၁၉၄၇ ခုနှစ် ၊ဇွန်လဆန်း ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံးကြီး မိန့်ကြားချက်
ကျွန်တော်
မနှစ်ကဘဲ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံးကြီး၏ ညီလာခံသဘင် ကို
ဖိတ်ကြားသဖြင့် လာရောက်စကားပြောကြားခဲ့ပါပြီ။ ဒီနှစ်လဲ လာရောက်စကားပြောပါ
ဆိုလို့ လာရောက် ပြောရခြင်းဖြစ်ပါတယ်။ ယခု စကားလာပြောတဲ့အခါမှာ မီးသတ်
အစည်းအရုံးကြီးက အစိုးရထံမှာ တောင်းဆိုထားတာတွေ တွေ့ရှိတယ်။ အဲဒါကို
အစိုးရက မလိုက်လျောသေးဘူးလို့ တွေ့တယ်။ အဲဒီ ကိစ္စကို ဆိုင်ရာတာဝန်ခံ
ဝန်ကြီးနှင့် သွားပြော ဖို့လိုတယ်။ ဗိုလ်ချုပ်လဲ နေရာတကာ ၀င်မစွက်တော့ဘူး။
ဗိုလ်ချုပ်လဲ မတက်နိုင် တော့ဘူး။
လူထုနှင့် လုပ်မှ ရမယ်
ယခုခေတ်မှာ
ပြန်လည်ထူထောင်ရေး လုပ်လုပ်၊ တိုင်းပြည် ကာကွယ်ရေး လုပ်လုပ်
၊ကျွန်တော်တို့ဟာ သူ့ဆိုင်ရာအဖွဲ့ သူ့ဆိုင်ရာ လူထုလောက်နှင့်
လုပ်လို့မပြီးနိုင်ဘူး။ အဓိပ္ပါယ်က မီးသတ်ကိစ္စကို မီးသတ် အဖွဲ့ထဲရှိတဲ့
လူတွေနှင့် လုံလောက်ခေတ် မဟုတ် ဘူး။ တိုင်းပြည်ကာကွယ်ရေးမှာ စစ်တပ်က
လူတွေနှင့် လုံလောက်အောင် ကာကွယ်နိုင် တဲ့ခေတ် မဟုတ်ဘူး။ တိုင်းပြည်ပြန်လည်
ထူထောင်ရေး လုပ်ငန်းမှာလဲ အစိုးရဖက်က လူတွေနှင့် မလုံလောက်ဘူး။
ယခုခေတ်မယ် ဘယ်ဟာပဲဖြစ်ဖြစ်၊ကာကွယ်ရေး လုပ်ငန်း စဉ်မှာဘဲ ဖြစ်ဖြစ်၊လုပ်တဲ့
အခါမယ် တိုင်းပြည် လူထုနှင့် ယှဉ်၍ ကိုယ်ထိလက်ရောက် ပါဝင်ကူညီဖို့ သဘောတရား
တနေ့တခြား ပိုမိုထင် ရှားလာတယ်။
တိုင်းပြည်ကာကွယ်ရေး
တိုင်းပြည်
ကာကွယ်ရေးကိစ္စ စီစဉ်ရလျှင် အကြမ်းအားဖြင့် ကျွန်တော်တို့ ဗမာပြည်မှာ ဒီလို
ကာကွယ်ရေးလုပ်ငန်း ပေါ်ပေါက်လာလျှင်၊အစိုးရက နေ၍ ဖွဲ့စည်းတည်ထောင် ထားတဲ့
စစ်တပ်တွေနဲ့ ဘယ်နည်းနဲ့မှ လုံလုံလောက်လောက် မကာကွယ်နိုင်ဘူးလို့ ယူဆတယ်။
ထိထိရောက်ရောက် ကာကွယ်နိုင်သလောက် ကာကွယ်နိုင်ဖို့၊အခြားနိုင်ငံ တွေနှင့်
မဟာမိတ်ဖွဲ့ပြီး ပေါင်းတိုက်မှ ဖြစ်မယ်။ ၎င်းအပြင် အရေးကြုံယင် သက်လုံကောင်း
မှ ဖြစ်မဲ့အတွက် ကိုယ့်အားကိုယ် ယုံကြည်ဖို့လဲ လိုတယ်။
လူ ၁၇ သန်းနှင့် ဗမာပြည်
ဗမာပြည်မှာ
လူဦးရေ ၁၇ သန်းရှိတဲ့အနက်မှ ၁၇ သန်း စလုံးမှ လူကြီးကစ ကလေးအထိ
လုပ်ကိုင်တက်ဖို့လိုတယ်။ အချိန် အရွယ်အလိုက် ၀င်လုပ်တက်ဖို့ စီစဉ်ထားရမယ်။
အဲဒီအတိုင်းဘဲ မီးသတ်ဟာလဲ အဲဒီလို ၀င်လုပ်နိုင်ဖို့ စဉ်းစားဖို့လိုတယ်။
ပြန်လည် ထူထောင်ရေးမှာ သဘာဝအလျှောက် ဖြစ်စေ
၊ဂရုမစိုက်လို့ဖြစ်စေ၊ရှို့လို့ဖြစ်စေ၊ မီးဘေး ကိစ္စများ ပေါ်ပေါက်နိုင်တယ်။
သို့သော် စစ်ဖြစ်လာတဲ့ အခါမှာ မီးသတ်ကိစ္စမှာ အင်မတန် အရေးကြီးလာတယ်။
ဒီမီးသတ်အဖွဲ့မှာရှိတဲ့ လူနှင့် မလုံလောက်နိုင်ဘူး။ ယခုခေတ်မှာ
မြန်မြန်လုပ်နိုင်ဖို့ အရေးကြီးတယ်။ အချိန်ကလဲ အရေးကြ်ီးတယ်။ ရှေးအခါ
ဗမာပြည်မှာ မီးလောင်စာတွေ မရှိဘူး။ မြို့ရွာလဲ အိမ်ခြေ နည်းတယ်။ တဦးနှင့်
တဦးမှာလဲ ကူညီ ၀ိုင်းဝန်းမှုရှိတယ်။ တအိမ် မီလောင်လျှင် တရွာလုံးက မိမိ၏
တာဝန်ကို သိရှိတယ်။
လောင်စာတွေ ပေါတယ်
ယခုခေတ်မှာ
လောင်စာဖြစ်တဲ့ ဓါတ်ဆီရေနံတွေပေါတယ်။ မြို့ရွာအိမ်တွေ ပြည့်ကျပ် လာတယ်။
လူတွေ ပိုမိုများပြားလာတယ်။ သို့သော် အိမ်နားနီးချင်းပင် အသိမိတ်ဆွေ
မမှတ်သူတွေ အမြောက်အများ ရှိလာကြတယ်။ ဗမာပြည်မှာ ရှေ့ရှောက်ပြီး ဒီအတိုင်း
ဖြစ်သွားမျာဘဲ အဲဒီတော့ တဦးနှင့်တဦး ၀ိုင်းဝန်းကူညီမှု မရှိဘူး။
မီးလောင်လျှင် မီးသတ်သမားများဟာ လျင်မြန်စွာ ရောက်နိုင်ဖို့ အရေးကြီးတယ်။
လောင်စာများလာလို့ မီးသတ် အစည်းအရုံးတွေ များများလိုလာမယ်။ ရှေးက
ဗမာ့စံနစ်ကို ပြန်လည်ရရှိဖို့ ကြိုးစားရမယ်။ နှိုးဆော်ရမယ်။ ယခုခေတ်ဟာ
အချိန်နဲ့ လိုက်၍ လုပ်ရမယ် စစ်တိုက်တဲ့ အတွင်းမှာလဲ သူ့အချိန်နှင့်သူ
ဖြစ်လာတာနှင့် မြန်မြန်ထက်ထက် လုပ်ဖို့ အရေးကြီးတယ်။
မီးသတ်ပညာ သင်ပါ
မီးသတ်လုပ်ငန်းဟာ
မြန်မြန် ထက်ထက်နှင့် ရဲရဲဝံ့ဝံ့ လုပ်ရတဲ့ လုပ်ငန်း ဖြစ်သဖြင့်
သူရဲကောင်းများ၏ လုပ်ငန်းတရပ်လို့ ယူဆတယ်။ သူများကောင်းကျိုး အတွက်
သူညီဆောင်ရွက်တဲ့ စေတနာ့ဝန်ထမ်း လုပ်ငန်းများဖြင့် ဒီသူရဲကောင်း စိတ်တွေ
မွေးပြီး ကူညီဝိုင်းဝန်းဖို့ လုပ်ရမယ်။ မီးသတ်သမားများကို မီးမလောင်ခင်က
ကိရိယာ တန်ဆာ ပလာ အပြည့်အစုံရှိဖို့နှင့် မီးလောင်လျှင် အမြန်ဆုံး
သွားရောက်ငြိမ်းသတ်နိုင်ဖို့ ပညာတွေ သင်ကြားထားရမယ်။ ။
Monday, March 4, 2013
တိုင်းပြည်လူထုနှင့် ပူးပေါင်း လုပ်ကိုင်ရမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment