအုပ်တွေကို ဘာသာပြန်ပြီး ပုံနှိပ်ထုတ်ဝေဖို့ကို စိတ်ထဲမျာ စွဲထားရမည်။ ဘာသာပြန် ဌာနကြီးကြီး တခုကို ဖွင့်ရမည်။ နိုင်ငံခြားကို ပညာသင်တွေ လွှတ်ရမည်။ သို့သော်လည်း ၎င်းတို့ပြန်လာလျှင် တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် လုပ်နိုင် ကိုင်နိုင်အောင် အသုံးကျတဲ့ ပညာမျိုးတွေကို ကျကျနန ယူလာနိုင်အောင် လုပ်ရမည်။ အဆိုပါ ပညာတော်သင်တွေ အတွက် သင်ကြားဖို့ရာ ပညာရပ်တွေ ရွေးချယ်သည့် နေရာမှာ တိုင်းပြည် ပြန်လည်ထူထောင်ရေး အသုံးကို ကြည့်ပြီး ရွေးချယ်ရမည်။ အသုံးကျမည် မဟုတ်သော ပညာရပ်တွေကို ယခု အခါမှာ ချန်ပစ်ခဲ့ရလိမ့်မည်။ တိုင်းပြည်တိုင်း၊တိုင်းပြည်တိုင်း နိုင်ငံခြားကို ပညာတော်သင် လွှတ်ကြသည်မှာ ကျောင်းသာတွေ ရှေ့ဆက် ပညာဆည်းပူးကြဖို့၊ ရှာမှီးကြဖို့ ဖြစ်ပါသည်။ ကျွန်တော်တို့သည်လည်း ငွေရေး ကြေးရေးကို ကြည့်ပြီး ဒီနည်းအတိုင်း လုပ်ကြရမှာဘဲ။သို့သော်လည်း အရွေးအချယ် ခံရမည့် ကျောင်းသားတွေဟာ အရည်အချင်းကျကျနန ပြည့်စုံရမည့် ကျောင်းသားတွေ ဖြစ်ရမည်။ သူတို့ ပညာတော်သင်ပြီး ပြန်လာတဲ့ အခါမှာ အလုပ်ရဖို့ အာမခံ ထားနိုင်ဖို့ သင့်သည်။ ပြီးတော့ ကျကျနန သင်ကြားရမည့် ပညာရပ်တွေကို သူတို့ ကောင်းကောင်းမွန်မွန် သင်ကြဖို့ ကျွန်တော်တို့က အရေးယူရလိမ့်မည်။

လူထု ကျန်းမာရေး ကိစ္စအကြောင်းကို ပြောရတော့မည်။ မီးကို မလောင်ခင်က တားရမည် ဆိုသည့် စားသည် ဆိုရိုးဆိုမြဲ စကားပါဘဲ။ သို့သော်လည်း ကျွန်တော်တို့၏ နေ့စဉ် အရေးတွေထဲမှာ ဒီစကားရဲ့ မှန်ကန်ချက်ကို မမြင်ခဲ့ကြသည်မှာ များပါသည်။ ကာယဗလ ဖွံ့ဖြိုးရေး၊ သန့်ရှင်ရေး၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ရေးတွေအတွက် စီမံကိန်းတွေ ထုတ်ရမည်။ ဆရာဝန်၊သူနာပြု ဆရာမ၊ကိုယ်လက်လှုပ်ရှားရေး ဆရာများ သင်တန်းဖွင့်ဖို့ကိုလည်း ဆောင်ရွက်ရလိမ့်မည်။

ယခုလက်ရှိ အုပ်ချုပ်ရေးကို လူကြိုက်များလာအောင် ဗြူရိုကရက်စံနစ်က အများကြိုက်စံနစ် ပြောင်းဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောရမည်ဆိုလျှင် အစိုးရက နောက်ဆုံး ဒိစတြိတ်နှင့် မြို့နယ်ဆိုင်ရာ အကြံပေးအဖွဲ့တွေ ဖွဲ့ဖို့ တင်သွင်း ထားသည်။ ဤကဲ့သို့သော အဖွဲ့မျိုးတွေကို ဖွဲ့ခြင်းအားဖြင့် အုပ်ချုပ်ရေးမှာ ပိုမိုရှင်းလင်း လာရမည်။ ပိုမိုကောင်းမွန် လာရမည်။ အုပ်ချုပ်ရေးကို အခြေခံ ကျယ်ဝန်းစွာ ဖွဲ့စည်းထား၍ တိုင်းသူပြည်သားများပါဝင်သည့် အဖွဲ့တွေကို အာဏာတွေ ဖြန့်ဝေလွှဲအပ်ပြီး တနေရာထဲမှာ အာဏာစုနေခြင်းကို ဖျက်ရမည်။ နောက်ပြီး တဦးနှင့် တဦး ကိုယ်တိုင် ကိုယ်ကျ တွေ့ဆုံခြင်း ၊ဆွေးနွေးပွဲတွေ ခေါ်ခြင်းများဖြင့် အုပ်ချုပ်မှုသည် ပိုပြီး ကောင်းလာမည်။ အကုန်အကျလည်း သက်သာလာလိမ့်မည်ဟု မျှော်လင့်ရသည်။ ထို့ပြင် အစိုးရရုံးတွေမှာ ကြိုးနီစံနစ်ပျောက်ပြီး အဟုတ်တကယ် ကျကျနန မျက်ဝါထင်ထင် ပြဿနာ အရပ်ရပ်တွေကိ ရှင်းကြ၊လင်းကြ၊၊လုပ်ကြ ကိုင်ကြ ဖြစ်လာကြမယ်လို့လဲ မျှော်လင့်ရသည်။

ယခု စီမံကိန်းမှာ ငြိမ်ဝပ်ပိပြားရေး အရေးကြီးကြောင်း ပြောခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော် ယခု ပြောခဲ့ပြီးဖြစ်သည့် ကိစ္စရပ်များအပြင် ကုန်ပစ္စည်းပိုမို ထွက်ရှိမှုနှင့် စက်မှုလက်မှု ထူထောင်ရေး ကိစ္စရပ်များကို လူကြီးမင်းများက အဓိက ထား၍ စဉ်းစားကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ကျွန်တော်တို့ တိုင်းပြည်၏ အခြေခံ ထွက်ကုန်သည် ဆန်စပါးပင် ဖြစ်ပါသည်။ ရှေးဦးစွာ လယ်ယာ ကိုင်းကျွန်း ဆန်စပါး စိုက်ပျိုးမှုတွင် စက်ကရိယာ အသုံးပြုရေး တီထွင်ရမည်၊ ထိုကိစ္စအတွက် စုပေါင်း ဆောင်ရွက်ရေး စံနစ်ကို သုံးရန်လိုလျှင် သုံးရလိမ့်မည်။ အဆိုပါ နည်းများကို အသုံးပြုရန်မှာ ယခုလက်ရှိ စိုက်ပျိုးရေးအခြေအနေ ပိုမို ကောင်းမွန်လာမှု အတွက် လိုသလောက်အထိ သုံးရပေလိမ့်မည်။ ကုန်ထွက် တိုးတက်လာအောင် ပြုလုပ်ခြင်းသည် ဆင်းရဲခြင်း အတွက် မလွှဲနိုင်သော ဆေးမျိုး မဟုတ်သည်ကို ကျွန်တော်သိပါသည်။
မလိုသည့် ကုန်ထွက် ပစ္စည်းများကို တိုးတက် ထွက်အောင် လုပ်ခြင်းသည် အရေးကြီးသော ပစ္စည်းများ လိုနေသူများအတွက် အကျိုးမများသည့်အပြင် အဆိုးဆုံးဖြစ်တက်ပါသည်။ ကျွန်တော် ဆိုလိုသည်မှာ အများမပြား ထွက်အောင် လုပ်သည့်ပစ္စည်းသည် ကောင်းမွန်ဖို့လည်း အရေးကြီးပါသည်။ အခြားတနည်း ဆိုသော် လယ်ယာစိုက်ပျိုးရေးကို သင့်မြတ်စွာ ထွက်ရှိမှု သဘောဖြင့် စီမံသင့်ပါသည်။ လယ်ယာစိုက်ပျိုးမှု တိုးတက်ဖွံ့ဖြိုးမှုအဖြစ်ဖြင့် လယ်သမားများကြွေးမြီ ပြဿနာနှင့် အတိုးနှုန်း သက်သာစွာနှင့် လယ်ယာလုပ်ကိုင်ရေး အတွက် ငွေချေးငှားခြင်း နည်းစံနစ် စသည်တို့ကို စဉ်းစားရပေလိမ့်မည်။ စက်မှုလက်မှု လုပ်ငန်းပြဿနာများနှင့် ပတ်သက်၍ ဆိုလျှင်လည်း စစ်မဖြစ်မီက အခြေအနေသို့ အစောတလျှင် မည်ကဲ့သို့ ရောက်နိုင်ရန်နှင့် အိမ်တွင်း လက်မှုပညာကို လက်တွေ့ သဘောထား အားဖြင့် မည်ကဲ့သို့ အားပေးရန်စသည်တို့ကို စဉ်းစားရပေလိမ့်မည်။ နောက်ဆုံး အချက်မှာ ၎င်းရာထားချက်တို့ကို အကောင်အထည် ဖြစ်အောင် လုပ်ရန် ငွေကို မည်ကဲ့သို့ ရအောင် ရှာရမည်ဆိုသည့် အချက်ပင် ဖြစ်ပါသည်။
ယခုကဲ့သို့ ကိစ္စမျိုးမှာ ကျွန်တော်တို့ အားလုံးပင် အမြင်မှန် မြင်ပြီး ကိုယ်ပိုင်ဥာဏ်ကို အသုံးပြုခြင်းအားဖြင့် အလုပ်သဘောကို ကောင်းစွာ သိရှိရပါမည်။ ကျွန်တော်တို့ စီမံကိန်းအားလုံးအတွက် လိုသလောက် ငွေကြေးကို ရနိုင်မည် မဟုတ်ပါ။ သို့အတွက် ကျွန်တော်တို့ လုပ်ရမည်မှာ ရာထားချက်တွေကို လုပ်၊ နည်းလမ်းတွေရှာ ၊ငွေကြေးကို စီမံကိန်းများ အတွက် နေရာတကျ ခွဲဝေပေးဖို့ပင် ဖြစ်ပါသည်။ ငွေများများ သုံးဖို့လိုလျှင်များများသုံးစွဲရန်နှင့် နည်းနည်းသုံးဖို့လိုလျှင် နည်းနည်း သုံးဖို့ရန် ဖြစ်ပါသည်။ မလိုသည့် သုံးစွဲခြင်းအားဖြင့် ငွေကို အလဟဿဖြစ်စေမည် မဟုတ်ပါ။

ယခု ဆွေးနွေးပွဲကြီးကို တက်ရောက်ကြသည့် အတွက် လူကြီးမင်းတို့အားလုံးကို ကျေးဇူးတင် ပါသည်။ အစည်းအ၀း မရုပ်သိမ်းသေးမီ ယခင်က ကျွန်တော် ပြောခဲ့သည့် အချက်တွေကို လူကြီးမင်းတို့ ရှေးအဖို့ လုပ်ရမဲ့ လုပ်ငန်းများကို လုပ်သည့်အခါမှာ မမေ့ကြဖို့ သတိပေးလိုပါတယ်။ ယခု အဖွဲ့ခွဲများကို ဖွဲ့ကြပါတော့။ လူကြီးမင်းတို့ ရှေးအဖို့လုပ်ရမဲ့ လုပ်ငန်းများကို ထားသင့် ရှိသင့်သည့် အင်အား၊ စိတ်ဓါတ်များနှင့် ကြိုးပမ်းဆောင်ရွက် သွားကြလိမ့်မည်ဟု ယုံကြည်ပါသည်။

0 comments:

Post a Comment