Wednesday, March 13, 2013

မဟာဗျူဟာမြောက် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု စီမံကိန်းအား ရေးဆွဲအကောင်အထည် ဖော်မည်ဆိုလျှင်

By: HR Journal

ယခုလို နှစ်ဝက်ကျော်ကာလသို့ ချင်းနင်း ဝင်ရောက်ပြီဆိုလျှင် အဖွဲ့အစည်းများရှိ လူသားအရင်းအမြစ် စီမံခန့်ခွဲသူများ အနေနှင့် ရှေ့နှစ်အတွက် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု စီမံကိန်းကို ပြင်ဆင် ရေးဆွဲရန်  လိုအပ်လာပေသည်။ ရေရှည်ကို မျှော်မှန်းပြီး ရှေ့လာမည့် ၃ နှစ်၊ ၅ နှစ်အတွက် စီမံကိန်းများ ကြိုတင်ရေးဆွဲသည့် ကုမ္ပဏီများလည်း ရှိကြပေသည်။ အပြောင်းအလဲများသော မိမိတို့နိုင်ငံတွင် ရှေ့တစ်နှစ်စာအတွက် စီမံကိန်းများ ကြိုတင် ရေးဆွဲခြင်းသည်သာလျှင် ပို၍လက်တွေ့ကျပြီး လုပ်ငန်းများ၏ ပကတိအခြေအနေနှင့် နီးစပ်မှုရှိနိုင်ပါသည်။
ယခင်က ဤစီမံချက်ကို လွယ်ကူရိုးစင်းစွာ ရေးဆွဲခဲ့ကြပါသည်။ ရေးဆွဲခြင်း လုံးလုံး မရှိသည်ထက်စာလျှင် အတိုင်းအတာ တစ်ခုအထိ အကျိုးပြုပါသည်။ ယခုတော့ ခေတ်ကာလ အလိုအရ ဤစီမံကိန်းကို မဟာဗျူဟာ ရှုထောင့်အမြင်ဖြင့် ပြင်ဆင် ရေးဆွဲရန် လိုအပ်လာပေသည်။

သို့ပါသော်လည်း လူသားအရင်းအမြစ် စီမံခန့်ခွဲသူ အများစုသည် ကြိုတင်ခန့်မှန်း စီစဉ်ထားခြင်း မရှိသော နေ့စဉ်အလုပ်များနှင့် အလုပ်များနေကြလေရာ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု စီမံကိန်းအား စီးပွားရေးလုပ်ငန်း၏ မဟာဗျူဟာများနှင့် ချိတ်ဆက် ရေးဆွဲနိုင်မှုတွင် အားနည်းနေကြပေသည်။ လူအများစု နားလည်ယူဆကြသည်မှာ မဟာဗျူဟာမြောက်သည့် စီမံကိန်းများကို ရေးဆွဲရသည့် အလုပ်သည် အဖွဲ့အစည်း၏ အမှုဆောင် အရာရှိချုပ်နှင့် အကြီးတန်း အမှုဆောင်များ၏ တာဝန်ဖြစ်သည်ဟုပင် ဖြစ်ပေသည်။ အချို့ကလည်း ယခုလိုပြောင်းလဲမှု (Change) မြန်ဆန်သည့် ခေတ်ကြီးတွင် မဟာဗျူဟာမြောက် စီမံကိန်းများသည် နောက်ဆုံးတွင် အသုံးမဝင်ဟု ယူဆကြပါသည်။ ပြောင်းလဲမှု မြန်ဆန်သော်လည်း မဟာဗျူဟာမြောက်သည့် အတွေးအမြင်နှင့် လုပ်ငန်းစဉ်များ လိုအပ်ပေသည်။ ဤမဟာဗျူဟာ လုပ်ငန်းစဉ်များသည် အဖွဲ့အစည်းကို အကျိုးရှိစေပြီး အဖွဲ့အစည်းရှိ ဝန်ထမ်းများနှင့် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများအား စီးပွားရေးလုပ်ငန်း၏ ဈေးကွက် အခြေအနေ၊ ယှဉ်ပြိုင်သူများနှင့် စိန်ခေါ်ချက်များအား နားလည် သိရှိစေပါသည်။

အဖွဲ့အစည်းများက မဟာဗျူဟာမြောက် လူသားအရင်းအမြစ် စီမံခန့်ခွဲမှုစီမံကိန်း ဘာကြောင့် လိုအပ်သလဲ။

ပထမအနေနှင့် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု စီမံကိန်း လုပ်ငန်းစဉ်များသည် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများအား လူသားအရင်းအမြစ် ဆိုင်ရာ ဈေးကွက် စိန်ခေါ်မှုများ အထူးသဖြင့် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် အနာဂတ် အခြေအနေများအား နားလည်စေပါသည်။ လူသားအရင်းအမြစ် စီမံကိန်းများသည် သီးခြားရှိမနေဘဲ အဖွဲ့အစည်း၏ မဟာဗျူဟာများ၊ ဈေးကွက် အခြေအနေများ၊ အဖွဲ့အစည်းအတွင်းရှိ အရင်းအမြစ်များနှင့် အနာဂတ် စိန်ခေါ်ချက်များနှင့်အတူ စနစ်တစ်ခုတည်းတွင် ဆက်စပ်နေပေသည်။ သို့မဟုတ်ပါက လူသားအရင်းအမြစ် စီမံခန့်ခွဲသူများသည် နေ့စဉ် (Adhoc) အလုပ်များနှင့် အလုပ်ရှုပ်နေကြရပေမည်။ စီးပွားရေး လုပ်ငန်းရှုထောင့်က ကြည့်ပါက လူသားအရင်းအမြစ်များကို စီမံခန့်ခွဲခြင်းသည် စီမံခန့်ခွဲမှု အဖွဲ့အောက်ရှိ အရေအတွက် နည်းပါးလှသည့် စီးပွားရေးလုပ်ငန်း၏ မောင်းနှင်အား တစ်ခုဖြစ်လေသည်။ စီးပွားရေး လုပ်ငန်းများ ကျဆင်းချိန် လုပ်ငန်းသဘာဝတူ အဖွဲ့အစည်းများအတွင်း အချို့သော အဖွဲ့အစည်းများသည် ကြီးမားသော အခက်အခဲများ ကြုံတွေ့နေရချိန်တွင် အချို့သည် တိုးတက်မှုကို ရေရှည် ထိန်းသိမ်းနိုင်ကြောင်း တွေ့ရှိကြရပေသည်။

စီမံခန့်ခွဲမှု အလေ့အထများနှင့် လုပ်ငန်း လုပ်ဆောင်ချက်များ ကွဲပြားမှုက အချို့အဖွဲ့အစည်းများအား အောင်မြင်စေပြီး အချို့အား ကျရှုံးမှုကို ဖြစ်ပေါ်စေပါသည်။ ဒုတိယအနေနှင့် မဟာဗျူဟာမြောက် လူသားအရင်းအမြစ် စီမံကိန်းအား အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်များသည် အဖွဲ့အစည်းရှိ လုပ်ငန်းဌာနများနှင့် ထိရောက်စွာ ဆက်သွယ် ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများအား အကောင်းဆုံး နည်းလမ်းဖြင့် ထိန်းသိမ်းနိုင်ခြင်းနှင့် မြင့်မားသော စွမ်းဆောင်မှုများ ရရှိစေရန် ဝန်ထမ်းများအား တွန်းအားပေးနိုင်ပါသည်။ ဤလုပ်ငန်းစဉ်အား အကောင်အထည် ဖော်ခြင်းဖြင့် အခြားဌာနများအနေနှင့် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု အစီအစဉ်များ (အကောင်းဆုံး ဝန်ထမ်းများကို ရွေးချယ်ခေါ်ယူခြင်း၊ ကျွမ်းကျင်မှု အရည်အချင်း ရှိသူများအား ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် စိတ်ဓာတ်ခွန်အားများ မြှင့်တင်ခြင်း) သည် စီးပွားရေး လုပ်ငန်းအား မည်သို့ မည်ပုံ အထောက်အကူပြုသည်ကို နားလည်လာကြပေသည်။ စီးပွားရေး လုပ်ငန်း၏ စိန်ခေါ်မှုများကို နက်နဲစွာ နားလည်ခြင်းဖြင့် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများသည် ယှဉ်ပြိုင်မှုများကို ရင်ဆိုင်ရန် အသင့်ဖြစ်စေပြီး ပိုမိုကောင်းမွန်သော လူသားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်များကို ဖော်ထုတ်နိုင်ကြပေမည်။

မဟာဗျူဟာမြောက် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု စီမံကိန်းဆိုတာ ဘာလဲ။

စီးပွားရေးလုပ်ငန်း၏ မဟာဗျူဟာမြောက် စီမံကိန်းတွင် လက်ရှိ စီးပွားရေးလုပ်ငန်းနှင့် သက်ဆိုင်သော စိန်ခေါ်မှုများ၊ ဈေးကွက် ယှဉ်ပြိုင်မှုများ၊ လုပ်ငန်းချဲ့ထွင်ရေး အခွင့်အလမ်းများ၊ လုပ်ငန်းများအတွင်း ပြောင်းလဲမှုများ စသည့် လေ့လာချက်များ ပြည့်စုံစွာပါဝင်ပြီး လုပ်ငန်း၏ ယှဉ်ပြိုင်ဘက်များနှင့် ဈေးကွက် ခြိမ်းခြောက်မှုများကို တွန်းလှန်မည့် မဟာဗျူဟာများကိုလည်း ထည့်သွင်း ရေးဆွဲပြီး လုပ်ငန်း အောင်မြင်ကြီးထွားရေး အတွက်လည်း အခွင့်အလမ်းများကို ရှာဖွေကြရပေသည်။ ဤမဟာဗျူဟာ စီမံကိန်းကို အခြေပြုပြီး အသေးစိတ် အကောင်အထည်ဖော် ဆောင်ရွက်မှု အစီအစဉ်များ ဖော်ဆောင်ပြီး လုပ်ဆောင်ချက် တစ်ခုချင်းစီသည် စီးပွားရေး လုပ်ငန်း၏ မဟာဗျူဟာများနှင့် ချိတ်ဆက်ကြရပေမည်။ ၎င်းစီးပွားရေး လုပ်ငန်း စီမံကိန်းကို အခြေခံပြီး စီးပွားရေး လုပ်ငန်းမဟာဗျူဟာကို အပြည့်အဝ အထောက်အကူပြုရန် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု မဟာဗျူဟာ စီမံကိန်းကို ဖော်ဆောင်ကြရပေသည်။ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု မဟာဗျူဟာ စီမံကိန်းသည် အဖွဲ့အစည်းအတွင်းရှိ အရင်းအမြစ်များအား အကောင်းဆုံး အသုံးချရန် အသေးစိတ် အကောင်အထည် ဖော်ဆောင်ပေးသော စီမံကိန်းလည်း ဖြစ်ပေသည်။

မဟာဗျူဟာမြောက် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု စီမံကိန်းကို မည်သို့ ဖော်ဆောင်မည်နည်း။

မဟာဗျူဟာမြောက် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု စီမံကိန်းကို ဖော်ဆောင်ရာတွင် လုပ်ငန်းရှိ အခြားဌာနများ၏ ထောက်ခံမှုရရှိရန် လိုအပ်ပြီး အပြန်အလှန် အကျိုးပြုမှုကို ထိန်းသိမ်းရပေမည်။ ယေဘုယျအားဖြင့် အောက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရပေမည်။

၁။ လုပ်ငန်းနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ ယှဉ်ပြိုင်မှုနှင့် သက်ဆိုင်သည့် အချက်အလက်များကို ကောက်ယူခြင်းဖြင့် အဖွဲ့အစည်းနှင့် စပ်လျဉ်းသည့် အရေးကြီး အကြောင်းအရာများနှင့် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု ဆိုင်ရာ အကျိုးဆက်များကို လေ့လာဆန်းစစ်ကြရပေမည်။

၂။ အဖွဲ့အစည်း၏ မဟာဗျူဟာ၊ ဖွဲ့စည်းပုံ၊ ဆောင်ရွက်မှုစနစ်၊ ဝန်ထမ်းများ၊ အစဉ်အလာ အလေ့အထများနှင့် ဆုချီးမြှင့်မှုများကို လေ့လာခြင်းဖြင့် အလားအလာရှိသော လူသားအရင်းအမြစ် စီမံခန့်ခွဲမှု မဟာဗျူဟာများနှင့် ဖြေရှင်းချက်များကို ရှာဖွေ သတ်မှတ်နိုင်ကြပေမည်။ ဥပမာအားဖြင့် ကုန်ပစ္စည်းအသစ်များ ထုတ်လုပ်ခြင်း သို့မဟုတ် နည်းပညာအသစ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လိုပါက နည်းပညာအသစ်များကို ရင်းနှီးကျွမ်းဝင်သော ဝန်ထမ်းအသစ်များ ခန့်အပ်ရန် လိုအပ်သကဲ့သို့ အဖွဲ့အစည်းရှိ လက်ရှိ ဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်ရန်အတွက် သင်ယူမှု လိုအပ်ချက်များကိုလည်း ထည့်သွင်း လေ့လာသင့်ပေသည်။ လူသားအရင်းအမြစ် စီမံခန့်ခွဲသူတို့ အနေနှင့် ပြင်းထန်သော ယှဉ်ပြိုင်မှုနှင့် ဈေးကွက် အခြေအနေများကြောင့် ပေါ်ပေါက်လာသော ဝန်ထမ်းအရေအတွက် လျှော့ချခြင်း ကိစ္စရပ်တွင် ရေတို အကျိုးသက်ရောက်မှုကို ကြည့်ရန် လိုအပ်သကဲ့သို့ ရေရှည်တွင် ဖြစ်ပေါ်လာနိုင်သော အနုတ်လက္ခဏာဆောင်သော အကျိုးသက်ရောက်မှုများကိုလည်း ထည့်တွက်ရန် လိုအပ်ပေမည်။

၃။ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု မဟာဗျူဟာ စီမံကိန်း၏ နောက်ဆုံးရလဒ်သည် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု မဟာဗျူဟာ၏ လုပ်ငန်း လုပ်ဆောင်ချက်များ၊ အစီအစဉ်များ ဖြစ်သော မည်သူက မည်သည့်အချိန်တွင် မည်သည်ကို ပြီးစီးအောင် ဆောင်ရွက်မည်၊ မည်သည့် အရင်းအမြစ်များကို လိုအပ်မည် စသည့် အချက်အလက်များ အပေါ်တွင် အခြေခံပါသည်။ အထူးသဖြင့် ကွဲပြားသော လူသားအရင်းအမြစ် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ရလဒ်များသည် ၎င်းလုပ်ငန်းစဉ် တစ်ခုချင်းစီ၏ အခန်းကဏ္ဍနှင့် တာဝန်ရှိမှုများကို ရှင်းလင်းစွာ သိထားရန် အရေးကြီးပေသည်။

၎။ အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခုလုံးတွင် စီမံကိန်းစီမံခန့်ခွဲသည့် နည်းလမ်းများကို အသုံးချပြီး ကုန်ကျစရိတ်၊ အချိန်၊ စီမံကိန်းနယ်ပယ်၊ ကာလအပိုင်းအခြားနှင့် တိုင်းတာမှု စံနှုန်းများကို သတ်မှတ် ဖော်ဆောင်သင့်ပေသည်။ ဤနည်းလမ်းကို အသုံးပြုခြင်းဖြင့် လူသားအရင်းအမြစ် စီမံခန့်ခွဲသူများနှင့် လုပ်ငန်း မန်နေဂျာများအကြား ထိရောက်သော ဆက်သွယ်ပြောဆိုမှုကို ဖြစ်ပေါ်စေပါသည်။ အဘယ့်ကြောင့်ဆိုသော် စီမံကိန်း စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို ၎င်းတို့လည်း နားလည်၍ ဖြစ်ပေသည်။ ဤသို့ ကျယ်ကျယ်ပြန့်ပြန့် စီမံဆောင်ရွက်ခြင်း မရှိပါက သင်၏ ကြိုးစား အားထုတ်မှုများအပေါ် လုပ်ငန်းဌာနများ၏ ထောက်ခံ အားပေးမှုရရှိမည် မဟုတ်ပေ။

၅။ စားသုံးသူများ၏ လိုအပ်ချက်များနှင့် လုပ်ငန်းစဉ်အတွင်း ပြောင်းလဲမှုများကို အမီလိုက်နိုင်ရန် ပုံမှန်ပြန်လည် သုံးသပ်ခြင်းများနှင့် ဆန်းစစ်လေ့လာခြင်းများ ပြုလုပ်သွားရန် လိုအပ်ပေသည်။

အထက်ပါ လုပ်ငန်းအဆင့်များကို အကောင်အထည်ဖော်ရာတွင် အရေးပါဆုံး အချက်သည် စီးပွားရေးလုပ်ငန်းရှိ လုပ်ငန်း ဆောင်ရွက်သူများက လူသားအရင်းအမြစ် စီမံခန့်ခွဲသူတို့၏ လုပ်ဆောင်ချက်များကို နားလည်ပြီး အားပေး ထောက်ခံမှု ရှိရန်လိုပေသည်။ သင်သည် အောက်ပါ အချက်များကို ရှင်းလင်းစွာ နားလည်သင့်ပေသည်။

-စားသုံးသူများ၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက်များ ပြောင်းလဲနေမှု၊

-သင်၏ ကုမ္ပဏီအား အကျိုးသက်ရောက်စေမည့် လုပ်ငန်းလောကအတွင်း ပြောင်းလဲမှု၊ ယှဉ်ပြိုင်ခြင်း သဘောသဘာဝ ပြောင်းလဲမှုနှင့် လုပ်ငန်းပြင်ပ အကြောင်းအရာများ ပြောင်းလဲမှု၊

-သင့်ကုမ္ပဏီ၏ စီးပွားရေး လုပ်ငန်းဆိုင်ရာ ရည်ရွယ်ချက်များ၊ လုပ်ငန်း အောင်မြင်မှုအတွက် အရေးပါသော အချက်များ

-ယှဉ်ပြိုင်မှုကို ထိခိုက်စေမည့် အရည်အသွေး နိမ့်ပါးမှုများ

-စီးပွားရေး လုပ်ငန်း၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သော သင်တန်းများနှင့် ဖွံ့ဖြိုးရေး အစီအစဉ်များ

-လူသားအရင်းအမြစ် စီမံခန့်ခွဲရေး လုပ်ငန်းများသည် ရှေ့လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း အဖွဲ့အစည်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်း အောင်မြင်မှုအတွက် အရေးပါသော အချက်များကို ပံ့ပိုးရာတွင် အဓိကကျကြောင်း နားလည်မှုတို့ ဖြစ်ပါသည်။

မဟာဗျူဟာမြောက် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု စီမံကိန်းအား ဖော်ဆောင်ရာတွင် မည်သူတွေ ပါဝင်သင့်သနည်း။

သင့်လုပ်ငန်း၏ မဟာဗျူဟာမြောက် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု စီမံကိန်းကို ဖော်ဆောင်ရေးတွင် သင့်လုပ်ငန်း၏ ဈေးကွက်အကြောင်းနှင့် စားသုံးသူများအကြောင်း ကောင်းစွာ နားလည်သော လုပ်ငန်းမန်နေဂျာများ ပါဝင်သင့်ပေသည်။ သင်၏ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု အကျိုးရလဒ် တစ်ခုဖြစ်သော ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်တက်ပြီး အဖွဲ့အစည်း၏ ရည်ရွယ်ချက်များ အောင်မြင်နိုင်ကြောင်းကို လူသားအရင်းအမြစ် စီမံခန့်ခွဲသူက လုပ်ငန်း မန်နေဂျာများအား ရှင်းပြနိုင်ပေမည်။ ၎င်းစီမံကိန်းကို အကောင်အထည် ဖော်နေစဉ်အတွင်း လုပ်ငန်းဌာနများအား ပါဝင်နေစေပြီး ၎င်းတို့၏ လုပ်ငန်းအပေါ် အကျိုးသက်ရောက်စေမည့် လုပ်ငန်းတိုးတက်မှုများကို စဉ်ဆက်မပြတ် အသိပေးနေရပေမည်။

ဥပမာအားဖြင့် ဘဏ္ဍာရေးဌာနအား အခါအားလျော်စွာ ပါဝင်စေခြင်းဖြင့် လူသားအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် စပ်လျဉ်းသည့် လုပ်ငန်း အစီအစဉ်များနှင့် ဝန်ဆောင်မှုများဆိုင်ရာ ငွေကြေးသုံးစွဲမှုများကို နားလည် သိမြင်စေပါသည်။ တစ်ချိန်တည်းမှာပင် လူသားအရင်းအမြစ် စီမံခန့်ခွဲသူတို့အားလည်း လူသားအရင်းအမြစ် စီမံခန့်ခွဲမှု စီမံကိန်းများကို ကုန်ကျစရိတ်ဟု မြင်နေခြင်းမှ ရင်းနှီးမြှုပ်နှံမှုဟု ပြောင်းလဲမြင်လာစေပါသည်။ အချုပ်အားဖြင့် ဆိုရသော် သင်သည် လူသားအရင်းအမြစ် စီမံခန့်ခွဲမှု မဟာဗျူဟာ ချမှတ် အကောင်အထည်ဖော်သူ ဖြစ်ပါက သင်၏ အဓိက တာဝန်သည် အခြားလုပ်ငန်းဌာနများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ပြီး သင်၏ မဟာဗျူဟာစီမံကိန်းပါ ကောင်းမွန်ထိရောက်သော အကျိုးဆက်များ ရရှိအောင် ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။

မောင်မောင်ထွန်း (စီးပွားစီမံ)
Copy link: http://teashoptalk.com/article/view/id/4440

0 comments:

Post a Comment