ဆွန်ဇူး Sun Tzu
စွန်းဝူကို ဘီစီ ၅၀၀ (ခရစ်တော်မပေါ်မီ နှစ် ၅၀၀) ခန့်တွင်မွေးဖွားခဲ့သည်။
သူ၏ထင်ရှားသောအမည်မှာ ဆွန်ဇူး ဖြစ်သည်။ တရုတ်နိုင်ငံ ကွီပြည်နယ်သားဖြစ်သည်။
ဆွန်ဇူးသည် သေနင်္ဂဗျူဟာစစ်ပညာကျမ်း အားရေးသားပြုစုခဲ့သည်။ ဘီစီ ၄၇၆ - ဘီစီ
၂၂၁ အတွင်း ပြည်နယ်အချင်းချင်း စစ်ခင်းနေကြသော ခေတ်တွင် ၀ူ (Wu) ပြည်နယ်၏
မင်းမှုထမ်း တစ်ဦးဖြစ်သည်။
ဝူပြည်နယ်၏ မင်းသား ၀ူဟေလူသည် ဆွန်ဇူး၏ ကျော်ကြားလှသော အခန်း (၁၃)ခန်းပါသော
စစ်ပညာကျမ်းအား ဖတ်ရှု ၍ လက်တွေ့လေ့လာပြီးနောက် ဆွန်ဇူးအား ၀ူတပ်မတော်၏
စစ်သူကြီးအဖြစ် ခန့်အပ်ခဲ့၏။ ဘီစီ ၅၀၆ အတွင်း ဇု (Zu) ပြည်နယ်က
ဝူပြည်နယ်အား လက်အောက်ခံအဖြစ် သတ်မှတ်ထားသည်အား မကြေနပ်သဖြင့်
ဆွန်ဇူး၏၀ူတပ်မတော်သည် ဇု ပြည်နယ်အား ငါးကြိမ်တိုင်တိုင်
စစ်ချီတိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် ဆွန်ဇူး၏၀ူတပ်မတော်မှ
အောင်ပွဲခံပြီး ဇုပြည်နယ်၏ မြို့တော် ယင်-ဒူ (Yin-Du) အား
သိမ်းပိုက်နိုင်ခဲ့သည်။ ဇုပြည်နယ်၏ဘုရင် ဇာအို (Zhao) မင်းမှာလည်း
တိုင်းပြည်အားစွန့်ခွာခဲ့ရသည်။ ထို့နောက် နှစ်ပေါင်း နှစ်ဆယ်အတွင်း
ဆွန်ဇူးကွပ်ကဲသော ၀ူတပ်မတော်သည် ကွီ (Qi)၊ ကွင် (Qin)၊ နှင့် ယူး (Yue)
စသော ပြည်နယ်များအား ဆက်တိုက် သိမ်းယူ နိုင်ခဲ့သည်။
ဆွန်ဇူး၏ သေနင်္ဂဗျူဟာစစ်ပညာကျမ်း
စာအုပ်မှာ သေးငယ်သော်လည်း စစ်၏အခြေခံ အနှစ်သာရ ဥပဒေသတို့အား
တိကျစွာဖော်ပြထားသည့်အပြင် ကျယ်ဝန်း နက်နဲသော အကြောင်းအရာ များအား
ခြုံငုံမိသည်။ စစ်ရေးစစ်ရာဆိုင်ရာ ပြဿနာများ၊ အခက်အခဲ အကျပ်အတည်းများနှင့်
အကြောင်းအရာ အားလုံး အကျုံးဝင်စွာ ဖော်ပြထားသည်။ ၎င်းင်းတို့အား မည်သို့
ဖြေရှင်း ၍ အောင်မြင်နိုင်သည်တို့အား ရှင်းလင်းသော အမြင်ဖြင့်တင်ပြထားသည်။
သေနင်္ဂဗျူဟာစစ်ပညာကျမ်း တွင် အခန်း (၁၃) ခန်း ပါဝင် ၍ စစ်၏အခြေခံဥပဒေသ
တို့အား တိတိ ကျကျ သေနင်္ဂဗျူဟာစစ်ပညာကျမ်း တွင် အခန်း (၁၃) ခန်း ပါဝင် ၍
စစ်၏အခြေခံဥပဒေသ တို့အား တိတိ ကျကျ ဖေါ်ပြထားသည်။ စစ်ဘက်စည်းကမ်း
ထိမ်းသိမ်းရေး၊ အုပ်ချုပ်ထောက်ပံ့ရေး၊ စစ်မဟာဗျူဟာ၊ စိတ်ဓါတ်ပိုင်း
ဆိုင်ရာ၊ သံတမာန်ရေး ပရိယာယ်၊ စစ်မြေပြင် အမျိုးအစား၊ သူလျှိုနှင့်
ထောက်လှမ်းရေး စသည့် အခန်းများဖြစ်သည်။ ၎င်းတို့မှာ -
၁)စစ်ရေးသုံးသပ်ချက် (Estimates)
၂)စစ်ပွဲဆင်နွှဲခြင်း (Waging War)
၃)စစ်မဟာဗျူဟာ ထိုးစစ် (Offensive Strategy)
၎)တပ်ဖြန့်ခြင်း (Dispositions)
၅)ဖွဲ့စည်းခြင်း (Energy)
၆)အားသာချက်၊ အားနည်းချက် (Weakness and Strengths)
၇)စစ်ကစားခြင်း (Manoeuvre)
၈)ကိန်းရှင် ကိုးခု (The Nine Variable)
၉)စစ်အင်အားစုရုံးခြင်း (Marches)
၁၀)မြေပြင်အခြေအနေ (Terrain)
၁၁)အခြေအနေ ကိုးမျိုး (The Nine Varieties of Ground)
၁၂)မီးနှင့်တိုက်ခိုက်ခြင်း (Attack by Fire)
၁၃)ထောက်လှမ်းရေး (Employment of Secret Agents) တို့ဖြစ်ကြသည်။
ဆာ ဘာစီ၊ ဟင်နရီ၊ လစ်ဒယ်ဟတ် (Sir B. H. Liddel Hart) (၁၈၉၅-၁၉၇၇) အမည်ရှိ
ဗြိတိသျှ စစ်ပညာကျွမ်းကျင်သူက “စစ်အတတ်ပညာ အရာ၌ ဆွန်ဇူးအား မီသူမရှိပါ။
ကားလ်၊ ဗွန်၊ လော့ဝစ်ဇ် ပင်လျှင် ထွင်းဖေါက်သိမြင် နှံ့စပ်သည့်အရာ၌
ဆွန်ဇူးအား မယှဉ်နိုင်ပါ” ဟူ ၍ မှတ်ချတ်ချခဲ့ဖူးသည်။ သေနင်္ဂဗျူဟာ
စစ်ရေးစစ်ရာ ဖြင့်ပတ်သတ်၍ ကားလ်၊ ဗွန်၊့ လော့ဝစ်ဇ် (၁၇၈၀-၁၈၃၁)၊ ဘာစီ၊
ဟင်နရီ၊ လစ်ဒယ်ဟတ် အစရှိသော စစ်ပါရဂူတို့ရေးသားခဲ့သော
စစ်ကျမ်းအဆူဆူရှိသော်လည်း ဆွန်ဇူး၏ သေနင်္ဂဗျူဟာစစ်ပညာကျမ်း ကဲ့သို့
တည်တံ့မှန်ကန်စေရန် မစွမ်းဆောင်နိုင်ကြချေ။ သို့ဖြစ်၍ ကမ္ဘာ့စစ်ပညာဖြင့်
ပတ်သတ်ပါက ဆွန်ဇူးအား ချန်လှစ်၍မရချေ။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နှင့်
ဂျာမဏီ အစရှိသည့် အနောက်နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏
စစ်တက္ကသိုလ်များအားလုံးတွင် ဆွန်ဇူး၏ သေနင်္ဂဗျူဟာစစ်ပညာကျမ်း သည်
ပြဌန်းကျမ်းစာအုပ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လကရ၊ ထွေ ၀၀၁၀ အနေဖြင့်တွေ့
နိုင်သည်။
သမိုင်း
ဆွန်ဇူး၏ သေနင်္ဂဗျူဟာစစ်ပညာကျမ်း ဂျပန်ဘာသာပြန်သည် ဂျပန်နိုင်ငံသို့ အေဒီ
၆၁၈-၉၀၆ ကာလ တန်မင်းဆက် လက်ထပ်တွင်ရောက်ရှိခဲ့သည်။ ၁၆ရာစု၌ ထင်ရှားသော
ဂျပန်စစ်သည်တော်ကြီး တာကာဒါရှင်ဂျင်း (Takeda Shingen) ၏ စစ်အောင်လံများ ၌
ဆွန်ဇူး၏ သေနင်္ဂဗျူဟာစစ်ပညာကျမ်းလာ စာသား အချို့အား ရေးထိုးထားသည်
အားတွေ့နိုင်သည်။ ဥရောပတိုက်သို့ ၁၇၇၂ ခုနှစ်တွင် ခရစ်ယန် ဘုန်းတော်ကြီး
ပဲရယ်အယ်မိုက် (Pere Amoit) သည် တရုတ်ဘာသာမှ ပြင်သစ်ဘာသာသို့
ပြန်ဆိုရေးသားခဲ့သဖြင့် ရောက်ရှိခဲ့သည်။ နပိုလီယန် သည်ပင်လျှင်
ဤကျမ်းအားဖတ် ရှုခဲ့လိမ့်မည်ဟု ပညာရှင်တို့မှ ယူဆကြသည်။ ရုရှားဘာသာသို့ ၁၈၀၀
ခုနှစ်တွင်ဘာသာပြန်ခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ဂျပန်ဘာသာမှ အင်္ဂလိပ်ဘာသာသို့
ဗြိတိသျှစစ်ဗိုလ် ကားလ်သရော့ပ် (Capt E, F. Calthrop) မှဘာသာပြန်ခဲ့သည်။
၁၉၀၅ ခုနှစ်တွင် ဗြိတိသျှပြတိုက်မှုး လီယွန်နယ်ဂိုင်းစ် (Lionel Giles) မှ
တရုတ်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။ ထို့အပြင်
တရုတ်စာပေပညာရှင် ချိန်လင်း ဘာသာပြန်သောကျမ်း နှင့် တန်ဆီချန်း
ဘာသာပြန်သောကျမ်း ဟူ၍ အင်္ဂလိပ်ဘာသာဖြင့်လေ့လာ နိုင်သည်။ ဆိုင်ချိချွန်း
ဘာသာပြန်သော ကျမ်းအားလည်း ထိုင်ဝမ်ထုတ် အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်းစွာ
တွေ့မြင်နိုင်သည်။ စင်္ကာပူ စထရိတ်တိုင်း သတင်းစာ၏ အယ်ဒီတာ လုံဝေကန်
မှတည်းဖြတ်၍ စင်္ကာပူတွင် ၁၉၉၁ ခုနှစ်၌ ထုတ်ဝေခဲ့သည်။
ကျွန်ုပ်တို့၏ စစ်သူကြီးများ
ဆက်လက်ဖေါ်ပြမည့် ဥပဒေသများသည် တိုတောင်းလှသော အချိန်ကာလအတွင်း
တွေ့ကြုံခဲ့ရသော အတွေ့အကြုံ များအရ လုပ်ငန်းခွင် အုပ်ချုပ်မှုနှင့်
ဆက်ဆံရေးဆိုင်ရာ လိုအပ်ချက်အချို့အား ဦးစားပေး ပြုစုထားခြင်း ဖြစ်ပေသည်။
ကျယ်ပြန့်လှသော စီးပွာရေးလုပ်ငန်းများဆိုင်ရာ အချက်အလက်များအား ဆွန်ဇူး၏
သေနင်္ဂဗျူဟာစစ်ပညာကျမ်း တစ်ဆောင်လုံးဖြင့် ချိန်ထိုးသုံးသပ် တင်ပြရန်မှာ
ကျွန်တော်၏ စွမ်းနိုင်သော လုပ်ငန်းတစ်ခု မဟုတ်ပါချေ။ သို့ရာတွင်
စီးပွားရေး၌ စစ်ရေး မဟာဗျူဟာဆိုင်ရာ သဘောတရားများအား မည်သို့ အသုံးချသည်
တို့အား ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆွေးနွှေး တင်ပြထားသော နိုင်ငံတကာ
စာတမ်းများ အား လေ့လာရန် အစပျိုးဖေါ်ပြထားခြင်းဖြစ်၍ ဆက်လက်လေ့လာနိုင်သည်။
နိုင်ငံတကာ စီးပွားရေးလောကနှင့် စီးပွားရေးဈေးကွက်တို့အား လေ့လာရာတွင်
ဆွန်ဇူး၏ အဆိုအမိန့်များသည် အလွန်မှန်ကန်လှကြောင်း တွေ့ရ၏။ ဂျပန်တို့၏
စီးပွားရေးအောင်မြင်မှုအား သုံးသပ်ရာတွင် ဆွန်ဇူး၏ သေနင်္ဂဗျူဟာစစ်ပညာကျမ်း
အားချန်လှစ်ထား၍ မဖြစ်ချေ။
What I want to say ?ချင့်ချိန်တတ်ပါ
သဘောတရားတစ်ခု၏ မှန်ကန်မှုအတိုင်းအတာသည် သင်၏နားလည်သဘောပေါက်မှု အပေါ်တွင်
မှီခိုလျှက်ရှိသည်။ ယေဘူယျ ဆိုလိုရင်းနှင့် ဆိုလိုသည့်အခြေအနေအား
နားလည်တတ်ရန်လို၏။ ၎င်းသည်ပင်လျှင် ဥာဏ်ပညာဟူ၍ ကျွန်ုပ်တို့ တန်ဖိုးထားသည့်
အကြောင်းအရင်းပင်ဖြစ်သည်။ “နေမကောင်းလျှင် ဆန်ပြုတ်သောက်ရမည်” ဆိုသည်မှာ
လူနာတိုင်းအတွက် မဟုတ်ချေ။ ချင့်ချိန်တတ်ရန်လိုသည်။
တကိုယ်တော်
ကမ္ဘာအား ကိုင်လှုပ်ခဲ့သော အတွေးအခေါ် အချို့ သည် တစ်ယောက်တည်း အလုပ်လုပ်သော
လူများထံမှ ထွက်ပေါ်လာတတ်ပါသည်။ သို့သော် တစ်ယောက်တည်းလုပ်ရသော
လုပ်ငန်းမျိုးရှိသကဲ့သို့ စုပေါင်း ဆောင်ရွက်ရသော ကိစ္စများလည်းရှိ ပါသည်။
“ကျွန်ုပ်တို့၏ စစ်သူကြီးများ” စာစုသည် တကိုယ်တော် ပုဂ္ဂိုလ်များ
အားဆိုလိုရင်း မဟုတ်ပါ။ အဖွဲ့အစည်းတစ်ခုတွင် အကြီးအကဲ တာဝန်ယူ ထားရသော
ပုဂ္ဂိုလ်များ အား စစ်သူကြီး တစ်ယောက်၏ တာဝန်ဖြင့်
တင်စားဖေါ်ပြလိုရင်းပင်ဖြစ်သည်။
TQM (Total Quality Management) မှာ စီးပွားရေးဆိုင်ရာ
အသုံးအနှုန်းတစ်ခုဖြစ်သည်။ ဂျပန်ဘာသာဖြင့် ကိုင်ဇင်း (Kaizen) ဟုခေါ်သည်။
လုပ်ငန်းခွင်ရှိ ပါဝင်သူအားလုံး အရည်အသွေးတိုးတက် ကောင်းမွန်စေရန်
ဆောင်ရွက်၍ အောင်မြင်မှုအား ရယူသည့် ပုံစံတစ်ခုဖြစ်သည်။ သို့ရာတွင်
အဖွဲ့အစည်းတစ်ခု ၏ကံကြမ္မာသည် ဦးဆောင်သူ အကြီးအကဲ၊ သို့မဟုတ် Boss ၏
အဆုံးအဖြတ် နှင့် အရည်အသွေးအပေါ် ၌ မူတည်လျှက်ရှိသည်အား ယုံမှား သံသယ
ဖြစ်ဖွယ် မရှိချေ။
“မှားယွင်းမှုတစ်ခု၏ တရားခံသည် အကြီးအကဲ ဖြစ်သကဲ့သို့၊ အောင်မြင်မှု၏
အရင်းအမြစ်သည် ပါဝင်သူအားလုံး၏ စွမ်းဆောင်မှုဖြစ်သည်မှာ” သင်၏ရွေးချယ်ခွင့်
မဟုတ်ချေ။
Notes
မူရင်းဆိုဒ်။ ။ http://tinwinaung.blogspot.com/2010/08/sun-tzu.html
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment