Thursday, March 14, 2013

အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) - ၂

နိုင်ငံတကာဖွံ့ဖြိုးရေးနယ်ပယ်မှ အရပ်ဘက်လူ့အဖွဲ့အစည်း

အနည်းဆုံး ၁၉၈၀ ခုနှစ်များမှာစပြီး ဖွံဖြိုးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွင် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ၄င်း၏ ဇာတ်ကောင်များမှာ ကျယ်ပြန့်စွာ အရေးပါလာပါသည်။ ဤအရွေ့မှာ ဆန္ဒအလျောက်ထူထောင်ဆောင်ရွက် ကြသည့် အေဂျင်စီများ၊ အန်ဂျီအိုများ ဖွံ့ဖြိုးနယ်ပယ်တွင် အလုံးအရင်းဖြင့်ပါဝင်လာကြခြင်းနှင့်အတူ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၄င်းမှာလည်း အဓိကအားဖြင့် ၁၉၈၀ခုနှစ်များအတွင်း လွှမ်းမိုးလာခဲ့သော နီယိုလစ်ဘရယ် ဖွံ့ဖြိုးရေးမော်ဒယ်  ကြာင့်ဟုဆိုနိုင်စရာရှိပါသည်။ ဤနီယိုလစ်ဘရယ်မော်ဒယ်က နိုင်ငံတော်အပေါ်သံသယကြီးသည့် သဘောထားမျိုး ထားရှိတတ်ပြီး၊ နိုင်ငံတော်၏ လူမှုဖူလုံရေးနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ၀န်ဆောင်မှုများကိုပါ ပုဂ္ဂလိကပိုင်ပြုစေလိုသည့် အမြင်မျိုးရှိပါသည်။
ထို့ကြောင့်ပင် ထိုကာလများအထိ နိုင်ငံတော်၏ တာဝန်တစ်ရပ်သဖွယ်ရှိနေခဲ့သော လူမှုရေး ကဏ္ဍကို အန်ဂျီအိုများ၏ ၀န်ဆောင်မှု အသစ်များဖြင့် လုပ်ဆောင်သွားရန် တွန်းအားပေးမှု ပြုခဲ့ပါသည်။ ဤသို့ဖြင့် အားနည်းချက်များစွာပြည့်နှက်နေသည့် နိုင်ငံတော်၏ အခန်းကဏ္ဍကိုလျှော့ချရင်း အန်ဂျီအိုများသည် ကြီးမားသည့် အလုပ်တာဝန်များကို တိုးမြှင့်လုပ်ကိုင်ဆောင်ရွက်လာခဲ့ကြသည်။

ဤရေစီးကြောင်းမှာ ၁၉၉၀ခုနှစ်များအတွင်း ပြုလုပ်သော ကုလသမဂ္ဂ ကွန်ဖရင့်များကြောင့် ပိုမိုအားကောင်းလာခဲ့ပြီး ဤကွန်ဖရင့်များက အန်ဂျီအိုအသစ်များ ထူထောင်ရန် သို့မဟုတ် ရှိနေသည့် အန်ဂျီအိုများ၏ ဂွင် ကို ထပ်ချဲ့နိုင်ရန် များစွာသော မက်လုံးများကို ပေးခဲ့ကြပါသည်။ နိုင်ငံတော်များ သို့မဟုတ် အစိုးရများအနေဖြင့် ညံ့ဖျင်းစွာသာ ဆောင်ရွက်စီမံနိုင်သည့် အခါမျိုးတွင် အန်ဂျီအိုများကို ဖွံ့ဖြိုးရေးအထောက်အကူအား အခြားတစ်ဖက်မှ အကောင်အထည်ဖေါ်နိုင်သူများ (alternative implementers)အဖြစ် ယူဆလာကြသည်။ ဤသို့ အန်ဂျီအိုများအပေါ် ပိုမိုတိမ်းညွှတ်လာကြသည်မှာ ၄င်းတို့၏ နိုင်ငံရေးအရ လွတ်လပ်သည့် ရပ်တည်မှုပုံစံနှင့် ပြုလွယ်ပြောင်းလွယ်ခြင်း၊ အကျိုးခံစားစေလိုသူများထံသို့ (အစိုးရ ဗျုရိုကရေစီယန္တရားထက်စာလျှင်) ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ခြင်းတို့ကြောင့်ပင် ဖြစ်သည်။ ဤသို့ဖြင့် ဖွံဖြိုးရေးအထောက်အကူအတွက် ပံ့ပိုးငွေများသည်လည်း အန်ဂျီအိုများမှတဆင့် ပိုမိုဖြတ်သန်း စီးဆင်းလာခဲ့ပါတော့သည်။ ဥပမာ- ၁၉၈၅/၈၆ ခုနှစ်တွင် အိုအီးစီဒီနိုင်ငံများ၏ အန်ဂျီအိုများသို့ ဖွံဖြိုးရေးအကူအညီ ထောက်ပံ့ငွေမှာ ဒေါ်လာ ၃.၁ ဘီလီယံသာရှိခဲ့သော်လည်း ၂၀၀၁ခုနှစ်တွင် ၇.၂ ဘီလီယံအထိ မြှင့်တက်လာခဲ့သည်။ အခြားရင်းမြစ်များတွင် ထိုထက်ပိုသော ကိန်ဂဏန်းများကိုပင်ဖော်ပြခဲ့သည်။

ဤသို့ အန်ဂျီအိုများမှတဆင့် ပံ့ပိုးငွေများ ပို၍စီးဆင်းလာခြင်းမှာ တတိယကဏ္ဍအား ပိုမိုအားကောင်းလာစေရုံမျှမက ပိုမိုထိရောက်စွာ ၀န်ဆောင်မှုပေးနိုင်သည့် အော်တာနေးတစ် တစ်ခုအဖြစ်ပါ ယူဆလာကြသည်။ အန်ဂျီအိုများသည် အရပ်ဘက်လူ့ဖွဲ့အစည်း၏ ဇာတ်ကောင်များဖြစ်သော်လည်း ဤကဲ့သို့ အကူအညီပေးပို့မှု ယန္တရား အရွေ့မှာ အခြေခံအားဖြင့် သန်စွမ်းသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတစ်ခု တည်ထောင်နိုင်စေရန် ရည်ရွယ်သည်တော့မဟုတ်လှပါ။ ဤသို့ ဦးတည်ချက်များမည်သို့ပင် ကွဲပြားနေသည့်တိုင် တတိယကဏ္ဍအား အားပေးထောက်ပံ့ပြုခြင်းအား အလိုအလျောက်ပင် အရပ်ဘက်လူ့အဖွဲ့အစည်းအား အားပေးထောက်ပံ့ခြင်းအဖြစ် ညီမျှခြင်းချလာခဲ့ကြတော့လေသည်။

အရပ်ဘက်လူ့အဖွဲ့အစည်းသည် ကောင်းမွန်သည့်အုပ်ချုပ်မှုနှင့် ဒီမိုကရေစီပြောင်းလဲရေးအတွက် နည်းလမ်းတစ်ခုဖြစ်သည် ဟူသော အယူအဆမှာ ၁၉၉၀ ခုနှစ်များ အစောပိုင်းတွင် ပိုမို အရှိန်ရလာခဲ့သည်။ စစ်အေးတိုက်ပွဲ ပြီးဆုံးသွားသည့်အခါ ကောင်းမွန်သည့်အုပ်ချုပ်မှု၊ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း နှင့် တရားဥပဒေစိုးမိုးမှု စသည်တို့ကို့ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ဆောင်မှုများ၏ အရေးကြီးသော ဦးတည်ချက်များအဖြစ် ထည့်သွင်းလာခဲ့ကြသည်။ ထို့ကြောင့်ပင် အားကောင်းသန်စွမ်းသည့် အရပ်ဘက်လူ့အဖွဲ့အစည်းအား ဒီမိုကရေစီထူထောင်ရေး၏ အခြေခံတစ်ခုအဖြစ် ယူဆလာခဲ့ပြီး၊ အရပ်ဘက်လူ့အဖွဲ့အစည်း၏ လုပ်ကိုင်ဆောင်ရွက်မှုများ ကိုလည်း ဒီမိုကရေစီဖြစ်ပေါ်လာရေးအတွက် အားထုတ်မှုများ အဖြစ် ရှုမြင်လာကြသည်။ နိုင်ငံတကာအလှူရှင် များ အားလုံးလိုလိုက အရပ်ဘက်လူ့အဖွဲ့အစည်းအား နိုင်ငံတော်၏ ဆုံးဖြတ်ချက်များကို လွှမ်းမိုးနိုင်ရန်အတွက် အရေးကြီးသည့် အကြောင်းရင်းခံတစ်ရပ်အဖြစ် လည်းကောင်း၊ ဒီမိုကရက်တစ်နိုင်ငံတစ်ခုအတွက် အရပ်ဘက်လူ့အဖွဲ့အစည်း၏ တာဝန်ယူနိုင်မှုများကို လည်းကောင်း၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်လာစေနိုင်သည့် ၄င်း၏ ရွေ့လျားတွန်းကန်ပေးနိုင်သော အခန်းကဏ္ဍအားလည်းကောင်း၊ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ ဒီဘိတ်များ ပွင့်လင်းစွာဖြစ်ပေါ်လာစေရန် အားပေးအားမြှောက်ပြုနိုင်သည့် ၄င်း၏ အခန်းကဏ္ဍအားလည်းကောင်း အထူးတလည်ရည်ညွှန်းဖော်ပြလာကြပါသည်။

လက်တွေ့တွင် အလှူရှင်များသည် တတိယကဏ္ဍနှင့်အရပ်ဘက်လူ့အဖွဲ့အစည်း သဘောတရားတို့အားပေါင်းစပ်၍  ၀န်ဆောင်မှုပေးခြင်း(service delivery) နှင့် တိုက်တွန်းစေ့ဆော်မှုပြုခြင်း (advocacy) တို့ကို ပေါင်းစပ် ကျင့်သုံးလာခဲ့ကြသည်။ ကမ္ဘာဘဏ်က တိုက်တွန်းစေ့ဆော်မှုပြုခြင်း(advocacy) ၊ စောင့်ကြည့်ထိန်းသိမ်းခြင်း (monitoring) နှင့် တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်း (direct service delivery) တို့ကို အရပ်ဘက်လူ့အဖွဲ့အစည်း၏ အဓိကလုပ်ဆောင်မှု ၃ မျိုးအဖြစ်ဖော်ပြခဲ့သည်။ အခြားအလှူရှင်များကမူ လုပ်ဆောင်မှုပုံစံနှစ်မျိုး (တိုက်တွန်းစေ့ဆော်မှုပြုခြင်းနှင့် ၀န်ဆောင်မှုပေးခြင်း) မှာအပြန်အလှန်ဆက်စပ်မှု ရှိနေကြောင်းကို ရပ်ခံတင်ပြသည် ။ ဥပမာ - ရပ်ရွာအခြေပြု အသင်းအဖွဲ့များ(community based organizations)အနေဖြင့် ၄င်းတို့၏ ထိရောက်စွာ ၀န်ဆောင်မှုပေးခြင်းမှရရှိထားခဲ့သည့် လူထုလက်ခံမှု အပေါ်တွင် အခြေပြု၍ ဆင်းရဲနွမ်းပါးသူများအတွက့်  တိုက်တွန်းစေ့ဆော်မှုများကို ကျယ်ပြန်အောင်ချဲ့ထွင်နိုင်စွမ်းရှိသည်ဟုဆိုသည်။

သို့သော်လည်း ဖွံ့ဖြိုးရေးဆိုင်ရာ နယ်ပယ်တွင် အန်ဂျီအိုများပါဝင်လာခြင်းနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းအတွင်း အန်ဂျီအိုများကို ထည့်သွင်းစဉ်းစားမှု ပြုခြင်းတို့အပေါ် ဝေဖန်မှုများ ရှိတန်သလောက်ရှိလာပါသည်။ အထူးသဖြင့် ထောက်ပံ့ငွေများ အန်ဂျီအိုများ၌ စုပြုံနေသည့်တိုင် ၄င်းတို့မှာ အစိုးရများထက် ပိုမိုလွတ်လပ်သည့် အနေအထားရှိနေသောကြောင့် သက်ဆိုင်ရာ ပြည်သူလူထုနှင့် ရပ်ရွာအသိုက်အ၀န်းများအပေါ် မဖြစ်မနေတာဝန်ခံမှု အပိုင်း၌ အားနည်းနေနိုင်သည်ဟုဆိုသည်။ အဓိကကျသည့် ဝေဖန်မှုတစ်ရပ်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းအား အားပေးထောက်ခံမှုပြုခြင်း ဆိုသည်ကို ပိုမိုကျယ်ပြန့်သော ပါဝင်ကိုယ်စားပြုမှုများရှိနေသည် အခြားဇာတ်ကောင်များထက် နိုင်ငံတကာနှင့် ပြည်တွင်းရှိ အန်ဂျီအိုများအပေါ်တွင်သာ ဗဟိုပြု၍စဉ်းစားနေကြခြင်းပင်ဖြစ်သည်။

ဥပမာဆိုရလျှင် အလုပ်သမားသမဂ္ဂကဲ့သို့ အရွယ်အစားကြီးမား သည့် အသင်းအဖွဲ့များသည် အသင်းဝင်ဖြစ်ရန် ကန့်သတ်ချက်များစွာအပေါ် အခြေခံထားသည့် လတ်တလောပေါ်ပေါက်သော အန်ဂျီအိုများထက် များစွာပိုမို၍ လူထုပါဝင်မှုကို အာမခံနိုင်သည်ပင်ဖြစ်သည်။ ထို့အပြင် အန်ဂျီအိုများ၏ ဒီမိုကရေစီ တည်ဆောက်ရေးအပေါ်တွင် ပါဝင်စွမ်းဆောင်နိုင်မှု ကိုလည်း မေးခွန်းထုတ်လာကြပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့သော အန်ဂျီအိုများအနေဖြင့် ပုဂ္ဂိုလ်ရေးအရ၊ သိုမဟုတ် အဖွဲ့အစည်းအရ အစိုးရများနှင့် နှောင်ကြိုးမကင်းနိုင်သည့်အတွက် အစိုးရအား အတိုက်အခံအနေအထားမှ ရပ်တည်ပြောဆိုနိုင်ရန်မှာ ခက်ခဲသောကြောင့်ပင်ဖြစ်သည်။

အချို့သော ပညာရှင်များက နိုင်ငံတကာအန်ဂျီအိုများသည် ၄င်းတို့ပြောသလောက် အလှူရှင်အစိုးရများထံမှ နှောင်ကြိုး လွတ်ကင်းမှုမရှိဟု စောကြောဝေဖန်ကြသည်။ အလှူရှင်များအနေဖြင့် ၄င်းတို့၏ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပြင်ပသို့တင်ပို့ လုပ်ကိုင်စေရာတွင်၊ အစိုးရနှင့် အစိုးရမဟုတ်သော အကူအညီများမှာ ဒွေးရောယှက်တင်ဖြစ်လာပြီး အန်ဂျီအိုများ၏ လွတ်လပ်စွာ ရပ်တည်နိုင်မှုမှာလည်း သံသယရှိစရာ ဖြစ်လာပါသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းများကဲ့သို့ပင် တာဝန်များကို ခွဲဝေကာ လုပ်ကိုင်လာကြသည့် အန်ဂျီအိုများအပေါ်တွင် လူထု၏ တရားနည်းလမ်းကျစွာ လက်ခံမှု (legitimacy) အတိုင်းအတာမှာလည်း မေးခွန်းထုတ်စရာဖြစ်လာပါသည်။ ဆိုရလျှင် ထောက်ပံ့မှုအများစု လိုလိုမှာ ကမ္ဘာ့မြောက်ခြမ်းရှိ အလှူရှင်အစိုးရများမှ ကမ္ဘာ့မြောက်ခြမ်းရှိ အန်ဂျီအိုများထံ အရင်စီးဆင်းပြီး၊ ၄င်းတို့မှတဆင့် တောင်ကမ္ဘာခြမ်းရှိ အန်ဂျီအိုများထံသို့ ပြန်လည် ဝေခြမ်းပေးလေ့ ရှိပါသည်။ ဤအခြေအနေမျိုး၌ တောင်ကမ္ဘာရှိအန်ဂျီအိုများသည် သက်ဆိုင်ရာလူထုထက်စာလျင် မြောက်ကမ္ဘာခြမ်းမှ ၄င်းတို့၏ လုပ်ဖော်ကိုင်ဖက်များအပေါ်တွင်သာ ပို၍သစ္စာခံနေတတ်ကြောင်းကိုတွေ့ရပေသည်။ ထို့ကြောင့်ပင် အန်ဂျီအိုအများစုအား စီပွားရေးဆိုင်ရာ အကျိုးစီးပွားများအတွက် ရပ်တည်နေသည့် လုပ်ငန်းငယ်များ၊ အတိုင်ပင်ခံများ သဖွယ် ယူဆလာကြပါသည်။ တောင်ကမ္ဘာခြမ်းမှာ အန်ဂျီအိုများဆိုလျှင် အမြတ်အစွန်းအတွက်မဟုတ်သော်လည်း ပြင်ပမှ စီမံခြယ်လှယ်နေသူများ၏ ငွေကြေးဖြည့်တင်းပေးထားသည့် စီးပွားရေးအတိုင်ပင်ခံ လုပ်ငန်းများကဲ့သို့ပင် ဖြစ်လာပါသည်။

အချို့သူများက ဤကဲ့သို့ အရပ်ဘက်လူ့အဖွဲ့အစည်းအား စီးပွားရေးဇာတ်သွင်းခြင်း (commercialization of the civil society) အပေါ်စိုးရိမ်မှုပူပန်များရှိလာကြသည်။ ဤသို့သော လုပ်ဆောင်မှုများကြောင့် ထောက်ပံ့ကူညီမှုမရသည့် အခြားသော ပိုမိုစစ်မှန်၍ လူထုလက်ခံမှုမြင့်မားသည့် ဒေသတွင်းဇာတ်ကောင်များ၏ နှိုးကြားတက်ကြွမှုနှင့် ပါဝင်ဆောင်ရွက်မှုတို့ကို ယုတ်လျော့သွားစေနိုင်သည် ဟုဆိုသည်။ ဤကဲ့သို့ လူထုချိတ်ဆက်မှု (civic engagement) မှာ စီးပွားရေးဆန်ဆန်အန်ဂျီအိုများ၏ ခြယ်လှယ်လွှမ်းမိုးမှု အန္တရာယ်ဖြင့် ရင်ဆိုင်ကြုံတွေ့နေရပါက၊ ရေရှည်တွင် အားကောင်းသန်စွမ်းသည့် အရပ်ဘက်လူ့အဖွဲ့အစည်းဖြစ်ပေါ်လာရေးကို များစွာ ထိခိုက်သွားနိုင်ပေသည်။

(ဆက်ရန်)

Thania Paffenholz နှင့် Christoph Spurk တို့၏ Civil Society, Civic Engagement and Peace Building စာတမ်းမှ ကောက်နှုတ် ပြန်ဆိုသည်
 
Copy link: http://www.lubo601.com/2013/03/civil-society_14.html

0 comments:

Post a Comment