ဒါတွေလွတ်လပ်ရေးတိုက်ပွဲလား
၁၉၄၇ ခု၊ ဧပြီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရခိုင်ပြည် မြေပုံမြို့သို့ ရောက်ရှိသွားသည်။ ည ၈ နာရီ ခန့်တွင် အလံနီ ကွန်မြူနစ် ဆရာတော် ဦးစိန္တာ ကြီးမှူး ကျင်းပသော လူထုအစည်းအဝေးသို့ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက် စကားပြောကြားလေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားချက် အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
ယခု ကျွန်တော်လာရတာဟာ ဦးစိန္တာ ဖိတ်လို့လာတာ ဖြစ်တယ်။ ဒီညီလာခံ ကွဲနေတာကို စေ့စပ်ညီညွတ်အောင် လုပ်ဖို့ဆိုပြီး ဖိတ်တဲ့ အတွက် တခြားအရေးကြီး တာတွေကို ရွှေ့ဆိုင်းပြီး လာခဲ့ရတယ်။ ဒီကျတော့မှ တရား ဟောရုံ လောက် ရှိတယ်ဆိုတာ သိရတယ်၊ လွတ်လပ်ရေး အတွက်တော့ အရင်ကလည်း တိုက်ခဲ့တယ်၊ နောက်လဲ တိုက်ဦးမှာဘဲ၊ ဒီလာတာဟာ ညီညွတ်ဖို့လာတာ၊ မညီညွတ်ယင် အလကားဘဲ။ မညီညွတ်ယင် လွတ်လပ်ရေး မရနိုင်ဘူး။ လွတ်လပ်ရေး အဓိပ္ပာယ်ကိုလည်း နားလည်ဖို့ လိုတယ်။ လွတ်လပ်ရေးကို တောင်းယူလို့ မရ။ တိုက်ယူမှရမယ်ဆိုတာ သဘောတူတယ်။ ဒါပေမယ့် လွတ်လပ်အောင် လုပ်နည်းလိုတယ်။ လွတ်လပ်ရေးဆိုတာ ညီညီညွတ်ညွတ်နဲ့ အင်အားရှိမှ ရနိုင်တယ်။
သူပုန် သူပုန် ထထ အော်နေရုံနဲ့ လွတ်လပ်ရေး မရနိုင်ဘူး။ အလုပ် လုပ်တဲ့ နေရာမှာ နားလည်ဖို့လိုတယ်။ တကယ် နားလည်ပြီး လုပ်ယင် လုပ်တက်ယင် တနှစ်အတွင်း လွတ်လပ်ရေး ရနိုင်တယ်။ ယခုတော့ နယ်ချဲ့သမားကို ညီညွတ်စွာ ပေါင်းပြီး တိုက်ရမယ့် အစား ဗမာ အချင်းချင်း တိုက်နေကြတာ က ခတ်တယ်။ အချို့လူတွေက ပြည်သူ့ရဲဘော်တပ်ဖွဲ့ ခေါင်းဆောင်ကိုသတ်၊ ဖ၊ဆ၊ပ၊လ အဖွဲ့ခေါင်းဆောင်ကိုသတ်။ မီးရထားကို မှောက်အောင်လုပ်၊ ဒီလို လုပ်နေတာဟာ လွတ်လပ်ရေး တိုက်ပွဲ ထင်နေတယ်။ လုပ်ပုံ မဟုတ်သေးဘူး။ သေတော့ ဘယ်သူတွေ သေလဲ၊ ဗမာတွေ သေတာပဲ မဟုတ်လား။ နယ်ချဲ့သမားကတော့ လက်ပိုက်ပြီး ကြည့်ရယ်နေတာဘဲ။ ဒီလိုဆိုယင် ဘယ်တော့မှ လွတ်လပ်ရေး ရမှာ မဟုတ်ဘူး။ ။
---------------------------------------------------------------------------------------------------------------
ထကြွမှုကို စစ်တပ်နှင့် နှိမ်တန်လျှင်နှိမ်မယ်
၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့ ပျဉ်းမနားမြို့ ဦးဝိသုဒ္ဓ ကျောင်းဝိုင်းအတွင်း တရားပွဲ၌ ဟောပြောချက်
အရင်က ကွန်မြူနစ်တွေ ထုတ်ပစ်တဲ့ကိစ္စ ရှင်းလင်းပွဲတုန်းက တခေါက် ယခု မဲကိစ္စ အတွက်တခေါက် ပျဉ်းမနားသို့ ရာက်သည်မှာ နှစ်ခါရှိပြီ။ ယခုပျဉ်းမနား ကွန်မြူနစ်တွေ ကို ကြောက်နေရ တယ်လို့ ပြောတယ်။ ကြောက်လို့ ခင်ဗျားတို့ အားပေးယင် ကျွန်သက်ရှည်မှာဘဲ။ ကျွန်ဘ၀ ဘယ်တော့မှ တက်မှာ မဟုတ်ဘူး။
သူတို့တွေဟာ ကိုယ့်ဗမာ အချင်းချင်း သတ်ဖြတ်လုယက်၊ သူပုန်ထ မီးနဲ့ရှို့ ဒီလိုလုပ်နေတာ ဘာတော်လှန်ရေး လဲ၊ ဒါတော်လှန်ရေးတဲ့လား။ နယ်ချဲ့သမား အကြိုက်ကို လုပ်နေတာပဲ။
ယခု ပျဉ်းမနားမှာ ဆူပူသောင်းကျန်းပြီး သူပုန်ထနေတာဟာ အရင်ရောက်ရှိနှင့်တဲ့ အရာရှိများ ၀တ်တရားကို မကျေပွန်လို့ ဒီလိုဖြစ်နေတာပဲ။ အဲဒါကို ကျုပ်တို့ ငြိမ်းအောင် နှိမ်ပြမယ်။ အောင်ဆန်း - အက်တလီ စာချုပ် မကောင်းဘူး ဆိုပြီး ကွန်မြူနစ်က ဘာဖြစ်လို့ အမတ်အရွေးခံသလဲ။ ဘာဖြစ်လို့ တဦးနှင့် တဦး စေ့စပ် နေသလဲ။ ဘာကြောင့် ညီညွတ်ကြလို့ ပြောနေတာလဲ။
ဖ-ဆ-ပ-လ နာမည်ပျက်အောင်
ဖ-ဆ-ပ-လ အစိုးရ နာမည် ပျက်အောင် ကွန်မြူနစ်တွေက သူပုန်ထ ဓါးပြတိုက် လုပ်နေကြတယ်။ အဲဒီလို ထကြွမှုတွေကို ငြိမ်းသွားအောင် စစ်တပ်နှင့် နှိမ်တန်လျှင် နှိမ်မယ်။ ။

0 comments:
Post a Comment