Monday, March 4, 2013

ဒီမိုကရေစီ၏ ပင်မမဏ္ဍိုင် ၇ ရပ်

‘ကိမ်းဘရစ်တက္ကသိုလ်၊ အောက်စဖို့ဒ်တက္ကသိုလ်နှင့် ဘယ်လ်ဂျီယမ်နိုင်ငံ ဟားဗာ့ဒ်ကလပ်အသင်းတို့နှင့် တွဲဖက်၍ အရှည်တည်တံ့နိုင် မည့်ဖွံ့ဖြိုးရေးဆိုင်ရာ အမာတီယာဆင်း ဟောပြောပို့ချက်အစုအစည်း’ အဖြစ် မွန်လူမျိုး ထိုင်းဝန်ကြီးချုပ်ဟောင်း အာနန်းပညာချွန်က အများပြည်သူတို့ ဟောပြောခဲ့သည့် အရှည်တည်တံ့နိုင်မည့် ဒီမိုကရေစီအကြောင်း ပို့ချချက်မှ ကောက်နှုတ်ထားသည်။

• လွတ်လပ်၍ တရားမျှတတဲ့ရွေးကောက်ပွဲ
• နိုင်ငံရေးအရ သဘောထားကြီးသည်းခံမှု
• တရားဥပဒေအာဏာပိုင်စိုးမှု
• လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
• တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု
• ဗဟိုချုပ်ကိုင်မှုလျော့ဒီမိုကရေစီ
• အရပ်ဘက်လူထုအသင်းအဖွဲ့စနစ်

ကျနော့်အမြင်အရ ဒီမိုကရေစီစနစ်မှာ အဓိကမဏ္ဍိုင်ကြီး ခုနှစ်ခုရှိတယ်။ ဒါတွေက ရွေးကောက်ပွဲ၊ နိုင်ငံရေးအရသဘောထား ကြီးမှု၊ တရားဥပဒေ အာဏာပိုင်စိုးမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု၊ ဗဟိုချုပ်ကိုင်ရေးလျော့နည်းမှုနဲ့ အရပ်ဖက်လူထုအသင်းအဖွဲ့တွေ ဖြစ်ပါတယ်။

ပထမဏ္ဍိုင်၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံမှာ လူပုဂ္ဂိုလ်တဦးတယောက် သို့မဟုတ် အသင်းအဖွဲ့ ငယ်တစုကနေ မိမိရဲ့တစုံတရာသော ကိုယ်ကျိုးစီးပွားများအတိုင်း ပြည်သူပြည်သားများကလိုက်စေဖို့ သွတ်သွင်းချမှတ်ထာကို ကာကွယ် ဟန့်တားပေးခြင်းအားဖြင့် ဒီမိုကရေစီစနစ်ကို ဥပဒေကြောင်းဝင်အောင် ဆောင်ကျဉ်းပေးပါတယ်။

ဒီမိုကရေစီနိုင်ငံတနိုင်ငံမှာ ဘယ်သူခြိမ်းခြောက် ဖိအားပေးမှုမရှိဘဲ နိုင်ငံရေးပါတီတွေ ထောင်နိုင်၊ ကမ်ပိန်းလုပ်နိုင်၊ လှုပ်ရှားနိုင် ပါတယ်။ တချို့တိုင်းပြည်တွေမှာ နိုင်ငံရေးပါတီတွေဟာ အနိမ့်ဆုံးအတိုင်းအတာတခုအထိ လူထုထောက်ခံမှုရှိမှ ရွေးကောက်ပွဲဝင်နိုင်ဖို့ သတ်မှတ်ထားတာလည်း ရှိပါတယ်။ နိုင်ငံရေးပါတီအားလုံးဟာ မိမိတို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းတွေကို ထုတ်လွှင့်ဖြန့်ချိနိုင်ဖို့ လွတ်လပ်တဲ့မီဒီယာနဲ့ တခြားနည်းလမ်းတွေကို အသုံးပြုခွင့်လည်း ရှိရပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ်ကို ဘက်မလိုက်တဲ့အဖွဲ့တခုက ကြီးကြပ်၊ စောင့်ကြည့်၊ ကြီးမှူးကျင်းပပါတယ်။ အများအားဖြင့် ကြားနေရွေးကောက်ပွဲကော်မရှင်က တိုင်တွယ်ကျင်းပပါတယ်။
ဒါပေမယ့်လည်း ရွေးကောက်ပွဲတွေမှာ ညစ်ပတ်တာ၊ မဲဝယ်တာတွေ ရှိနိုင်ပါတယ်။ ကိုယ့်မဲဆန္ဒနယ်ကို မျက်နှာပြရုံဘဲ ရောက် လာတဲ့ နိုင်ငံရေးသမားတွေဟာ နိုင်ငံတော်တော်များများမှာ မဆန်းတဲ့အရာဖြစ်နေပါတယ်။ နိုင်ငံသားတွေရဲ့ မျှော်မှန်းချက်တွေကို မထင် ဟပ်နိုင်တော့တဲ့ နိုင်ငံရေးအဆောက်အအုံကတော့ နိုင်ငံရေးအရ ဥပဒေအကြောင်းညီမှုကို ဆုံးရှုံးသွားပါတယ်။

ဒုတိယမဏ္ဍိုင်ကတော့ နိုင်ငံရေးအရ သဘောထားကြီးမှုဖြစ်ပါတယ်။ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေဟာ အစိုးရ ကို ဆန့်ကျင်မဲ ထည့်ခဲ့သူတွေကို ဖိနှိပ်ဖို့ သို့မဟုတ် ချောင်ထိုး ဘေးဖယ်ပစ်ဖို့ အခွင့်အာဏာမပေးပါဘူး။ လူအများစုကနေ လူနည်းစုရဲ့ ပြည်သူ့လွတ်လပ်ခွင့်တွေ၊ အခွင့်အရေးတွေ၊ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေ သို့မဟုတ် ဘဝတွေကို ပိတ်ပင်ဖယ်ရှားခွင့်လည်း မပေးပါဘူး၊ ဒီမိုကရေစီ အရှည်တည်တံ့နိုင်ဖို့အတွက် သဘောထားကြီးမှုလိုအပ်ပါတယ်။ လူနည်းစုတွေဟာ ရွေးကောက်ပွဲဖြစ်စဉ်ကနေ ညီညီမျှမျှ အကျိုးမခံစားရရင် ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်ပါဘူး။ ငြိမ်းချမ်းရေးမရှိတာဟာ ဒီမိုကရေစီကျဖို့ အားထုတ်မှုတွေကို ပျယ်ရယ်ပြုပါ လိမ့်မယ်။

တိုင်းပြည်တော်တော်များများမှာ အာဏာရပါတီကို အထောက်ခံမဲပေးခဲ့သူတွေကိုဘဲ ဆုလာဘ်တွေချပေးပြီး အတိုက်အခံ ဘက် မဲပေးသူတွေကိုတော့ ဦးနှိပ်ချောင်ထိုး သို့မဟုတ် အပြစ်ပေးတဲ့ နမူနာတွေရှိနေပါတယ်။ ရွေးကောက်ပွဲနိုင်အောင် အစားအစာ၊ ရေနှင့် ဖွံ့ဖြိုးရေးရင်းမြစ်တွေ ဖြန့်ဝေမှုကို ချုပ်ကိုင်စရာလက်နက်အဖြစ် သုံးတာတွေရှိခဲ့တယ်။

တတိယမဏ္ဍိုင်ကတော တရားဥပဒေ အာဏာပိုင်စိုးမှုဖြစ်ပါတယ်။ ဒါရဲ့ဆိုလိုချက်ကို အများကြီးဆွေးနွေးငြင်းခုံကြပါတယ်။ ဒါပေမယ့် သေချာတာကတော့ တရားဥပဒေအာဏာပိုင်စိုးမှုနဲ့ ဒီမိုကရေစီ နီးနီးကပ်ကပ် သက်နွယ်ပတ်သက်နေခြင်းဘဲ ဖြစ်ပါတယ်။ နိုင်ငံရေးဖြစ်စဉ်ဟာ ဥပဒေတွေအောက်မှာ အထိန်းအချုပ်ဘောင်ထဲမှာထားရင် နိုင်ငံသားများအနေနဲ့ အစိုးရဟာ ဥပဒေနဲ့ညီမညီ အကဲခတ် ဆုံးဖြတ်နိုင်စေပါတယ်။ အောက်ဖော်ပြပါ အဓိကပြဿနာတွေအတွက် အဖြေတွေ ရှာတွေ့နိုင်ပါတယ်။

ဗျူရိုကရေစီ (အုပ်ချုပ်ရေး)ယန္တရား၊ တရားစီရင်းရေးယန္တရား၊ ဥပဒေပြုယန္တရား၊ ပုဂ္ဂလိကကဏ္ဍ၊ ရဲနဲ့ စစ်တပ်၊ အားလုံးက ကိုယ့်ကိုကိုယ် ချမ်းသားဖို့ဘဲ ရှိသမျှ အာဏာကုန် သုံးနေရင်၊ အရပ်ဖက်လူထုအသင်းအဖွဲ့တွေတော့ ထိခိုက်နစ်နာပြီး မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားတွေကိုသာ အာပေးလိုက်စားနေရင် ဒီမိုကရေစီဟာ မလည်ပတ်တော့ပါဘူး။ ဥပဒေတွေ ဘယ်လိုဘဲ ရှိရှိ၊ အကျင့်ပျက် ခြစားမှုဟာ တရားဥပဒေအာဏာပိုင်စိုးမှုကို ဖျက်ဆီးပစ်ပါတယ်။

တရားဥပဒေ အာဏာပိုင်စိုးရေးကို အာမခံနိုင်ဖို့ဆိုရင် တရားစီရင်ရေးယန္တရားနဲ့ တရားရေးစနစ်တခုလုံးရဲ့ ခိုင်မာမှု၊ လွတ်လပ်မှု တို့ဟာ မတော်သြဇာသက်ရောက်မှုတွေနဲ့ ဥပဒေမဲ့စွက်ဖက်မှုတွေအောက် မကျရောက်ဖို့ အထူးအရေးကြီးပါတယ်။

စတုတ္တမဏ္ဍိုင်က လွတ်လပ်စာထုတ်ဖော်ပြောဆိုခွင့်ဖြစ်ပါတယ်။ အရပ်ဖက်လူထုအသင်းအဖွဲ့က လူတွေ ဘာတွေကို ပြောခွင့်၊ ပုံနှိပ်ခွင့်၊ ဖြန့်ဝေခွင့်၊ ဆွေးနွေးခွင့်ရှိတယ်ဆိုတာဟာ နိုင်ငံရေးစနစ်တခုရဲ့ ဒီမိုကရေစီအနေအထားကို ဖော်ပြနေပါတယ်။ လွတ်လပ်တဲ့ စာနယ်ဇင်းဟာ နိုင်ငံတနိုင်ငံရဲ့ လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ကို တိုင်းတာချက်ဖြစ်ပါတယ်။

အစိုးရအနည်းအကျဉ်းသာ လွတ်လပ်တဲ့စာနယ်ဇင်းနဲ့ တကယ့်ကိုအဆင်ပြေပြေ ချောချောမွေ့မွေ့ ဆက်ဆံနိုင်ကြပါတယ်။ ဒါပေမယ့် ချို့ယွင်းအားနည်းချက်တွေ ဘယ်လိုဘဲရှိရှိ၊ လွတ်လပ်တဲ့စာနယ်ဇင်းနဲ့ အချုပ်အချယ်မရှိ အင်တာနက်တက်ခွင့်ဟာ အလုပ်ဖြစ်နေတဲ့ဒီမိုကရေစီစနစ်တခုမှာ အများပြည်သူအနေနဲ့ သတင်းအချက်အလက်ရဖို့ မရှိမဖြစ်လိုပါတယ်။ ခိုင်ခန့် အသားကျနေတဲ့ ဒီမိုကရေစီနိုင်ငံတခုမှာတော် အစိုးရဟာ ကိုယ့်ရည်မှန်းချက်အကျိုးပြုဖို့ လွတ်လပ်တဲ့စာနယ်ဇင်းကို ကိုင်တွယ်ကစားနိုင်အောင် ကြိုးစား နိုင်ပါတယ်။ အစိုးရတွေဟာ ကိုယ့်အစီအစဉ်ကို ဝါဒဖြန့်ဖို့နဲ့ လွတ်လပ်တဲ့မီဒီယာရဲ့စွမ်းအားကို လျော့ကျအားနည်းစေဖို့ သဘောထား လှည့်ရေးလှုပ်ရှားမှုတွေ Spin Campaign မကြာခဏလုပ်တတ်ပါတယ်။

နည်းပညာသစ်ဟာ သတင်းအချက်အလက်ပြန့်ပွားမှု တိုးများလာစေခြင်း၊ အများပြည်သူတို့ ဆွေးနွေးပြောဆိုစရာကွင်း ကျယ် ပြန့်လာစေခြင်းအားဖြင့် ပြင်းထန်ကြီးမားလှတဲ့ အင်အားစုအသစ်တွေကို ဖြေလွှတ်ပေးနေါပတယ်။ အာဏာရှင်အကျင့်အကြံတွေရှိတဲ့ တိုင်းပြည်တွေမှာ သတင်းလွတ်လပ်ခွင့်ဟာ အစိုးရရဲ့ အန္တရာယ်စာရင်းထဲမှာ ရှေ့ဆုံးကို ရောက်နေတတ်ပါတယ်။ ဒီအင်အားစုသစ်တွေ ကြောင့် အစိုးရတွေအနေနဲ့ သတင်းစီးဆင်းမှုကို ထိန်းချုပ်ဖို့ အများကြီးပိုခက်ခဲလာစေပါတယ်။

ဖြစ်နေတာကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အစိုးရတွေကတောင် ရုပ်သံမှာဖြစ်ဖြစ်၊ ပုံနှိပ်မီဒီယာမှာဖြစ်ဖြစ်၊ ဒါမှမဟုတ် အင်တာနက်ထဲမှာဖြစ်ဖြစ် အများပြည်သူ့အမြင်သဘောထားကို ပုံသွင်းနိုင်ဖို့ အကြီးအကျယ်ကြိုးစားကြတာဖြစ်ပါတယ်။ သတင်းစီးဆင်းမှုအပေါ် အစိုးရက သြဇာသက်ရောက် ချုပ်ကိုင်လာရင် ကျနော်တို့အနေနဲ့ သံသယထားရပါလိမ့်မယ်။ ဒီမိုကရေစီရဲ့ အဆင်တန်ဆာ လက္ခဏာရပ်တွေက ကျန်းမာရေးကောင်းပုံရချင်ရနိုင်ပေမယ့် သတင်းလွတ်လပ်ခွင့်နဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်တို့ကို ဖယ်ထုတ်လိုက်ရင်တော့ ဒီမိုကရေစီဟာ အထိနာသွားပါပြီ။

ပဉ္စမမဏ္ဍိုင်က တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုဖြစ်ပါတယ်။ ဆိုလိုတာက အစိုးရအဆောက်အအုံတွေနဲ့ အဲဒီထဲက လူပုဂ္ဂိုလ် တွေဟာ ကိုယ့်လုပ်ရပ်တွေအတွက် တာဝန်ခံရမှာဖြစ်ပါတယ်။ အစိုးရတရပ်ဟာ ကိုယ့်ကိုရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ လူထုကို တာဝန်ခံရပါမယ့်။ ဒါ့အပြင် အစိုးရလုပ်ရပ်ကို ချုပ်ထိန်းနိုင်ဖို့ လွတ်လပ်တဲ့ တရားရေးယန္တရား သို့မဟုတ် အခြားဘက်မလိုက်တဲ့ ဌာနတွေကိုလည်း တာဝန်ခံရပါမယ်။ ဆုံးဖြတ်ချက်တွေဟာ အများပြည်သူအကျိုးစီးပွားထက် အခိုင်အခန့် ကိုယ်ကျိုးစီးပွားအုပ်စုတွေရဲ့ အစီအစဉ်တွေကို ဦးစားပေးအကျိုးပြုရာ မရောက်စေရပါ။

တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတို့မှာ ရည်ရွယ်ချက်တူကြပါတယ်။ အဲဒါကတော့ လူ့အများ ထိခိုက်နစ်နာပြီး လူအနည်းကိုသာ ချမ်းသာကြွယ်ဝစေတဲ့ တလွဲတချော်ပေါ်လစီတွေ၊ ဆုံးဖြတ်ချက်တွေရဲ့ဒဏ် နိုင်ငံသားတွေမခံရအောင် ကာကွယ်ပေးဖို့ဖြစ်ပါတယ်။ ဒီကိုယ်စောင့်နတ်နှစ်ပါး ထိခိုက်ချို့ယွင်းခဲ့ရင် ကောင်းမွန်တဲ့အစိုးရမှုဟာ အန္တရယ်ကျရောက်ပြီး ဒီမိုကရေစီပျက်ကွယ်သွားပြီဆိုတာကို အချက်ပြလိုက်တာဖြစ်ပါတယ်။

ဆဌမဏ္ဍိုင်က ဒေသန္တရနိုင်ငံရေးအာဏာတိုးမြှင့်မှုဖြစ်ပါတယ်။ အစိုးရဟာ ကိုယ်အုပ်ချုပ်တဲ့ပြည်သူလူထုနဲ့ ပိုပြီးနီးနီးကပ်ကပ် ရှိလေ၊ ပိုပြီး တာဝန်ယူတုန့်ပြန်နိုင်လေဖြစ်ပါတယ်။ တချိန်တည်းမှာ ဗဟိုချုပ်ကိုင်မှုလျော့နည်းတဲ့ ဒီမိုကရေစီလည်ပတ်နိုင်ဖို့ဆိုရင် ရန်ပုံငွေထောက်ပံ့မှု၊ ရုပ်ဝတ္တုပိုင်း၊ လူသားရင်းမြစ်ပိုင်းနဲ့ ဌာနအဆောက်အအုံစွမ်းဆောင်နိုင်စွမ်းတွေမှာလည်း ဗဟိုချုပ်ကိုင်မှု လျှော့ချ ပစ်ရပါမယ်။

နိုင်ငံရေးဖြစ်စဉ်ကို ဗဟိုချုပ်ကိုင်မှု လျှော့ချတာဟာ နိုင်ငံရေးအင်အားစုတွေ ကျင့်သုံးတဲ့ အာဏာနဲ့သြဇာ စုစည်းအားကြီးမှုကို ဟန့်တားထိန်းချုပ်ဖို့ နောက်ထပ်နည်းလမ်းတခုလည်း ဖြစ်ပါတယ်။ ပြည်သူပြည်သားတွေဟာ ကိုယ့်လူကြီးတွေကို အိမ်နီးနားချင်းတွေ အဖြစ် တွေ့မြင်နေရပြီး ကိုယ့်အတွက် အချက်အချာကျတဲ့ အရာကိစ္စတွေဟာ ကိုယ့်အိမ်နားဖြစ်ပျက်နေတာကို တွေ့နေရရင် ဒီမိုကရေစီ ကို ပိုသဘောပေါက်သိမြင်၊ ပိုစိတ်ဝင်စားပြီး ပိုမိုပါဝင်ဆောင်ရွက်ချင်စိတ် ဖြစ်လာပါလိမ့်မယ်။

အရပ်ဖက်လူထုအသင်းအဖွဲ့စနစ်ဟာ အရေးပါတဲ့ သတ္တမဏ္ဍိုင်ဖြစ်ပါတယ်။ တက်ကြွတဲ့ အရပ်ဖက်လူထုအသင်းအဖွဲ့စနစ်ဟာ အောက်ခြေမှာ စတင်ခြေတည်လှုပ်ရှားပါတယ်။ ရပ်ရွာအသိုင်းအဝိုင်းစုရပ်တွေ၊ ကလပ်အသင်းတွေ၊ တက်ကြွလှုပ်ရှားသူအုပ်စုတွေ၊ သာ ရေးနာရေးအသင်းတွေ၊ သမဝါယမတွေ၊ သမဂ္ဂတွေ၊ စဉ်းစားကြံဆရေးအစုတွေနဲ့ အသင်းအပင်းတွေဟာ အရပ်ဖက် လူထုအသင်းအဖွဲ့ စနစ်ဆိုတဲ့ ကျယ်ပြန့်တဲ့ခေါင်းစဉ်အောက်မှာ ပါဝင်ပါတယ်။ ဒီအဖွဲ့တွေဟာ အောက်ခြေလူထုဒီမိုကရေစီ အရှည်တည်တန့် အားကောင်းဖို့ အတွက် ပါဝင်ဆောင်ရွက်နိုင်စရာ ယာဉ်ရထားတွေဖြစ်ပါတယ်။

အထက်မှာ အကျဉ်းချုပ်ဖော်ပြထားတဲ့ မဏ္ဍိုင်တွေဟာ လိုကိုလိုအပ်ပေမဲ့ ဒါတွေကို တည်ဆောက်ထိန်းသိမ်းမယ့် ခေါင်း ဆောင်တွေ မရှိရင်တော့ ဆားမပါတဲ့ဟင်းလိုဖြစ်နေပါလိမ့်မယ်။ အရှည်တည်တံ့မယ့်ဒီမိုကရေစီအတွက် လိုအပ်တဲ့ ခေါင်းဆောင်မှု အရည်အသွေးတွေကို ရိုးသားမှုရှိရှိ၊ ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ခံမှုရှိရှိ လုပ်ကိုင်နေသူတွေဆီမှာ တွေ့နိုင်ပါတယ်။ ဒီလူတွေဟာ အများ စုံညီသဘောထားကျအောင် စည်းရုံးနိုင်စွမ်းရှိသူတွေ၊ သဘောထားအမြင် ကျယ်ပြန့်မျှတသူတွေဖြစ်ပါတယ်။ ဒီလူတွေဟာ တရားမျှတ ရေးကို ဦးထိပ်ပန်ထားပြီး အများပြည်သူအကျိုးစီးပွားကို ဦးစားပေးလုံးပမ်းသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလူတွေဟာ ဆန့်ကျင်ဖက် ရပ်တည်ချက်တွေကိုလည်း သဘောထားကြီး သည်းခံနိုင်သူတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ရှုပ်ရှုပ်ပွေပွေနဲ့ အုပ်ချုပ်အစိုးရတဲ့ နည်းလမ်းဖြစ်တယ်။ လူ့ပင်ကိုယ်သဘာဝကိုယ်၌ကလည်း ချို့ယွင်းချက် မကင်းဘူးလို့ မကြာခဏ ပြောလေ့ပြောထရှိကြတာ အမှန်ပါဘဲ။ ဒီစကားနှစ်လုံးဟာ အမှန်တရားဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အားနည်းချက်တွေကို ဝန်ခံအသိအမှတ်ပြုခြင်းအားဖြင့် အတိတ်က အမှားတွေကို ရှောင်းရှားနိုင်ပြီး အညတရပြည်သူပြည်သားတွေရဲ့ ဒီမိုကရေစီရေးတိုက်ပွဲ သင်ခန်းစာတွေကိုယူပြီး တည်ဆောက် ဖန်တီးနိုင်တဲ့ ခေါင်းဆောင်မျိုးဆက်သစ်တွေ ပေါ်ထွန်းလာအောင် ကြိုးပမ်းအားထုတ်ကြပါစို့။

(The seven essential pillars of democracy by Anand Panyarachun ကို ဘာသာပြန်သည်။)

0 comments:

Post a Comment