Wednesday, March 13, 2013

လူမှုဆက်ဆံရေး ၊ ခေါင်းဆောင်မှု ၊ စီမံခန့်ခွဲမှုပညာ (1-12)

 စီမံခန့်ခွဲမှုပြီးတော့ Leadership လို့ခေါ်တဲ့ခေါင်းဆောင်မှုအကြောင်းဆက်ရအောင်။

 leadership  ဟာ management ထက်ပိုပြီးနက်နဲပါတယ်။ အဲ leadership ကိုမသွားခင် leader ဆိုတာကိုသိဖို့ လိုပါတယ်။
 leader ဆိုတာအလွယ်ပြောရရင် ခေါင်းဆောင်ပေါ့။ ခေါင်းဆောင်ဆိုတာ Process တစ်ခု Goal တစ်ခုကို ဦးတည်ရာမှာ ဦးဆောင်ဦးရွက်ပြုတဲ့သူကိုခေါ်တာပါ။ ဒါဖြင့် Manager ပေါ့လို့ပြောကြလိမ့်မယ်။ လုံးဝမဟုတ်ပါဘူး။


Leader နဲ့ Manager ကွာပါတယ်။ ဥပမာပြောရရင် ပုဂံပြည့်ရှင် အနော်ရထာဟာ ဦးဆောင်သူ ဖြင့်သင့်တယ်။ Leader ဖြစ်တယ်လို့ထင်စရာရှိတယ်။ မှားပါတယ်။ တကယ်က အနော်ရထာ ဘုရင်မင်းမြတ်ဟာ Manager ပါ။ တိုင်းပြည်ကို Manage လုပ်တဲ့သူသာဖြစ်တယ်။ စီမံတယ်၊ ကွပ်ကဲတယ်။ ဆုချတယ်၊ အပြစ်ပေးတယ်။ ဒါ Manage ပါ။ တိုင်းပြည်နဲ့ ပြည်သူတွေကို Motivate မလုပ်နိုင်ခဲ့ဘူး။ စံပြမဖြစ်ခဲ့ဘူး။ အဲ သူရဲ့တပည့် ကျန်စစ်သား။ သူကမှ Leader ဗျ။ သူ့စစ်တပ်၊ သူ့ပုဂံပြည်အတွက် သူက Leading လုပ်တယ်။ စံပြဖြစ်ခဲ့တယ်။ ခေါင်းဆောင်ကောင်းပီသခဲ့တယ်။

ဟိုဖြစ်စဉ်ကိုကြည့်။ စောလူးမင်း နန်းကျတော့ ပြည်သူတွေက ကျန်စစ်သားကို နန်းအပ်တယ်။ တော်ယုံလူဆို ထကပြီးတောင်လက်ခံလိုက်မှာ။ မယုံရင် ကိုယ်နဲ့နှိုင်းကြည့်။ ကိုယ့်ကိုလာပြီးဘုရင်မြှောက်ကြည့်။ မဣိက်အပ်နှင်းတဲ့သူကို အာဘွားတောင်ပေးလိုက်ဦးမယ်။ ကျန်စစ်သားကယူမှမယူတာ။ ဘာလို့လဲသိလား။ ပြည်သူတွေထဲ သူ့ကိုမနာလိုသူတွေ၊ ပုန်ကန်ပြီး စောလူးမင်းကို ဒလန်လုပ်တဲ့သူတွေရှိမှာစိုးလို့။ ဒါကြောင့် စောလူးမင်းမရှိမှ ဘုရင်ထလုပ်တာ။ တိုင်းသူပြည်သားတွေက ဟယ် သစ္စာရှိလိုက်တာဆိုပြီး လေးစားနေတာ။ အဲဒါပြည်သူတွေရဲ့ နှလုံးသားကို အနိုင်ယူလိုက်တာ။ leadership skill ကောင်းတယ်နော်။

အခုဘောပွဲတွေခေတ်စားနေလို့ ဘောနဲ့ ဥပမာပြဦးမယ်။ ဘင်နီတက်၊ မန်ချီနီ စတဲ့သူတွေကိုကြည့်။ ရိုးရိုးမန်နေဂျာပဲ။ ဒါကြောင့်လဲ အသင်းမမြဲပဲ ဟိုရောက်ဒီရောက်ဖြစ်နေတာ။ ကျွန်တော်အာကြီးပရိတ်သတ်ပါ။ ဒါပေမယ့် ဖာဂူဆန်ကိုလေးစားတယ်။ သူကမှ မန်ယူရဲ့ Leader ဗျ။ Manager တင်မဟုတ်ဘူး။ Leading Skill ပါကျွမ်းတယ်။ ဒါကြောင့်လဲမန်ယူအောင်မြင်တာပေါ့။ မန်ယူမှာ ရီးရဲလ်လို ဆရာကြီးတွေ တပုံတပင်မလိုဘူး။ ရီးရဲလ်ထက် အောင်မြင်နေတယ်။ အဲဒါ ဖာဂူဆန်ရဲ့ Leadership ကော Management ကောပိုင်နိုင်လို့။ ကဲဒါဆို Leader နဲ့ Manager ကွာတာကိုနောက်မှဆက်မယ်။

 Leadership ကိုအဓိပ္ပာယ်ဖွင့်ရအောင်။

The role of Leadership has a tremendous impact on the operations and performance of organization. Leadership is, in fact, an essential factor which coordinates efforts of people. When Management is needed within the organization, leadership is much needed when organization deals with environment.

အဓိပ္ပာယ်ကရှင်းပါတယ်။ အဖွဲ့အစည်းတစ်ခု အလုပ်လုပ်ရာမှာ ခေါင်းဆောင်မှုသည် အင်မတန်အရေးပါသည်တဲ့။ ပြီးတော့ လူတွေရဲ့လုပ်နိုင်စွမ်းကို စုစည်းဖို့အရေးကြီးတယ်။ စီမံခန့်ခွဲတာကို လိုအပ်တယ်ဆိုရင် ခေါင်းဆောင်မှုက ပိုလိုအပ်တယ်လို့ရေးထားတာပါ။ ဒါဘာနဲ့တူလဲဆိုတော့ ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားမှ နောက်ပါနွားများဖြောင့်ဖြောင့်သွား၏ဆိုတာနဲ့တူပါတယ်။

အခုဒီမှာပြောစရာရှိတာက ဒီတီးရှော့ကို orginization လို့ယူဆလိုက်။ ကျွန်တော်တို့ userတွေက environment ပေါ့။ အက်ဒမင်တွေ၊ မော်ဒရေတာတွေက orginization ရဲ့လူတွေပေါ့။ ဒါဆို ဒီအက်ဒမင်တွေနဲ့ User တွေနဲ့ တွေ့ဆုံပွဲလုပ်မယ်။ ဒါဆို အက်ဒမင်တွေက တွေ့ဆုံပွဲဖြစ်ဖို့ စီစဉ်ကြရမယ်။ ဒီမှာ တစ်ယောက်နဲ့တစ်ယောက် တာဝန်တွေခွဲရမယ်။ အဲဒီလူတွေကို တစ်ယောက်က ဦးဆောင်ရမယ်လေ။ ဒါမှ အလုပ်ဖြစ်မှာကိုး။ အဲဒီမှာဦးဆောင်သူက ဘယ်သူဘာလုပ်ဆိုပြီး တာဝန်ပေးမယ်။ သူကလိုက်စစ်မယ်။ ဒါဆို Manager သက်သက်ဖြစ်သွားပြီ။ ဒီလိုမဟုတ်ပဲ သူကိုယ်တိုင်က တက်ကြွစွာပါဝင်တယ်၊ သူများတွေကိုလဲ Motivate လုပ်တယ်။ အစီအစဉ်တွေကိုလဲ အားလုံးနဲ့ညှိနှိုင်းတယ်။ အောင်မြင်အောင်လဲဆောင်ရွက်တယ်။ user တွေနဲ့တွေ့တဲ့အခါမှာလည်း ဒါကျွန်တော်စီစဉ်တာမဟုတ်ဘူး အက်ဒမင်အားလုံး ဝိုင်းလုပ်တာ ( မကောင်းခဲ့ရင်တော့ ကိုယ်ပဲခေါင်းခံတယ် ) စတဲ့ Team Spirit ကိုရှိစေမယ်ဆိုရင် ဒါ Leader ပဲ။

အဲဒါကြောင့်ဒီမှာကြည့်လိုက်ရင် Leadership is the ability to influence people towards the attainment of organizational goal. တဲ့

စစ်မှန်တဲ့ ခေါင်းဆောင်က “ follow me ” လို့ ပြောတယ်.. နေရာရသူက “ move , move ” လို့ အော်တယ်...

ရည်မှန်းချက်ကို ပြီးမြောက်အောင် ဆောင်ရွက်တဲ့အခါမှာ ပြဿနာဆိုတာ ရှိလာမှာပဲ၊ အခက်ခဲဆိုတာ တွေ့လာမှာပဲ။ ဒီအခက်ခဲကို

ခေါင်းဆောင်က meeting လုပ်တယ်။ report တင်ခိုင်းတယ်။ အကောင်းဆုံးအချက်တွေကိုယူပြီး ဘာလုပ်သင့်တယ်ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်တယ်။ ကိုယ့်ဆုံးဖြတ်ချက်အတွက် ကိုယ်တာဝန်ခံတယ်။ နေရာရထားသူကတော့ တင်ပြသူကို ပြန်ခိုင်းတတ်တယ်။

သူ့ကိုပဲ တာဝန်ယူစေတယ်။ အောင်မြင်ခဲ့ရင် ချီးကျူးစကားဆိုဖို့ မေ့ချင်ယောင်ဆောင်နေတတ်တယ်။ ရှုံးနိမ့်ခဲ့ရင်တော့ နင်ပဲ ငဆ ပြောတတ်တယ်။ စကားစပ်လို့ ပြောရရင် အဖွဲ့စည်းတစ်ခုမှာ Report တင်တာဟာ အရေးပါပါတယ်။ အောက်ဆုံးဝန်ထမ်း သန့်ရှင်းရေး၊ ညစောင့်ကစပြီး ဒါရိုက်တာ အဖွဲ့ဝင်အထိ Report တင်စေရမယ်၊ တင်တတ်ရမယ်။ ဒီလိုလုပ်တာဟာ လုပ်ငန်းလည်ပတ်မူကို အများကြီး ပိုအဆင်ပြေလာစေတယ်။ ဆိုလိုတာက သူလုပ်နေတဲ့ လုပ်ငန်းခွင်မှာ ဘာအခက်ခဲရှိတယ်ဆိုတာ လုပ်နေသူကိုယ်တိုင် အသိဆုံးမို့ပါ။

    Report တစ်စောင်မှာ နံပတ် 1.. (What) Problem ပြဿနာရဲ့ အကြောင်းအရာ(ပြစ်ချက်)

                            နံပတ် 2..(Why)   Causes  ဖြစ်ရသော အကြောင်းရင်း (ဘာကြောင့်ဖြစ်တယ်)

                            နံပတ် 3..(How )  Counter Plan ဖြေရှင်းရန် နည်းလမ်း  (ဘယ်လိုလုပ်မယ်)

    ဒီ သုံးချက်နှင့် အညီ တင်ပြလာတဲ့ Report တွေကို ခေါင်းဆောင်က စီစစ်ရမယ်၊ ကောက်ချက်ချရမယ်၊ အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ရမယ်၊ ပယ်သင့်တာ ပယ်ပြီး ဖြည့်သင့်တာ ဖြည့်ရမယ်၊ ဆုံးဖြတ်ချက် ချရမယ်၊ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ တာဝန်ပေးရမယ်၊ဒီလို ပြဿနာ နောင်မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ ဆွေးနွေးရမယ်။ တာဝန်ပေးလိုက်တဲ့ Order တစ်ခုဟာလဲ ရှင်းလင်းရမယ်၊ တိကျရမယ်၊ လိုအပ်တဲ့ ထောက်ပံ့မူတွေ လုပ်ပေးရမယ်။ Order တစ်ခုပေးလိုက်ပြီးတော့ ရေဗူးပေါက်တာ မလိုချင်ဘူး ဆိုလို့ကတော့ ရေတော့ ရောက်လာမှာပဲ၊ မြောင်းထဲက ရေလဲ ဖြစ်ချင် ဖြစ်မယ်၊ အတင်းလုလာတာလဲ ပါချင်ပါလာမှာပဲ။ ခေါင်းဆောင်ဟာ

ငါသာဆိုရင် ဆိုတဲ့ အတွေးတွေးတယ်.. နေရာရသူက မင်းဘာဆက်လုပ်မလဲလို့ စောင့်ကြည့်တယ်။ အဲဒီအတွေး ခံစားမူဟာ အုပ်ချူပ်သူနှင့် အုပ်ချူပ်ခံတို့ကြားမှာ အပြန်အလှန်ထင်ဟတ်နေတဲ့ အရိပ်တစ်ခုပဲ။ ဒီအရိပ်ကို မိမိရရ အသုံးချနိုင်ရင် အဲဒီ အဖွဲ့စည်းဟာ တစ်ကယ့်မိသားစုကြီး ဖြစ်လို့လာပါတယ်။ တစ်ခု သတိထားရမှာက ခင်ခင်မင်မင် နေတာနှင့် အရောဝင်တာ မတူဘူးဆိုတဲ့ အချက်ပဲ။

     လူတိုင်းမှာ ကွန့်မြူးနိုင်တဲ့ စိတ်ကူးတွေ ရှိကြတယ်။ အဲဒီ စိတ်ကူးတွေကို ပိုင်ဆိုင်ထားတဲ့ ဦးဏှောက်တွေလဲ ရှိကြတယ်။ အဲဒါတွေထဲကနေ အဖိုးတန်တာတွေ ထွက်လာဖို့ ခင်မင်လေးစား သံယောဇဉ် တရားနှင့် မျှားရမယ်။ ငါးစာကတော့ “ ငါ သာဆိုရင် ”ဆိုတဲ့ အတွေးလေး တွေးပေးဖို့ပါပဲ။

ဒီတစ်ခါ ခေါင်းဆောင်နဲ့ မန်နေဂျာတွေမှာရှိသင့်တဲ့ အရည်အသွေးတွေနဲ့ ကွာခြားပုံကိုဆက်ရအောင်။ ပထမပြောချင်တာက Manager ဆိုတာပါ။ Manager ဆိုတာ ရာထူးတစ်ခုသက်သက်ပါ။ Organization ကပေးအပ်ထားတဲ့ ရာထူး၊ အာဏာ၊ ပါဝါ ဆိုတာပဲရှိပါတယ်။ သူ့မှာ လူတွေကိုခိုင်းနိုင်၊ အပြစ်ပေးနိုင်၊ ဆုပေးနိုင်တဲ့ အာဏာရှိသူသက်သက်ပါ။ ရှင်းရှင်းပြောရရင် Manager ဆိုတာ Organizational Goal တစ်ခုရဖို့ ဦးနှောက်ချည်းသက်သက်နဲ့ အလုပ်စေခိုင်းပါတယ်။ မရရင်အပြစ်ပေးမယ်။ ရရင်ဆုချမယ်။ Report တွေကိုကြည့်မယ်။ ဒါထက်မပိုပါဘူး။ အဲလိုလူများကိုလည်း မြင်ဖူးကြမယ်ထင်ပါတယ်။ သူ့လက်အောက်ငယ်သားတွေက သူ့ကို အရာရှိဖြစ်လို့သာနေတာပါ။ သူသာပြုတ်ကြည့် လှည့်တောင်မကြည့်တော့ပါ။ ဒါမန်နေဂျာရဲ့ သဘောပါ။

Leader ကျတော့ ဒီလိုမဟုတ်ပါ။ အလုပ်တစ်ခုကိုပြီးဖို့ ဦးနှောက်တင်မကဘဲ နှလုံးသားနဲ့ပါပေါင်းကာ ကိုယ်ရောစိတ်ပါ လုပ်တဲ့သူတွေပါ။ သူ့ရဲ့ငယ်သားတွေကို ဆူပူတာမျိုးသိပ်မရှိပဲ ရင်ဝယ်သားလို အုပ်ချုပ်တတ်တယ်။ တစ်ဦးချင်းရဲ့ Ability ကိုသာမကပဲ စိတ်သဘောထား၊ လက်ရှိအခြေအနေ စတဲ့အချက်တွေကိုပါကြည့်ပြီး တာဝန်ပေးတာမဟုတ်ဘဲ တာဝန်ယူစေတဲ့သူတွေပါ။ လုပ်ငန်းလည်ပတ်မှုကောင်းအောင် Motivate လဲလုပ်တယ်။ လက်ရှိအခြေအနေပေါ်မူတည်ပြီး Flaxible ဖြစ်အောင် အလုပ်လုပ်ပါတယ်။ လုပ်ငန်းခွင်မှာ Conflit တွေမရှိစေဘဲ Team Work Spirit ကိုရှင်သန်စေပါတယ်။ အဲဒါ Leader ပါပဲ။ ဒီလိုလူမျိုးဟာ Manager ဖြစ်ချင်မှဖြစ်မယ်။ လုပ်ငန်းထဲကလူတွေက ပုဂ္ဂိုလ်ရေးအရကို လေးစားချစ်ခင်ကြတယ်။ ဘယ်နေရာမှာတွေ့တွေ့ ညီရင်းအကိုလို လေးစားခံရသူတွေပါ။

အဲ အဲဒီ၂မျိုးအပြင် နှလုံးသားလဲမရှိ၊ ခေါင်းလဲမပါတဲ့ ဦးဆောင်မှုလဲရှိသေးတယ်။ အရည်အချင်းမရှိတဲ့ ဦးဆောင်မှုပေါ့။ Administration လို့ခေါ်တဲ့ တသွေးတသံတမိန့် ဒီဇိုင်းပေါ့။

ကျွန်တော့်ကို ဘာဖြစ်ချင်လဲမေးရင် Leader ဖြစ်ချင်တယ်လို့ပဲဖြေမှာပါ။

ကဲ Definition လေးပြန်ကြည့်ရအောင်။

Management Power comes from Organizational structure, it promotes stability, order and problem solving within the structure.

Leadership Power comes from personal sources such as personal interests, goals, and values.

Leadership power promotes vision, creativity, and change in the organization.

ကဲ Managership ရဲ့ ပါဝင်တဲ့အပိုင်းတွေကိုကြည့်ရအောင်

၁။ Mind ဦးနှောက်၊ အတွေးအခေါ်

၂။ Rational ယုတ္တိကျမှု၊

၃။ Consulting ဆွေးနွေးမှု

၎။ Persistent တည်တံ့စေမှု

၅။ Problem Solving ပြဿနာဖြေရှင်းခြင်း

၆။ Tough-minded တွေးတောမြော်မြင်နိုင်စွမ်း

၇။ Analytical စေ့စပ်စွာ လေ့လာခြင်း

၈။ Structured အကြောင်းအရာတစ်ခုကို တည်ဆောက်နိုင်မှု

၉။ Deliberate မဖြစ်မနေလုပ်ရန်စေခိုင်းနိုင်စွမ်း

၁၀။ Authoritative အခွင့်အာဏာရှိခြင်း

၁၁။ Stabilizing နေရာခိုင်မြဲမှု

၁၂။ Position Power တို့ပါပါတယ်။


Leadership မှာကတော့

၁။ Soul စိတ်စေတနာ

၂။ Visionary အမှန်ကိုမြင်နိုင်စွမ်း

၃။ Passionate ပြင်းပြမှု မြတ်နိုးမှု

၎။ Creative တီထွင်ကြံဆမှု

၅။ Flexible

၆။ Inspiring လှုံ့ဆော်ခြင်း

၇။ Innovative ဆန်းသစ်ပြောင်းလဲခြင်း

၈။ Courageous ရဲရင့်မှု

၉။ Imaginative ကိုယ်စားပြုမှု၊ ထင်ရှားမှု

၁၀။ Experimental လက်တွေ့ဆန်မှု

၁၁။ Initiates changes ပြောင်းလဲစတင်မှု

၁၂။ Personal Power တို့ဆိုတဲ့ အရည်အသွေးတွေရှိပါတယ်။

ဒီမှာထပ်ဖြည့်ပြောချင်တာက A Good Leader is A Good Follower ဆိုတာပါပဲ။ ဆိုလိုတာက ခေါင်းဆောင်ကောင်းဟာ နောက်ကနေခဲ့ရရင်လည်း နောက်လိုက်ကောင်းဖြစ်ရပါမယ်။

Manager are those who do things right.
Leaders are those who do right things. ဆိုတာလဲရှိသေးတယ်။ Manager ဟာ လုပ်တာတွေကိုမှန်စေပြီး Leader ဟာ မှန်တာတွေကိုလုပ်စေသူပါ။ လူတယောက်ဟာ Manager လဲဖြစ် Leader လဲဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပေါ့ဗျာ။

  လူတိုင်းလူတိုင်း ရင်ဆိုင်နေတဲ့၊ ရင်ဆိုင်ဖူးတဲ့ အကြောင်းပြောရအောင်။ ပြဿနာကိုဖြေရှင်းနည်းတဲ့။ Problem solving ပေါ့။ ဒါခက်တဲ့အလုပ်တော့မဟုတ်ဘူး။ ဒါပေမယ့် လူတိုင်းမလုပ်နိုင်တဲ့ အလုပ်တစ်ခုပဲ။ ကဲပြဿနာတစ်ခုကို စာတွေ့နဲ့ရင်ဆိုင်ကြစို့။

ပထမဦးဆုံး ပြဿနာက ဘာလဲဆိုတာ သိရပါမယ်။ ဘယ်လောက်ကြီးကြီး၊ သေးသေး ပြဿနာမှန်ရင် ခေါင်းစဉ်တပ်လို့ရရပါတယ်။

ခေါင်းစဉ် ( ပြဿနာ ) ကိုသိပြီးရင် သူ့ရဲ့ Source ( အရင်းခံ ) နဲ့ Causes ( ဖြစ်လာပုံ ) ကိုသိရပါမယ်။ ဘာဖြစ်တာလဲ။ ဘာကြောင့်ဖြစ်တာလဲ။ ဘယ်ကစဖြစ်တာလဲ။ ဆိုတာ Solving လုပ်ဖို့ အရေးပါတဲ့အချက်တွေပါ။

ဒါတွေအားလုံးသိပြီးရင် ဒီပြဿနာဟာ ဘယ်အထိသွားမှာလဲ။ ဘာတွေဖြစ်လာနိုင်လဲ။ အကျိုးဆက်က ဘယ်သူတွေကိုရိုက်ခတ်နိုင်လဲဆိုတာတွေကို သိအောင်ကြိုးစားပါဦး။

ကဲပြဿနာရဲ့ Process ကိုဂဂနနသိပြီဆိုရင် ဒီပြဿနာကို ဘယ်အပိုင်းကိုဖြတ်မလဲ။ စဉ်းစားပါ။ ဒီမှာပြောလိုတာက ပြဿနာဆိုတာ တစ်ခုနဲ့တစ်ခု မတူညီကြပါ။ တစ်ချို့က အားလုံးကောင်းသွားအောင် မြေလှန်ပြီးရှင်းနိုင်ပေမယ့် တချို့ပြဿနာကျ အဆင်ပြေရုံ နေသာရုံသာ ရှင်းရတဲ့ အခြေအနေမျိုးလဲရှိပါတယ်။

ကဲရှင်းပြီဆိုတဲ့နေရာမှာ ဘယ်လိုရှင်းမလဲ။ ရှင်းနိုင်မယ့်နည်းလမ်း တွေရနိုင်သလောက်ရှာပါ။ တစ်ခုတည်း အသေချည်းမစဉ်းစားနဲ့။ အနည်းဆုံး ၃နည်းကနေ ၅နည်းလောက်ထိရအောင် စဉ်းစားပါ။ ရှာပါ။ အဲဒီနည်းတွေအားလုံးကို အသေးစိတ်ပြန်သုံးသပ်ပါ။ ဘယ်နည်းလမ်းကဖြင့် ဘယ်လိုရလဒ်ထွက်မယ်။ ဘာဖြစ်နိုင်တယ်။ ငါနဲ့သင့်တော်တယ်။ မသင့်တော်ဘူး စသည်ဖြင့် အကျိုးအပြစ် ချိန်ဆပါ။ နည်းလမ်းတွေကို အနုလုံပဏ္ဍိလုံကြည့်ပါ။ ပြီးမှ အကောင်းဆုံးတစ်ခုကိုရွေးပါ။

ရွေးလိုက်ပြီးရင် ဒီနည်းလမ်းကို ဘယ်လိုအကောင်ထည်ဖေါ်မလဲ။ အကွက်ချပါ။ သေချာစီစဉ်ပြီးရင် Management of a process အတိုင်း Planning, organizing, leading, coordinating, mornitoring, controlling ဆိုတဲ့ Approch တွေအတိုင်းဆောင်ရွက်ပေရော့။

အဓိအားဖြင့် Problem solving မှာ အဖြေ ၄မျိုးရှိလေ့ရှိတယ်။ အဲဒါတွေကတော့

၁။ ထိပ်တိုက်ရင်ဆိုင်မယ်။

၂။ ရင်မဆိုင်ပဲ ထွက်ပြေးမယ်။

၃။ တွေ့ဆုံညှိနှိုင်းမယ်။

၎။ ခေါင်းငုံ့ခံနေလိုက်မယ်။

ဒီအဖြေတွေမှာ ပျော့ညံ့တာ ကြောက်တာ ပါသယောင်ရှိပေမယ့် အားလုံးဟာ ရဲရင့်မှုကို ကိုယ်စားပြုတယ်။ ထိပ်တိုက်ရင်ဆိုင်တာလဲ သွေးပဲ။ ထွက်ပြေးတာလဲသွေးပဲ။ ညှိနှိုင်းတာလဲသွေးပဲ။ ခေါင်းငုံ့ခံတာလဲ သွေးပါပဲ။ ဒါဖြင့် ဘာတွေကွာနေတာလဲ။ အခြေအနေနဲ့ အချိန်အခါကွာတာပေါ့။

ဥပမာ ပြဿနာက ရင်ဆိုင်လို့ရတဲ့ပုံစံဆို ရင်ဆိုင်မှာပေါ့။ ဆင်လိုက်တာမျိုးကျ ဘယ်ရင်ဆိုင်မလဲ၊ ထွက်ပြေးမှာပေါ့။ အမြဲတွေ့နေရတဲ့သူတွေမျိုးကျ ညှိမှာပေါ့။ တစ်ရာနဲ့တစ်ယောက်လိုကျတော့ ခေါင်းငုံ့ခံသင့်ခံရမှာပေါ့။

ဥပမာလေးပေးရအောင်။

ကျုပ် ညီမလေးစာဥ သူ့ကုပ္ပဏီမှာ ပြဿနာတက်တယ်ဆိုပါစို့။ ပြဿနာက စာရင်းကွာတယ်ပေါ့ဗျာ။ မရှင်းနိုင်ရင် အလုပ်ပြုတ်မယ်။ တရားစွဲခံရမယ်။ ကဲ စာဥတော့ငိုပြီ။ ဒီတော့ ကျွန်တော်တို့ ဝိုင်းစဉ်းစားရအောင်။

ဘာကြောင့် ဒီလိုဖြစ်တာလဲ။ ဘယ်စာရင်းတွေကွာတာလဲ။ ဘယ်လောက်တောင်ကွာနေသလဲ။ ဒါ ဇစ်မြစ်ကို လေ့လာတာပါ။ ပြီးတော့ ဖြေရှင်းနိုင်တဲ့လမ်းတွေရှာပြီ။

၁။ အစကပြန်လုပ်မလား။

၂။ စာရင်းအင်း Depertment ကိုပြန်စစ်ခိုင်းမလား။

၃။ ဂျာကြီးကို သွားညှိမလား။

၎။ စာရင်းလိမ်မလား။

၅။ လစာထဲကစိုက်လျော်မလား။

၆။ သူဌေးကိုသွားပြီးမျက်ရည်ခံထိုးမလား။

၇။ ဒါမှမဟုတ် သူတို့ထုတ်တာမစောင့်ပဲ ကိုယ်ကစထွက်မလား။

၈။ နောက်တနည်းက တရားစွဲခံမလား။

ဒါတွေကနည်းလမ်းတွေပဲလေ။ ဒီထဲကမှ အကောင်းဆုံးနည်းကိုရှာပြီး ရွေးလိုက်တယ်။ နံပါတ် ၂နည်း။

စာရင်းအင်းဌာနကို ပြန်စစ်ခိုင်းမယ်။ အဲဒီတော့ အစီအစဉ်ဆွဲရပြီ။ ပထမ စာတင်ရန်၊ ဒုတိယ စားရင်းတွေပြန်ပို့ရန် စသည်ပေါ့။ အဲဒါ Planning ပဲ။ Organize ကတော့ စာစီတာ၊ စာရင်းတွေပြန်စုတာ၊ စာရင်းဌာနက သူကို Personal သွားအကူညီတောင်းတာတွေပေါ့။ ပြန်စစ်တာက Leading၊ စစ်နေတုန်းမှာ စာဥကိုယ်တိုင် သွားပြီး ကြည့်တာက Mornitoring, စာရင်းစစ်တွေကို စိတ်ကျေနပ်အောင် အအေးတိုက်၊ ထမင်းကျွေးတာက coordinating လုပ်တာ၊ controlling က စာရင်းကိုမှားနေတာတွေ့ရင်ပြင်တာပေါ့။ ဒီမှာပြန်မှန်သွားတော့ မိစာဥတစ်ယောက် Problem တစ်ခုကို ဖြေရှင်းလိုက်တာပေါ့။

ဒီတစ်ခါတော့ Management ရဲ့ အဓိက အစိတ်အပိုင်းတွေအကြောင်း ပြောရအောင်

အဲဒါတွေက အပေါ်မှာ မကြာခဏပြောနေတဲ့ Process ကိုလည်ပတ်တဲ့ Planning, organizing, leading, coordinating, mornotoring, controllingတွေရဲ့အကြောင်းပါပဲ။

အဲဒါတွေကိုမပြောခင် ရည်မှန်းချက်၊ ပန်းတိုင် Goal အကြောင်း Intro ဝင်မှရပါမယ်။ ကျွန်တော်တို့ဟာ ရည်မှန်းချက်ကိုယ်စီနဲ့ အသက်ရှင်ရပ်တည်နေသူတွေပါ။ ဒါပေမယ့် ကိုယ့်ဘဝအတွက် အကျိုးရှိတဲ့ ရည်မှန်းချက်တစ်ခုကို ဘယ်လို ရှာမလဲ၊ Define လုပ်မလဲဆိုတာ သိတဲ့လူနည်းပါတယ်။ ဒီတော့ ဘယ်လို ရည်မှန်းချက်ထားမလဲဆိုတာကို ကျွန်တော်လေ့လာကြည့်တော့ SMART ဆိုတဲ့ Approch ကိုသွားတွေ့တယ်။ ဟုတ်ပါတယ်။ မိမိဘဝရဲ့ ၊မိမိလုပ်ငန်းရဲ့၊ မိမိတို့ Organization ရဲ့ Goal/ Objective တွေဟာ SMART ဖြစ်ဖို့လိုပါတယ်။ SMART ဆိုတာတကယ်တော့ဒီလိုပါ။

S – Specific တိကျသေချာမှုရှိတဲ့ ရည်မှန်းချက်၊ Goal ဖြစ်ရမယ်။

M – Measurable ဖြစ်ထွန်းမှုကို တိုင်းတာနိုင်ရမယ်။

A – Achievable ဖြစ်နိုင်၊ လုပ်နိုင်၊ ရနိုင်တဲ့ Goal ဖြစ်ရမယ်။

R – Relevant လက်ရှိအခြေအနေအရပ်ရပ်နဲ့ ဆီလျော်နေရမယ်။

T – Time-bound အချိန်ကာလတစ်ခုထားရပါမယ်။

ဥပမာပြောရရင်    Dr.Achilles သည် ၅နှစ်အတွင်း သိန်း၁၀၀ရှာနိုင်ရမည် ဆိုတဲ့ Objective ကိုကြည့်ရအောင်။ Specific ဖြစ်ပါတယ်။ သိန်း ၁၀၀ပါ။ Measurable ဖြစ်ပါတယ်။ တစ်နှစ်ဘယ်လောက်ဝင်လဲ တိုင်းတာနိုင်ပါတယ်။ Achievable လဲဖြစ်ပါတယ်။ သိန်း ၁၀၀၀၀၀၀၀၀၀၀၀၀၀ကိုရှာရတာမှ မဟုတ်တာ။ မြန်မာတစ်နိုင်ငံလုံးကမြေကွက်တွေလိုက်ဝယ်တာမှမဟုတ်တာပဲ။ Relevant လဲဖြစ်တာပဲ။    Dr.Achilles က ဆိုက်ကားသမားမှမဟုတ်တာ။ ဆရာဝန်၊ ကန်ထရိုက်တာပဲဟာ...နော့်။ Time-Bound လဲ ၅နှစ်ဆိုတော့ ဖြစ်တာပေါ့။

ဒါဆို မဖြစ်နိုင်၊ မတိကျတဲ့ Goal ကိုရေးကြည့်ရအောင်။ ဥပမာပေးရမှာ မျက်ခုံးကတော့ခပ်လှုပ်လှုပ်ပဲ။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည် ဆိုတဲ့ Objective ကိုကြည့်ရအောင်။ Specific ဖြစ်ဖို့ မြန်မာ့အားကစားဆိုတာဘာလဲ? ဘောလုံးက မြန်မာ့အားကစားလား။ ကြက်ဖခွပ်၊ ခေါင်းအုံးရိုက်က မြန်မာ့အားကစားလား။ သေချာမကွဲပြားပါ။ Measurable ဖြစ်ဖို့ ကမ္ဘာကိုလွှမ်းဖို့ ဘာနဲ့ တိုင်းတာမှာလဲ။ ဟုတ်ပြီနော်။ Achievable ဖြစ်ဖို့ ။ ရနိုင်ပါ့မလား။ Relevant ဖြစ်ဖို့ စဉ်းစားကြည့်ပါ။ ဒီအရပ်အမောင်း၊ ဒီကိုယ်ခန္ဓာနဲ့ ကမ္ဘာကိုလွှမ်းဖို့ဆိုတာ။ Time-Bound ကတော့ ပါကိုမပါတာပါ။

ကဲဒါဆို Objective, Goal, Aim ဆိုတာဘယ်လိုလဲဆိုတာ သိလောက်ပါပြီ။

ကဲ Planning ကြိုတင်စီမံခြင်းကို ဆက်ရအောင်။ Planning includes Methods, Resource, Responsibilities to carry out to achieve the goal ပါ။ ရည်မှန်းချက်တစ်ခု အထမြောက်အောင်မြင်ဖို့ လိုအပ်မယ်ထင်တဲ့ နည်းလမ်း၊ အရာတွေကို စဉ်းစားစီမံတာဟာ Planning ပါပဲ။ ဒီမှာ လုပ်ငန်းစဉ် ( Ways, Methods ) တွေကို ရေးဆွဲခြင်းနဲ့ လိုအပ်တဲ့ အရင်းအနှီး အင်အားစုများကို တွက်ချက်ထုတ်ဖေါ်ခြင်းဆိုတဲ့ အပိုင်း၂ပိုင်းပါဝင်ပါတယ်။

ဥပမာပေးရရင် အိမ်ဆောက်ဖို့ ပုံကြမ်း၊ အခန်းဖွဲ့ပုံစသည်ဖြင့် ပုံတွေလိုသလို သံချောင်းဘယ်လောက်သုံးမယ်၊ ဘိလပ်မြေဘယ်လောက်ကုန်မယ်၊ သစ်ဘယ်နတန်ဝင်မယ်စတဲ့ Estimate လဲလိုပါတယ်။ ဒါ Plan တွေပါပဲ။ ဖြစ်နိုင်ရင် Methods, ways တွေရေးဆွဲရာမှာ ဘယ်နေ့၊ ဘယ်လမှာ ဘာလုပ်မယ်ကအစ အသေးစိတ်ရေးဆွဲရင် ကောင်းပါမယ်။ Sources တွေကိုတွက်ရာမှာလဲ Men Power, Money, Material, Methods, တွေအပြင် Morale ကလဲအရေးကြီးတယ်။ Leadership ကိုပိုင်နိုင်သူတွေဟာ own morale ကိုလဲ အမြဲ ကောင်းအောင် ကြိုးစားကြပါတယ်။ Time, Information, Place, Environment ဆိုတဲ့ Factors တွေကိုလဲ Plan ချရင်ထည့်စဉ်းစားပါ။ ပြီးတော့ အရေးကြီးတဲ့ ကိစ္စတွေ၊ အလုပ်တွေမှာ Backup Plan လို့ခေါ်တဲ့ အရေးပေါ်သုံးရမယ့် Plan တစ်ခုအမြဲရှိနေပါစေ။ ဒီ Backup Plan ဟာ Main Plan လောက်ကောင်းစရာမလိုပေမယ့် Effective တော့ဖြစ်ရပါမယ်။

Organizing မှာတော့လိုအပ်သမျှအကုန်စုရမှာပါ။ လူ၊ငွေ၊ ပညာရပ်၊ ကိရိယာပစ္စည်း၊ လုပ်ထုံးလုပ်နည်းတွေအားလုံးပါပါတယ်။ အဲ စုစည်းတယ်ဆိုရာမှာလဲ အလုံအလောက်ဖြစ်ဖို့လိုတယ်။ ပိုလျှံပြန်ရင်လဲ စိတ်ရှုပ်ရတယ်။ ဥပမာပေးကြည့်ရအောင်.............

ဘောလုံးအသင်းတစ်သင်းဖွဲ့စည်းပြီဆိုပါစို့။ ကျွန်တော်တို့ Teashop United လို အပျော်တမ်းအသင်းတော့ မဟုတ်ဘူးနော်။ သေချာ စနစ်တကျဖွဲ့ပြီဆိုရင် ငွေအင်အားကတော့ လိုမှာပဲ။ လူအင်အားတွေစုကြည့်ရင် အုပ်ချုပ်ရေး ဝန်ထမ်းတွေ၊ အရာရှိတွေကအစ အောက်ခြေက သန့်ရှင်ရေးလုပ်သားအဆုံး အကုန်လိုတယ်။ ဘောသမားတွေနဲ့ မန်နေဂျာ၊ နည်းပြတွေချည်းနဲ့ ဖွဲ့စည်းလို့ရတာမှမဟုတ်တာ။ Different Position အတွက် Different Level ရှိတဲ့လူတွေလိုတယ်။ ရှေ့တန်းသမားတွေချည်းပဲလဲကန်လို့မရ သလို ဂိုးသမားတွေချည်းပဲလဲကန်ဖို့မဖြစ်နိုင်ပါ။ ဒါက Men Power ကိုစုတာ၊။ Material တွေမှာတော့ ဘောလုံးအသင်းရုံးခန်း၊ ကားတွေ၊ လေ့ကျင့်ရေးကွင်နဲ့ အထောက်အကူပစ္စည်းတွေ၊ ကိုယ်ပိုင်ဘောလုံးကွင်း စသည်ဖြင့်ပါမယ်။ Method ကတော့ရှင်းတယ်။ Trainingတွေ၊ ကစားပုံတွေနဲ့ ခြေစမ်းပွဲတွေပါမှာပေါ့။ Moreal ရှိဖို့ကတော့ Leader ကောင်းရှိရမယ်။ Motivating လုပ်ပေးနေရမယ်။ အာဆင်နယ် ဘာလို့ကျဆုံးလဲ။ အဲဒီ Moreal ဆိုတာမရှိလို့။ ဒီလိုစုစည်းရာမှာ ဆရာကြီးတွေ၊ အကောင်းဆုံးတွေချည်းစုရမှာမဟုတ်ဘူး။ ကောင်းသင့်ညံ့ အစုံပါဝင်မှရမယ်။ အကောင်းဆုံတွေ၊ အတော်ဆုံးတွေချည်းစုမိရင် ပျက်တာများတယ်။ အဓိကက ဟုန်သွားလို့ပါ။

တကယ်က အတွေ့အကြုံရင့်သူနဲ့ နုသူတွေ၊ အကောင်းဆုံးတွေနဲ့ အနိမ့်စားတွေ အချိုးညီညီပါဝင်ပေါင်းစပ်ရပါမယ်။ ဒါမှ စည်းချက်ညီစွာနဲ့ လှုပ်ရှားနိုင်မှာပါ။ သူဌေးတွေချည်းစုပြီး အလုပ်လုပ်လို့မရဘူး။ အလုပ်သမားဆိုတာလဲရှိရပါမယ်။ ဒါမှ လုပ်ငန်းလည်ပတ်မှာပေါ့။ ဒီသဘောပါ။ ပြီးတော့ စုစည်းရာမှာ ကိုယ့်မှာအလုံအလောက်ရှိနေရင် ထပ်စုစရာမလိုပါ။ ( အဲ...ပိုက်ဆံကတော့စုလေကောင်းလေပေါ့ ) သဘောက ကိုယ့်ရုံးမှာ မန်နေဂျာရာထူး ၅နေရာရှိတယ်ဆိုပါစို့။ ၅ယောက်လုံးနေရာပြည့်နေရင် မန်နေဂျာထပ်ခေါ်စရာ မလိုတော့ဘူး။ ၁နေရာလိုနေရင်လဲ ၁ယောက်ပဲခေါ်ရမယ်။ ပိုနေလို့မရဘူး။ ဒီသဘောပါ။ ဒီနေရာမှာပြောလိုတာတစ်ခုက တကယ်လို့များ နေရာ၁နေရာစာရှိရင် ရာထူးအငယ်ထဲက Telent ရှိတဲ့သူ၊ Leadership ရှိသူ ၁ဦးကိုရှာဖွေ၊ Manager Skill တွေ ရှိနေရင် ရာထူးတိုးပေးလိုက်ပါ။ ပြီးမှ သူ့အရင်နေရာကို အစားထိုးဖို့ကြိုးစားပါ။ ဒါတနည်းအားဖြင့် Reward ပေးပြီး Motivate လုပ်တာပါ။ ဒီလိုလုပ်လိုက်ရင် သူကိုယ်တိုင်လဲ Motivate ဖြစ်လာ Moreal တက်လာသလို ကျန်ဝန်ထမ်းတွေကလဲ သူကိုအားကျပြီး ကြိုးစားလာကြလိမ့်မယ်။ ဒါဆို Organizing အကြောင်းသိပြီလို့ထင်ပါတယ်။

Leading။ ဒီ Leading က ခေါင်းဆောင်တာမဟုတ်ပါဘူး။ တကယ်က Leading & Implementations လို့ခေါ်တာပါ။ အဓိပ္ပာယ်က လုပ်ငန်းစတင်လည်ပတ်ခြင်းကို ဆိုလိုပါတယ်။ ဒါကတော့ဥပမာပြစရာတောင် မလိုပါဘူး။ လုပ်ငန်းလည်ပတ်တာ၊ တိုးတက်မှုရှိတာ၊ သင်ယူတာအားလုံးဟာ leading & Implementationပါပဲ။ Coordination ကတော့  အပေါ်မှာ ကျွန်တော်က စုစည်းခြင်းလို့ဆိုပေမယ့် တကယ်က အားဖြည့်ပေးတာ၊ စစ်ကူပေးတာပါ။ တခါတလေ ရလာတဲ့ product က Process ကို ပြန်ပီးထောက်ပံ့ပေးပါတယ်။ ဥပမာပြောရရင် ဒီနေ့ရောင်းရငွေသည် နက်ဖြန်အတွက် အရင်းဖြစ်သည် ဆိုတာမျိုးပေါ့။

အခု monitoring ကိုဆက်ရအောင်။ မော်နီတာဆိုတဲ့စကားကို ကျောင်းသားဘဝထဲက ကြားဖူးကြမှာပါ။ အခု ကာပျူတွန်မှာသုံးနေတဲ့ မော်နီတာစကရင် ဟုတ်ဘူးနော်။ အတန်းထိန်းရတဲ့သူ၊ အတန်းခေါင်းဆောင်ကို ပြောတာပါ။ Monitoring ဆိုတာ စောင့်ကြည့် ထိန်းသိမ်းခြင်းကို ဆိုလိုပါတယ်။ လူတော်တော်များများဟာ ဒီအပိုင်းမှာ အားနည်းတတ်ကြတယ်။ ကိုယ်သဘောကိုယ်ဆောင်ပြီး ငါ့မြင်းငါစိုင်းတဲ့သူတွေများပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုလူစားပါပဲ။ ငါမှန်တယ်ထင်ရင် ဘာကိုမှဂရုမစိုက်တဲ့ကောင်ပါ။ သေချာတွေးကြည့်မှ မှားနေတာတွေ တွေ့လာရတယ်။ ကဲထားပါ။ Monitoring ကိုဆက်ပြောရရင် အလုပ်တစ်ခုဟာ ဘယ်လိုဖြစ်နေတယ်။ ဘာလိုတယ်၊ စသည်ကို လုပ်နေစဉ်အတွင်းမှာပဲ စောင့်ကြည့်တာကို Monitoring လို့ခေါ်တယ်။ ဒီအကြောင်းအရာမှာ ၃မျိုးထပ်ခွဲထားတယ်။ 1. Monitoring, 2. Supervision, 3. Evaluation တဲ့။ ဒါဖြင့်ဘာတွေကွာတာလဲ။

Monitoring ဆိုတာ လုပ်ငန်းတစ်ခု စတင်အကောင်ထည်ဖေါ်ကတည်းက နောက်ကကပ်ပါလာရမယ့် လုပ်ငန်းပါ။ ဘာနဲ့တူလဲဆိုတော့ အလုပ်တစ်ခုကိုအပေါ်စီးတည့်တည့်ကနေ ကြည့်နေတာမျိုးပါ။ တာဝန်ဝတ္တရားတွေ၊ အလုပ်တွေကို တစ်ခုပြီးတစ်ခု ဆောင်ရွက်သွားနိုင်ဖို့နဲ့ သတ်မှတ်ထားတဲ့ကာလအတွင်း အချိန်မီပြီးစီးဖို့ စောင့်ကြည့်နှိုးဆော်နေတာမျိုးပါ။ တကယ်တော့ Monitoring ဟာ လုပ်ငန်းအဖွဲ့အစည်းတွက်သာမဟုတ်ဘဲ တစ်ဦးချင်း Individual လိုက် Self- Monitoring လဲလုပ်ဖို့လိုပါတယ်။ ရည်မှန်းချက်တစ်ခုကို ဦးတည်နေတဲ့သူတစ်ဦးဟာ ကိုယ့်ရည်မှန်းချက်အတွက် ဒီနေ့ဘာလုပ်ခဲ့တယ်။ ဘာတွေမှားခဲ့တယ် စသည်ဖြင့် ဒိုင်ယာရီသဘောမျိုး Report ရေးတာ Mornitoring ပဲပေါ့။

Supervision ကတော့ Mornitoring ထက်နဲနဲပိုမြင့်တယ်။ Supervision ဆိုတာ Mornitoring ကို Check List နဲ့ လုပ်တာကိုခေါ်ပါတယ်။ ဘာတွေလုပ်ရမယ်ဆိုတာကို List လေးရေးထားပြီး ကိုယ်ဘာတွေလုပ်ထားတယ်၊ ဘာတွေလုပ်ဖို့ကျန်နေသေးတယ်၊ ဘယ်နေရာတွေမှာဖြင့် မှားနေတယ် စသည်ဖြင့် ပြန်စစ်ဆေးတာ၊ သုံးသပ်တာကို Supervision လို့ခေါ်တာပါ။ ကုပ္ပဏီတွေ၊ ရုံးတွေမှာရှိတဲ့ Supervisor ဆိုတာဒီလိုလူတွေကိုခေါ်တာပါ။ သူတို့မှာတော့ ပိုင်ရှင်၊ ဒါရိုက်တာတွေကို အကြံပေးတာတွေ၊ ဆွေးနွေးတာတွေ Report ပြန်တင်တာတွေစတဲ့ တာဝန်တွေပါထပ်ပါနေပါတယ်။

Evaluation မှာတော့ ရှေ့က ၂ခုနဲ့အတော်လေးကွဲပြားပါတယ်။ Evaluation ဟာ လုပ်ငန်းတစ်ခုကို တစ်လတစ်ကြိမ်၊ ၃လတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်မျိုး အနုလုံပဏ္ဍိလုံ စစ်ဆေးတာမျိုး၊ ပြန်လှန်သုံးသပ်တာမျိုးကို ခေါ်ပါတယ်။ Evaluation လုပ်ရာမှာ အချက် ၆ချက်ပေါ်မူတည်ပြီး ဆန်းစစ်ရမှာပါ။ အဲဒါတွေကတော့

၁။ Relevance ဆီလျော်မှု

၂။ Idequacy လုံလောက်မှု

၃။ Progress တိုးတက်မှု

၎။ Efficiency စွမ်းဆောင်နိုင်မှု

၅။ Effectiveness ထိရောက်မှု/အကျိုးရှိမှု

၆။ Impact အဆုံးစွန်ဆုံး အကျိုးသက်ရောက်မှု တို့ပဲဖြစ်ပါတယ်။ ဒီအချက်တွေပေါ်မူတည်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်၊ ကိုယ်လုပ်နေတဲ့အလုပ်တစ်ခု ဘာတွေဖြစ်တယ်။ ဘယ်အတိုင်းအတာထိရောက်ပြီ။ ရှေ့ဆက်ပြီးဘာတွေလုပ်ရမယ်၊ ဘာတွေပြုပြင်ရမယ် စသည်ဖြင့် ခြုံငုံသုံးသပ်တာကို Evaluation လို့ခေါ်ပါတယ်။
 from : http://www.mmteashop.com/index.php?topic=3134.0

Process တစ်ခု Management လုပ်ရာမှာ နောက်ဆုံးအပိုင်းဖြစ်တဲ့ controlling ကိုပြောပါမယ်။

Controlling ဟာ Management ရဲ့နောက်ဆုံးအပိုင်းဆိုပေမယ့် အရေးအကြီးဆုံးအပိုင်းဆိုလဲမမှားပါဘူး။ Controlling ဆိုတာ မှားနေတာ လိုနေတာကို ပြန်ပြင်ပေးတာပါပဲ။ ပဲ့ကိုင်ရှင်လဲဖြစ်တယ်။ Controlling ဟာ Management ရဲ့ဘယ်အပိုင်းကိုမဆို ပဲ့ကိုင်ထားတာပါ။ Planning၊ Organizing၊ Leading၊ Coordinating၊ အစရှိတဲ့ Process တွေအားလုံးကို Monitoring လုပ်၊ မှားရင်ပြင်တာ၊ Modify လုပ်တာ ဟာ Controlling ပါပဲ။ ဥပမာပေးရရင် ကားမောင်းသလိုပါပဲ။ ကားမောင်းရင် စတီယာရင်အသေထား၊ အရှိန်တသတ်မှတ်ထဲနဲ့ မောင်းလို့မရပါ။ ကွေ့စရာရှိကွေ့၊ အရှိန်လျော့စရာရှိလျော့၊ တင်စရာရှိတင်။ ရပ်စရာရှိရပ်။ Driver က တောက်လျှောက် Control လုပ်နေရတာပါ။ Control မရှိတဲ့ Project တစ်ခု၊ အလုပ်တစ်ခုဟာ ဗရမ်းပတာနိုင်စွာပဲ လျှောက်လုပ်နေ တာပါ။ အောင်မြင်မှုဆိုတာ ဝေးပါတယ်။ လူတစ်ဦးခြင်းစီမှာလဲ Self-Controlling ရှိသင့်ပါတယ်။ အရက်သောက်တဲ့သူတစ်ဦးဟာ ရေချိန်သိတယ်၊ Control လုပ်ပြီးသောက်နိုင်တယ်ဆိုတာ အင်မတန်ချီးကျူးစရာပါပဲ။ ကိုယ့်ဟာကို Monitor လုပ်၊ ကိုယ့်ဟာကို Controlling လုပ်ပြီးသောက်တော့ ရုပ်ပျက်ဆင်းပျက်မဖြစ်ဘူးပေါ့။ ဒီလိုမဟုတ်ဘဲ ဗရမ်းပဒါနဲ့ သောက်လို့ကတော့ ပုဆိုးစလွယ်သိုင်း၊ သိုင်းကွက်နင်းပြီး ကြည့်ရဆိုးပါတယ်။ အခြားကိစ္စတွေမှာလဲ ဒီလိုပါပဲ။ Controlling ကိုသေချာလုပ်သင့်တယ်။

 Management နဲ့ Leadership ကိုဘေးခဏချပြီး Communication Skill ကိုဆက်ရအောင်။

အခုခေတ်မှာ Communication Skill ဆိုတာ လူမှုရေး၊ စီးပွားရေး၊ ပညာရေးကဏ္ဍတွေမှာ အင်မတန်အရေးပါတဲ့ လက်နက်တစ်ခုပါ။ အထူးသဖြင့် Public နဲ့ထိတွေ့ဆက်ဆံရတဲ့ ကုပ္ပဏီဝန်ထမ်းတွေ၊ အရောင်းဝန်ထမ်း၊ အရောင်းမြှင့်တင်ရေးဝန်ထမ်း၊ NGO နဲ့ INGO ဝန်ထမ်းတွေ၊ ဆရာဝန်တွေစတဲ့ လူတွေမှာ အောင်မြင်မှုဆိုတဲ့အရာကို ဆုပ်ကိုင်နိုင်ဖို့၊ နံမည်တစ်လုံးတည်မြဲဖို့ ဒီ Skill ဟာ အရေးပါပါတယ်။

လူထုက ကိုယ့်ကိုယုံကြည်မှ၊ လူထုနဲ့ကိုယ်နဲ့ တသားတည်းဖြစ်မှ၊ လူထုရဲ့အတွင်းစိတ်သဏ္ဍာန်ကိုသိမှ ကိုယ်ဘာလုပ်ရမယ်၊ အောင်မြင်မှုကိုဘယ်လိုယူရမယ်ဆိုတာသိမှာပါ။ Communication Skill တနည်းအားဖြင့် ဆက်ဆံရေးမကောင်းရင် သူတောင်းစားတောင် ပိုက်ဆံတောင်းလို့မရပါဘူး။ ဆိုင်တစ်ဆိုင်၊ ဆေးခန်းတစ်ခန်း၊ ကုပ္ပဏီတစ်ခုဟာ ဆက်ဆံရေးမပြေပြစ်ရင်၊ အချိုးမပြေရင် ခင်ဗျားတို့ သွားချင်ပါ့မလား။ ကျွန်တော်ဆိုရင်လဲ မသွားချင်ပါ။ အဲဒါကြောင့်လည်း ဆိုင်တွေ ရှိတဲ့ပစ္စည်းတူ၊ ဈေးတူရက်နဲ့ ဝယ်နှုန်းမတူတာဗျ။

ကဲထားတော့။ အခု Communication ကိုပဲဆက်ရအောင်။ လူထုနဲ့ဆက်ဆံရာမှာ ၄မျိုးခွဲခြားထားပါတယ်။ အဲဒါတွေကတော့

၁။ ကိုယ်မရင်းနှီးသေးသော၊ အစိမ်းသက်သက် Community နှင့်ဆက်ဆံခြင်း။

၂။ Community ကို ပညာရှင်အနေဖြင့်ဆက်ဆံခြင်း။

၃။ Community ကို စီးပွားရေးပုံစံဆက်ဆံခြင်း။

၎။ Presentation Skill တို့ဖြစ်ပါတယ်။

ဒါတွေကိုမပြောခင် အရင်ပြောရမှာက ကိုယ့်ရဲ့ဟန်ပန်အမူအရာနဲ့ ဝတ်စားဆင်ယင်မှုပါ။ ကိုယ်ဟာ Community တစ်ခုကိုထိတွေ့တော့မယ်ဆိုရင် ကိုယ့်ရဲ့ဟန်ပန်အမူအရာဟာ Confidence ရှိတဲ့အသွင်၊ Motivate ရှိတဲ့အသွင်ဖြစ်ရပါမယ်။ Over Confidence တော့မဖြစ်စေရပါဘူး။ ရင်ကော့ပြီး သတ္တိရှိ ရဲဝံ့တဲ့ပုံဆို အားလုံးက ဖြုံမှာပါ။ ဒီမှာပြောရမှာတစ်ခုက ကာလံဒေသံပါပဲ။ ရောမရောက်ရင် ရောမလိုတော့ကျင့်ရပါမယ်။ ဒါမှ လိုက်လျောညီထွေဖြစ်မှာကိုး။ ကိုယ်သွားရမှာက လှိုင်သာယာစက်မှုဇုန် ဆင်းရဲသားရပ်ကွက်၊ ဟန်ပန်တွေက နိုင်ငံခြားသွားမယ့်ပုံမျိုးတော့မလုပ်ပါနဲ့။ ကျွန်တော် အထူးကုဆေးခန်းပိုင်ရှင် တစ်ယောက်နဲ့ဆုံဖူးပါတယ်။ နံမည်တော့မပြောတော့ဘူး။ ကျွန်တော် အားကျလေးစားမိတဲ့သူရဲ့ ဟန်ပန်တွေကို ပြောပြပါ့မယ်။

 သူက ကျွန်တော်တို့လို ရိုးရိုးဆရာဝန်တွေနဲ့ဆို သူလည်းသာမန်ဆရာဝန် လိုပဲ။ စကားပြောလည်းကောင်းတယ်ဗျ။ အဲ ပညာရှင်ဆရာကြီးတွေနဲ့ဆိုလည်း ပညာရှင်ရဲ့ Flow ကိုမှီတာပဲ။ ဆေးကုပ္ပဏီတွေနဲ့ဆက်ဆံပြန်တော့ စီးပွားရေးသမားပုံစံမျိုးဗျ။ သူ့ဆေးရုံကဝန်ထမ်းတွေကိုကျတော့ စိတ်ကောင်းရှိပြီး အပြောချိုပေမယ့် စည်းကမ်းရှိတဲ့သူဌေးတစ်ယောက်လိုမျိုးဗျ။ ဆေးရုံရှေ့က တက္ကစီသမားတွေနဲ့လည်း တရုံးရုံးပဲ။ သဘောကတော့ သူဟာဘယ်လို Community ကိုမဆို အလျားလိုက် ဝင်ဆံ့တာပဲဗျ။ သူကတော့ Communication Skill နဲ့ပတ်သတ်ရင် ကျွန်တော်စံထားထားတဲ့ ပုဂ္ဂိုလ်ပဲဗျ။ အဲပြီးတော့ ကိုယ့်ထက်နိမ့်တဲ့ Community ကိုထိတွေ့ဆက်ဆံရာမှာ အောက်သလိုလို၊ အထင်သေးသလိုလို၊ ရွံသလိုလိုပုံစံ လုံးဝဖြစ်လို့မရဘူး။ ကိုယ့်စိတ်ထဲမှာ သူတို့နဲ့ကိုယ်ဟာ တသားတည်းရှိနေရမယ်။ ကိုယ်ဟာကို တတ်လှပြီမထင်လိုက်နဲ့ဗျ။ လူတိုင်းဟာ ကိုယ့်နေရာ၊ ကိုယ့်အလုပ်မှာတော့ ဆရာတွေချည်းပဲ။ ဥပမာပြောရရင် ကျွန်တော်စနေမောင်မောင်ဟာ ဆရာဝန်ပါ။ ဆေးအကြောင်းနဲ့ပတ်သတ်ရင် အတော်လေးသိပါတယ်။ ကျွမ်းပါတယ်။ ဒါပေမယ့် လယ်သမားကြီးတစ်ဦးနဲ့ယှဉ်ပြီး စိုက်ပျိုးရေးအကြောင်းပြော၍ မရနိုင်ပါ။ ဟက်ကာတစ်ဦးနဲ့ ပြိုင်ပြီး ကွန်ပျူတာကိစ္စပြော၍မရပါ။ ဒီသဘောပါ။

ကဲနောက်တစ်ခုက ဝတ်စားဆင်ယင်ပုံ။ ဒီမှာလဲ ပြောချင်တာက ကိုယ့်ရဲ့ ဝတ်စားတဲ့ပုံစံဟာ ကိုယ်ထိတွေ့ရတဲ့ Community နဲ့ ကိုယ့် Position နဲ့ လိုက်လျောညီထွေဖြစ်ရပါမယ်။ ပြောချင်တဲ့သဘောက ဒီလိုပါ။ ဆရာဝန်မတစ်ယောက်ဟာ ဆေးရုံမှာတော့ စကပ်၊ဘောင်းဘီ နဲ့ sexyပုံနေလို့မရပါဘူး။ လူနာ၊ဆေးရုံဆိုတဲ့ နေရာမှာ သူဟာ ဆရာဝန်ပီသစွာဝတ်ဆင်ရပါမယ်။ သူ Shopping ထွက်မယ်ဆိုရင်တော့ဝတ်ပါ။ရပါတယ်။ ဒီသဘောပါ။ ဥပမာ တိုက်ပုံ၊ပုဆိုးနဲ့ Night Club သွားရင်မသင့်တော်သလို ဘုရားကို ဘောင်းဘီို၊ စကပ်တို၊စကပ်ကွဲ တွေနဲ့ သွားဖို့မသင့်ပါ။ ဆရာဝန်ဟာ ဆေးရုံကို ပန့်ထောင်ပြီး လက်မှာ Tatto ကြီးတွေနဲ့ ကွင်းတွေနဲ့ နားပေါက်နားကွင်းတွေနဲ့ အချွန်အတက်တွေနဲ့ sexy ဆော်လေးနဲ့ Kissing တွေဆွဲပြီးလာရင် ဘယ်လိုနေမလဲ။ ဒါဝတ်ဆင်မှုအကြောင်းပါပဲ။

ကိုယ်မရင်းနှီးသေးသော၊ အစိမ်းသက်သက် Community နှင့်ဆက်ဆံခြင်းဆိုတဲ့အကြောင်းဆက်ရအောင်။
ဒီမှာပြောရမယ့် အချက်တွေကို ဆောင်ရန်၊ရှောင်ရန်နဲ့ ပြောကြည့်ရအောင်။

ဆောင်ရန်အချက်များ
၁။ မိမိသွားမည့် Community ၏ Setup Plan ( မြေပုံ၊ လူဦးရေ၊ လူထုကိုဦးဆောင်နေသူ၊ အာဏာပိုင်အဖွဲ့အစည်း၊ ဖြစ်ပွားလျက်ရှိသော လက်ရှိ Condition ) ကိုသိရှိရန်

၂။ လူထု Community ၏ သက်ဝင်ယုံကြည်မှု၊ ဓလေ့ရိုးရာ၊ လူနေမှုအဆင့်အတန်း၊ ယေဘူယျ အသက်မွေးလုပ်ငန်း၊ ပြောဆိုသောဓလေ့စရိုက် စသည်ကိုသိရှိထားရန်။

၃။ အဝတ်အစားဝတ်ဆင်ရာတွင် Community နှင့်လိုက်လျောညီထွေရှိရန်

၎။ Community နှင့် မိမိအကြား ယုံကြည်မှု၊ ရင်းနှီးမှု တည်ဆောက်ရန်

၅။ မိမိအရည်အသွေး၊ Level ကို Community မှသိရှိရန်ကို ပါးစပ်မှထုတ်ပြောခြင်းမဟုတ်ပဲ လက်တွေ့သိရှိစေရန်

၆။ Community သို့ဆက်ဆံရာတွင် ရယူလိုခြင်းပုံစံဖြင့်မဟုတ်ဘဲ ကိုယ်ရောစိတ်ပါ အားစိုက်ထုတ်၍ Community ၏အကျိုးကိုဆောင်ရွက်ရန်

၇။ လက်တွေ့ကျကျ၊ ယေဘူယျကျသော အနေအထားတစ်ရပ်တွင် အသင့်ရှိနေရန်

၈။ Community ကိုမိမိ၏ မိသားစုသဖွယ်ဆက်ဆံရန်

၉။ ဒေါသ၊ မာန်မာန၊ ခိုက်ရန်ဖြစ်လိုစိတ်ကို ချုပ်တီးရန်

၁၀။ တဏှာစိတ်ကို အတတ်နိုင်ဆုံးဖိနှိပ်ချုပ်တီးထားရန်

ရှောင်ရန်အချက်များ
၁။ Community ကို ဂရုမစိုက်သောပုံစံ၊ ထီမထင်သောပုံစံကိုရှောင်ရန်

၂။ Community ကိုအရမ်း ဂရုစိုက်လွန်းသောပုံလဲဖြစ်မနေရ။

၃။ စကားပြောဆိုရာတွင် ရိုင်းပြသောစကားလုံးများကိုတတ်နိုင်သရွေ့ရှောင်ရန်။

၎။ Community မှနားမလည်နိုင်သောအသုံးအနှုန်းများ ( Eg: Medical Term, Short Term, ဘန်းစကားများ )ကိုအသုံးမပြုပါနှင့်။

၅။ ဝတ်ပုံစားပုံ၊ နေထိုင်ပုံသည် မိမိဆက်ဆံရမည့် Community အတွင်း မျက်စိနောက်စရာမဖြစ်ရ။

၆။ Community တွင်းဖြစ်ပွားနေသော ပြဿနာ၊ အရှုပ်အတွင်း မပါဝင်ပါနှင့်။

၇။ အတင်းမတုပ်ရ။

၈။ အလွန်အမင်းကြွားဝါခြင်း၊ ဂုဏ်ဖေါ်ခြင်းမပြုရ။

၉။ ကျွေးမွေးဧည့်ခံသည်များကို မစားပဲလဲမနေရ။ ရုပ်ပျက်လောက်အောင် တဖြဲနဖြဲ မစားရ။

၁၀။ သူများရပ်ရွာသွားပြီး အပျင်းကြီးနေသည့်ပုံမဖမ်းရ။

၁၁။ အခါအားလျော်စွာကျင်းပသည့်ပွဲလမ်းသဘင်များကို စိတ်မဝင်စားပုံမပြရ။

၁၂။ သူများရပ်ရွာသွားပြီးမစွာရ။ လူတွင်ကျယ်မလုပ်ရ။

၁၃။ လိင်ကိစ္စအရှုပ်အရှင်းကို လုံးဝလုံးဝရှောင်ရန်။

၁၄။ ဘာသာရေးနှင့်ပတ်သတ်၍ပြဿနာ မဖြစ်ပါစေနဲ့။

၆။ Community တွင်းဖြစ်ပွားနေသော ပြဿနာ၊ အရှုပ်အတွင်း မပါဝင်ပါနှင့်။

    ဒိအကြောင်းကတော့ ကျွန်တော်နဲ့ တိုက်ရိုက်မကြုံဖူးပါဘူး။ ကျွန်တော့်ကိုဒီပညာရပ်တွေ အထိုက်အလျောက်သင်ပေးခဲ့တဲ့ ဆရာတစ်ယောက်ရဲ့အတွေ့အကြုံပါ။ NGO ဝန်ထမ်းတစ်ယောက်ဟာ Research တစ်ခုအတွက် ရွာတစ်ရွာကိုသွားရတယ်။ အဲဒီရွာမှာက ရွာအရှေ့ခြမ်းနဲ့ အနောက်ခြမ်းက မတည့်ကြဘူး။ နှစ်နဲ့ချီပြီးဖြစ်လာတဲ့ကိစ္စတစ်ခုပေါ့။ ဒီNGO ဝန်ထမ်းက အဲဒီအကြောင်းစကားစပ်မိတော့ ခင်ဗျားတို့မှန်တယ်။ ဟိုဘက်ကမှားတယ်ဆိုသတဲ့။ အကျိုးဆက်ကတော့ Research လဲမအောင်မြင်၊ လူလဲအရိုက်ခံရ၊ ရွာမှာလဲအရင်ကထက် ပြဿနာပိုကြီးထွားသွားပါသတဲ့။ အဲဒါကြောင့်ဒီကိစ္စလေးကို သေချာလေးဂရုစိုက်ပြီး ရှောင်ကြဉ်ပါ။

၇။ အတင်းမတုပ်ရ။

   ဒါကတော့သိပ်ရှင်းပြစရာလိုမယ်မထင်ပါ။ Communityကမိမိကို Confidenceလျော့သွားနိုင်ပါတယ်။

၈။ အလွန်အမင်းကြွားဝါခြင်း၊ ဂုဏ်ဖေါ်ခြင်းမပြုရ။

   ဒီအပိုင်းကတော့သိပ်ပြောဖို့လိုမယ်မထင်ပါ။ သိတယ်မှတ်လား။ ကိုယ့်ဂုဏ်ကိုယ်ဖေါ် မသူတော်တဲ့။ ကြွားလွန်းရင် လူအမြင်ကပ်ခံရတတ်တယ်။

၉။ ကျွေးမွေးဧည့်ခံသည်များကို မစားပဲလဲမနေရ။ ရုပ်ပျက်လောက်အောင် တဖြဲနဖြဲ မစားရ။

   မစားပဲနေတယ်ဆိုရင် ရိုင်းသလိုထင်ကြပါတယ်။ စားစေချင်လို့ကျွေးတာ ခင်လို့ကျွေးတာ မငြင်းကောင်းပါ။ ကိုယ်ကလုံးဝမကြိုက်ရင် ဒါမှမဟုတ် ရှောင်ထားရင်တော့ငြင်းပေါ့။ ဒါတောင် ရေနွေးလေးဖြစ်ဖြစ် အအေးလေးဖြစ်ဖြစ် စတိတော့သောက်ပါ။

   ရုပ်ပျက်လောက်အောင်စားတာကတော့ မကောင်းပါ။ ဒါတော့သိတယ်မဟုတ်လား။ အလိုက်ကန်းဆိုးမသိ မစားပါနဲ့။

၁၀။ သူများရပ်ရွာသွားပြီး အပျင်းကြီးနေသည့်ပုံမဖမ်းရ။

   ဒီကိစ္စကတော့ NGO တွေနဲ့ ဆရာဝန်တွေသတိထားပါ။ အပျင်းကြီးပုံပေါက်နေသူကို ဘယ်သူမှအားမကိုးချင်ပါ။ အထင်လဲမကြီးပါ။ ဒါကြောင့် ကိုယ့်အိမ်မှာ ကိုယ့်ရပ်ရွာမှာ ဘယ်လိုပဲနေခဲ့ပါစေ သူများရပ်ရွာမှာတော့ စောစောထပါ။ တက်ကြွတဲ့ပုံ၊ လူရိုသေရှင်ရိုသေပုံလေးတော့ နေကြပါ။ နေ့ခင်းနေ့လည်မှာ ဖြစ်နိုင်ရင် မအိပ်ပါနဲ့။

၁၁။ အခါအားလျော်စွာကျင်းပသည့်ပွဲလမ်းသဘင်များကို စိတ်မဝင်စားပုံမပြရ။

   သူများရပ်ရွာသွားရင် သူတို့ဓလေ့ကို လေ့လာပါ။ ပွဲလမ်းတွေရှိရင် အလှူတို့ဘာတို့ရှိရင် ဘုရားပွဲ တရားပွဲကြုံရင် ကိုယ်စိတ်ဝင်စားသည်ဖြစ်စေ မဝင်စားသည်ဖြစ်စေသွားပါ။ လေ့လာပါ။ ပါဝင်ဆင်နွဲပါ။ ဒီလိုမှမဟုတ်ရင် ကိုယ်ဘေးရောက်သွားပါလိမ့်မယ်။

၁၂။ သူများရပ်ရွာသွားပြီးမစွာရ။ လူတွင်ကျယ်မလုပ်ရ။

   သူများရွာမှာသွားပြီး ဟီးရိုးမလုပ်ပါနဲ့။ ကိုယ်ရွာမှာ ကြက်ဖ၊ သူများရွာမှာကြက်မ ဆိုတာသတိရပါ။ သူများရွာသွားပြီး လူစွာသွားလုပ်ရင် သေချာတာကတော့ အရိုက်ခံရမှာပါ။

၁၃။ လိင်ကိစ္စအရှုပ်အရှင်းကို လုံးဝလုံးဝရှောင်ရန်။

   ဒီကိစ္စကတော့ရှင်းရအခက်ဆုံးပါ။ ကျွန်တော်တို့ Part 1 Trip မှာပါပဲ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ထမင်းဆိုင်က ဆော်လေးနဲ့ငြိပါတယ်။ သိတဲ့အတိုင်းပေါ့ငြိတယ်ဆိုတာ။ Trip ရက်ပြည့်လို့ပြန်မယ်လုပ်တော့ ဆော်လေးကခိုးရာလိုက်ခဲ့မယ်ဖြစ်ရော။ မလိုက်ရဘူးဆိုတော့ ပြဿနာရှာရော။ ဟိုဟာပြုတယ် ဒီဟာဖြစ်တယ်ပေါ့ဗျာ။ ရှင်းမရအောင် ရှုပ်ခဲ့ရတယ်။ ကျွန်တော်တို့လဲ ဒီကောင့်ထားခဲ့ပြီးထွက်ပြေးရတာပေါ့။ နောက်တော့ငွေလဲအတော်လျော်လိုက်ရတယ်။ လူလဲသိက္ခာကျပေါ့ဗျာ။

၁၄။ ဘာသာရေးနှင့်ပတ်သတ်၍ပြဿနာ မဖြစ်ပါစေနဲ့။

   ဒီအကြောင်းကိုပြောရရင် NGO တွေသတိထားဖို့ပါ။ ကိုယ်နဲ့ ဘာသာမတူတဲ့ သူတွေဆီသွားရင် သတိထားပါ။ ကိုယ့်ဘာသာမဟုတ်ရင် သွားပြီးဘာသာရေးမဆွေးနွေးပါနဲ့။ ဘာသာရေးအရပြဿနာဖြစ်ရင် လုံးဝကိုအလုပ်ဆက်လုပ်လို့မရပါဘူး။ ရှင်းလို့လဲမရပါဘူး။ ဒါကြောင့်ဒါလေးလဲသတိထားပါ။

Community ကို ပညာရှင်အနေဖြင့်ဆက်ဆံခြင်း။

ဒီမှာ ပညာရှင်ဆိုတဲ့စကားလုံးပါပါတယ်။ ဒါဖြင့်ပညာရှင်ဆိုတာဘာလဲ။ အတတ်ပညာတစ်ခုကို တတ်မြောက်ပြီး အဲဒီပညာနဲ့ အသက်မွေးတဲ့သူကို ပညာရှင်လို့ခေါ်ပါတယ်။ ဆရာဝန်၊ အင်ဂျင်နီယာကစလို့ ဆံသဆရာ၊တီဗွီပြင်ဆရာတွေတောင်မှ ပါဝင်ပါတယ်။ အဲဆရာဝန်ဖြစ်ပြီး ဆေးမကုရင်တော့ ပညာရှင်မဟုတ်ဘူးပေါ့။ အဲဒီပညာရှင်ထွေနဲ့ သူတို့ရဲ့ Customer တွေရဲ့ဆက်ဆံရေးကိုပြောမှာပါ။ ကျွန်တော်က ပညာရှင် Side ကနေပြောမှာပါ။

ပညာရှင်တွေအနေနဲ့ Customer တွေဟာကိုယ့်ရဲ့ကျေးဇူးရှင်ဆိုတာ မမေ့ပါနဲ့လို့ ပထမဆုံးပြောပါရစေ။ ပညာရှင်အများစုဟာ ဒီအချက်ကိုမေ့နေတတ်ကြပါတယ်။ Customers တွေသာမရှိရင် ပညာရှင်ဆိုတာ ဘာကောင်မှမဟုတ်တော့ပါ။ ဆရာဝန်အနေနဲ့ပဲ ဥပမာပေးပြီး စဉ်းစားကြည့်ရအောင်။ လူနာလာမှ ဆရာဝန်ဟာဆေးကုရတာပါ။ လူနာဆိုတာ တကယ်တော့ ကိုယ့်ကိုပိုက်ဆံပေးရုံမက ပညာလဲပေး၊ အတွေ့အကြုံနဲ့ လေ့ကျင့်မှုလဲပေးသူပါ။ ကျွန်တော့် Clinic ကိုလာပြတဲ့ Patient တိုင်းကို ပြန်ရင် ကျေးဇူးတင်ပါတယ်လို့ အမြဲပြောပါတယ်။ ကဲထားပါဦး။ အခု ထုံးစံအတိုင်း ဆောင်ရန်ရှောင်ရန်ပြောပါ့မယ်။

၁။ မိမိ၏ အဝတ်အစား
   ပညာရှင်များဟာ ပညာရပ်အလိုက် အဝတ်အစားဝတ်ပုံဟာ ဆီလျော်သင့်တယ်။ သေသေသပ်သပ်ဝတ်သင့်တယ်။ ဒါမိမိအလုပ်ကိုလေးစားတန်ဖိုးထားတာကိုပြပါတယ်။ မိမိရဲ့ Customers တွေကို Respect ပေးရာလဲရောက်တဲ့အပြင် Confidence လဲရစေပါတယ်။ ကားပြင်ဆရာဆိုရင်တော့ ဆီဂျီးပေမှာစိုးတော့ တစ်မျိုးပေါ့။ ဆရာဝန်ဆိုရင်လဲ ဂျူတီကုတ်ကြီးဝတ်မှမဟုတ်ပါဘူး။ သပ်သပ်ရပ်ရပ် စမတ်ကျကျဝတ်ဖို့ပြောတာပါ။ ဥပမာ ဆရာဝန်အမျိုးသားတစ်ဦးဟာ ဆေးရုံ၊ ဆေးခန်းအချိန်မှာ ဘောင်းဘီတိုနဲ့ စွတ်ကျယ်နဲ့မဖြစ်သင့်ဘူး။ ဟိုအပေါ်မှာပြောခဲ့သလို ပန့်ပုံစံလဲ မရပါဘူး။ ဆရာဝန်မလေးတွေလဲဒီလိုပါပဲ။ အတိုအကျပ်အဟိုက်နဲ့သာ ဆေးခန်းထိုင်၊ အမျိုးသားလူနာတွေ အုံနေပါလိမ့်မယ်။ အင်ဂျင်နီယာမလေးတွေဆိုလဲ ဆိုက်ဒ်ထဲကို စကပ်အတိုဝတ်သွားကြည့်။ Accident ဖြစ်တဲ့အလုပ်သမားဦးရေ များလာမှာပါ။ ဒီသဘောကိုပြောတာပါ။

 ၂။ ကိုယ်အမူအရာ၊ နှုတ်အမူအရာ
   ဒါကတော့အရေးပိုကြီးတဲ့အပိုင်းပါ။ ပညာရှင်တွေဟာ ပညာဂုဏ်မောက်ပြီး အမူအရာ၊ ပြောဆိုပုံတွေ မပြေပြစ်ရင် အောင်မြင်တဲ့သူမဖြစ်နိုင်ပါ။
ကိုယ်အမူအရာက လေးစားဖွယ် ယုံကြည်ကိုးစားဖွယ် ဖြစ်ရပါမယ်။ နှာခေါင်းနှိုက်တာ၊ လက်သည်းကိုက်တာ၊ လက်ဂဏာမငြိမ်တာစတဲ့ အမူအကျင့်တွေ ရှောင်ရပါမယ်။ ရာဇာနေဝင်း အိုက်တင်မျိုးလုပ်တာတွေ ရှောင်ရပါမယ်။
 ဆရာဝန်တွေဟာ ကိုယ့်လူနာရှေ့မှာ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ကွမ်းစားတာမျိုးမလုပ်သင့်ပါ။ ပညာရှင်ဟာ ပညာရှင်ဆန်စွာပဲ မိမိကိုယ်မိမိ ယုံကြည်တဲ့ ရဲဝံ့တဲ့ပုံမျိုးဖြစ်နေရင် Customers တွေဟာ လေးစားအားကျနေမှာပါ။

 အကြည့်ဟာလဲ စူးရှတဲ့အကြည့်မျိုးဖြစ်သင့်တယ်။ မဝံ့ရဲတဲ့ပုံစံ၊ ခိုးကြည့်တဲ့ပုံစံ၊ ဂဏာမငြိမ်ဘဲ မျက်စိကစားတာတွေဟာ ကောင်းတဲ့အမူအရာတွေ မဟုတ်ပါဘူး။

   နှုတ်အမူအရာလို့ခေါ်တဲ့ စကားပြောဆိုရာမှာတော့ ပညာရှင်တွေဟာ လိုအပ်မှုတွေများလှပါတယ်။
 ပညာရှင်တွေ သတိထားရမှာက Customers တွေကို စကားပြောရမှာ၊ ဖြေကြားရမှာ မပျင်းပါနဲ့။ ၁ခွန်းပြောရမယ့်စကားကို ၂ခွန်းပြောရလို့ သေမသွားပါဘူး။
 ပြီးတော့ ရှင်းပြဖို့မပျင်းပါနဲ့။ ကျွန်တော့်ဆေးခန်းမှာဆိုရင် လူနာတွေကို သူတို့ခံစားနေရတဲ့ရောဂါတွေအကြောင်း အနည်းငယ်ရှင်းပြနေကြပါ။

 ဥပမာ Common Cold ဆိုပါစို့။ လူနာကို “ဘာမှမဟုတ်ဘူး။ ရိုးရိုးဖျားတာ။ ဒီဆေးသောက်”လို့ပြောမယ့်အစား “ရာသီဖျားပါ။ ---ံF ရှိတယ်။ ဒါဒီရာသီမှာတွေ့နေကြပါ။ ၃ရက် ၄ရက်တော့ခံရမှာပေါ့။ ပျောက်မှာပါစိတ်မပူပါနဲ့။ ဆေးတော့သေချာလေးသောက်နော်။ မသက်သာရင် အချိန်မရွေးပြန်ပြပါ။ အစာလေးတော့ရှောင်ပါ” စသည်ဖြင့်ပြောရပါမယ်။ ကွန်ပျူတာပြင်တဲ့သူလဲ ဒီလိုပါပဲ။ IC လောင်သွားပြီ။ မရတော့ဘူးလို့ပြောမယ့်အစား IC ကတော့ High Voltage မိတယ်ထင်တယ်။ ပါဝါကဘာဖြစ်တယ် စသည်ဖြင့် ဖွယ်ဖွယ်ရာရာလေးပြောသင့်တယ်။ ပြီးတော့ စကားပြောရာမှာ ခပ်ပြတ်ပြတ်ပြောသင့်တာရှိသလို လိုအပ်ရင်ပြောသင့်ရင် ပေရှည်ရမယ်။(အရမ်းကြီးတော့ မရှည်နဲ့ပေါ့)

 ပြီးတော့ ပညာရှင်တွေဟာ ရိုင်းစိုင်းစွာ မပြောသင့်သလို မောက်မာစွာလဲ မပြောသင့်ပါ။ “ဒီမှာအလုပ်လုပ်နေတယ်၊ မပြီးသေးဘူး။” လို့ ဘုကလန့်ကြီးပြောမယ့်အစား “လုပ်လက်စလေးတွေ မပြတ်သေးလို့ ခဏလေးထိုင်ပါဦးခင်ဗျာ” စသည်ဖြင့်ပြောသင့်တယ်။ စကားပြောရာမှာလဲ တတ်နိုင်သရွေ့ ပြုံးနေသော၊ ချိုသာသောမျက်နှာ အမူအရာနဲ့ နွေးထွေးစွာပြောဆိုသင့်တယ်။ ကလေးကလားစကားတွေကို တတ်နိုင်သမျှလျော့ပြီး ပညာရှင်ပီသစွာပြောဆိုပါ။ လိုအပ်ရင် လူပြိန်းနားလည်မယ့်စကား ( ပညာရပ်ဆိုင်ရာစကားလုံးတွေကိုမသုံးဘဲ ) နဲ့ရှင်းပြပြောပြပါ။ နောက်တစ်ခုက Customers တွေပြောတဲ့စကားတွေကို ဂရုစိုက်ပြီးနားထောင်ပါ။ သူတို့ကိုလဲ စကားပြောပါစေ။ သူတို့ကိုပြောခိုင်းလေ သူတို့ဖြစ်တဲ့ပြဿနာကိုသိရလေပါပဲ။ စကားလမ်းကြောင်းလွဲနေရင် လွဲသွားရင် လမ်းကြောင်းမှန်ပေါ်ဆွဲတည့်ပေးပါ။ ဒါတွေဟာ ပညာရှင်တွေ လိုအပ်တဲ့ Skill တွေပါပဲ။

 ၃။ စိတ်နေသဘောထား

   ဒါအရေးအကြီးဆုံးအစိတ်အပိုင်းပါပဲ။ စေတနာကောင်းရင် ကံကောင်းတယ် ဆိုတဲ့စကားဟာ အလကားထားတာမဟုတ်ပါဘူး။ စေတနာထားပါ။ ပညာပေါ်ကိုရိုသေပါ။ ထိုက်သင့်တဲ့ ပညာပူဇော်ခသာ ယူပါ။ စိတ်ယုတ်မာမမွေးပါနဲ့။ ဘယ်လိုညစ်ရမလဲ၊ ညှစ်ရမလဲ၊ လှီးရမလဲဆိုတဲ့ စိတ်ယုတ်မာမမွေးပါနဲ့။ Customer ဘက်ကကြည့်ပေးပါ။ သူတို့စိတ်ချမ်းသာဖို့၊ ငွေကုန်ကြေးကျနည်းဖို့ စဉ်းစားပေးပါ။ ပညာရှင်မှန်ရင် ပညာရှင်လို့ခံယူရင် လောဘကိုနိုင်အောင်ထိန်းပါ။ လူတစ်ယောက်ဆီက ငွေ ၁၀၀၀၀ယူဖို့မစဉ်းစားပဲ ၁၀ယောက်ဆီက ၁၀၀၀စီယူပါ။ ရေရှည်မှာ အကျိုးခံစားရတာချင်းမတူညီပါဘူး။ ပညာရှင်ဆိုတာ ငွေရှာရာမှာ စီးပွားရေးသမားနဲ့မတူပါဘူး။ စီးပွားရေးသမားက တစ်ခုရောင်းလို့ တစ်ကျပ်မြတ်ချိန်မှာ ပညာရှင်ဟာ ကုန်ဆုံးမသွားတဲ့ပညာတစ်ခုအတွက် တစ်ကျပ်မကရပါတယ်။ ဒါတင်မက Communication Skill ကောင်းရင်ကောင်းသလောက် နောက်ထပ်မိတ်ဆွေတွေပါ ရလာနိုင်ပါတယ်။ မေတ္တာဖြင့်ကုန်သွယ်ခြင်းဟာ ငွေအသပြာနှင့်ကုန်သွယ်ခြင်းထက် ပိုပြီးအမြတ်အစွန်းရနိုင်ပါတယ်။ ဥပမာပြောရရင် ဆရာဝန်ပဲဆိုကြပါစို့။(ကိုယ်တိုင်က ဆရာဝန်ဖြစ်နေတဲ့အတွက် ဆရာဝန်နဲ့ပဲဥပမာပေးနေတာ ခွင့်လွှတ်ပါ) ဆရာဝန်တစ်ယောက်ဟာ စာတတ်တိုင်း ဘွဲ့တွေတသီကြီးရတိုင်း လူနာများတာမဟုတ်ပါဘူး။ ဆက်ဆံရေးကောင်းမှ စေတနာထားမှ လူနာတွေအတွက်အနစ်နာခံတဲ့သူမှ လူနာလိုက်တာပါ။ ငွေနဲ့ ပညာဂုဏ်မောက်မိလို့ တရားစွဲခံရ၊ ဘဝနာသွားရတဲ့ ဆရာဝန်တွေမနည်းပါဘူး။

ပြီးတော့ ပညာရပ်ပေါ် သစ္စာစောင့်သိဖို့၊ ရိုသေဖို့နဲ့ ပညာရပ်ကိုတလွဲမသုံးဖို့ အရေးကြီးပါတယ်။ ငွေဆိုတဲ့ အရာတစ်ခုအတွက် ပညာရဲ့တန်ဖိုးကိုမကျပါစေနဲ့။ သိက္ခာရှိစွာနဲ့ ပညာရှင်ဆိုတဲ့နေရာမှာနေပါ။ ဒီကိစ္စမှာ အဓိကပြောချင်တာက ရှေ့နေဆိုတဲ့ပညာရှင်တွေပါပဲ။ ငွေရတိုင်း ငါ့စကားနွားရ မလုပ်ပါနဲ့။ လိပ်ကိုကြမ်းပိုး မဖြစ်ပါစေနဲ့။ အမှုမှန်ပေါ်ဖို့ ဒီပညာရပ်ကိုအသုံးချပါ။ တရားခံကို လျှော့ပေါ့စေလိုလျှင်လည်း ဥပဒေဘောင်ထဲကသာ အလုပ်လုပ်ကြပါ။ အင်ဂျင်နီယာတွေလည်း ဒီလိုပါပဲ။ ပိုက်ဆံကို ထိုက်သင့်သလောက်တောင်းပါ။ သံချောင်း၊ ဘိလပ်မြေ မခိုးပါနဲ့။

ပညာရှင်တွေ နောက်ထပ်ရှိသင့်တဲ့စိတ်ထားက ငါဆိုတဲ့အတ္တကိုဖျောက်ဖို့ပါပဲ။ လောကမှာ ငါသိငါတတ် ငါအတော်ဆုံးဆိုတာ မဟုတ်ပါဘူး။ ငါ့ထက်သိ၊ ငါ့ထက်တတ်တဲ့သူတွေရှိသေးတာ သိထားပါ။ ကိစ္စတစ်ခုမှာ ကျွမ်းကျင်ပေမယ့် ကိုယ်မကျွမ်းတဲ့အပိုင်းရှိသေးတာနားလည်ပါ။ ကိုယ်မကျွမ်းတဲ့ကိစ္စကို ကျွမ်းကျင်တဲ့သူဆီလွှဲဖို့ မတုံ့ဆိုင်းပါနဲ့။ ဒီကိစ္စဟာ ဆရာဝန်အသိုင်းအဝိုင်းနဲ့ ကားပြင်တဲ့အသိုင်းအဝိုင်းမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

ပြီးတော့ ပညာရှင်တွေဟာ မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်၊ အရပ်ဒေသ၊ Environment မှာ စံပြဖြစ်ရုံမကပဲ အဲဒီ Environment ကိုတစုံတရာအကျိုးပြုနိုင်သူဖြစ်ရပါမယ်။ ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာဟာ စံနမူနာပါပဲ။

သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။
သင်၏မျိုးသား စာစကားလည်း
ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်
ဥစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။

၃။ Community ကို စီးပွားရေးပုံစံဆက်ဆံခြင်း။
ဒီစီးပွားရေးပုံစံ ဆက်ဆံတယ်ဆိုတာ တကယ်တော့ အပေါ်က ပညာရှင်ပုံစံနဲ့ အနည်းငယ်ဆင်တူပါတယ်။ ကွာတာက ဒီမှာဆက်ဆံရမယ့် ကျွန်တော်တို့က ပညာရှင်မဟုတ်တာပါပဲ။ အရှင်းဆုံးပြောရရင် ကုန်သည်၊ စာရေး၊ အရောင်းဝန်ထမ်းပေါ့ဗျာ။ ဒီလူတွေ Customers ကို ( Community ကို ) ဆက်ဆံပုံဟာ အရေးကြီးပါတယ်။ ဒီအကြောင်းကို ကျွန်တော် ထဲထဲဝင်ဝင်သိပ်မသိပါဘူး။ စာတွေ့လောက်ပဲ နားလည်ထားပါတယ်။ ဒါကြောင့် နားလည်သလို ပြန်တင်ပြရာမှာ အမှားပါရင်ခွင့်လွှတ်ပါ။


ဒီမှာအဓိကကျတာ ဈေးရောင်းသူနဲ့ ဝယ်သူဆိုတဲ့ လူတန်းစား ၂ရပ်ပါပဲ။ အခုခေတ်မှာ Customer is always right ဆိုပေမယ့် ရောင်းသူဝယ်သူ အသံတူရမှာပါပဲ။
 ရောင်းသူက အပြောချိုပြီး စေတနာထားရမှာဖြစ်သလို ဝယ်သူကလဲ ငါကဝယ်သူဆိုပြီး မာန်မတက်ပါနဲ့။
စီးပွားရေးမှာ အမြတ်အစွန်းရရှိဖို့ ငါချမ်းသာဖို့ဆိုတဲ့ တနပ်စားအကြံတွေဟာ ကိုယ့်သေတွင်းကိုယ်တူးတာပါပဲ။ ယူသင့်သလောက် ထိုက်သင့်သလောက်ပဲယူပါ။

၁၀တန်ပစ္စည်းကို ၁၅ကျပ်လောက်ရောင်းတာ ပြဿနာမဟုတ်ပေမယ့် ၁၀၀တန်ပစ္စည်းကို ၁၅၀နဲ့ရောင်းတာကတော့ပြဿနာပါ။ ဒါကိုအထူးဂရုစိုက်ကြပါ။ ပြီးတော့ ဈေးကွက်ရဲ့စီးမျောမှုကို အလိုက်အထိုက်နေနိုင်ပါစေ။ သဘောက ဈေးကျရင်လိုက်ချပါ။ စီးပွားရေးလုပ်ရာမှာ အရှုံးဆိုတာရှိစမြဲပါ။ ဒါကိုလက်ခံပါ။ အရှုံးကိုလက်မခံပဲ ဈေးတွေထိုးတင်တာမျိုး၊ Fix Price လုပ်တာမျိုး မလုပ်သင့်ပါ။ မြတ်တုန်းကတော့ ဝါးနေ၊ ငြိမ်နေပြီး ရှုံးမှ ဈေးတက်ပစ်တာ ဈေးရောင်းတာမဟုတ်ဘူး။ ဝိသမလောဘလို့ခေါ်တယ်။ အခုမြန်မာနိုင်ငံမှာ ဘယ်နေရာကြည့်ကြည့် ဝိသမလောဘသားတွေချည်းပဲဖြစ်နေတယ်။ ဒါမကောင်းတဲ့ ပြယုဂ်တစ်ခုပါ။

နောက်တစ်ခုကဈေးရောင်းသူတွေရဲ့ဆက်ဆံရေးပါ။ ဒါကတော့လူတိုင်းတွေ့ဖူးမှာပါ။ ဆက်ဆံရေးကောင်းမှ အလုပ်အဆင်ပြေပါတယ်။
ဟိုနေ့က FEC ဝယ်တာ ကိုဝင်းနားနဲ့ ကိုခြူးမောင်တို့မျက်နှာနဲ့မို့ ဝယ်လိုက်တာပါ။ နို့မို့ မဝယ်ဖြစ်ဘဲ ရိုက်မှုဖြစ်နေလောက်ပြီ။ ဘယ့်နဲ့ဗျာ ဒေါ်လာလေးရောင်းနေလို့ပဲ။
လာခဲ့ပါ ဒီမိန်းမမျိုး။ ကိုယ့်ဂွင်ထဲဝင်လာလို့ကတော့ညှာမယ်မထင်နဲ့။ ဆက်ဆံရေးပြေပြစ်ပုံများ ပါးကိုဆွဲရိုက်ချင်နေတာ။

City Mart စူပါမားကတ်တွေ ဘာလို့အောင်မြင်နေလဲ။ ဝန်ထမ်းတွေဆက်ဆံရေးကောင်းလို့ပါ။ တချို့စူပါမားကပ်တွေကဝန်ထမ်းတွေ အချိုးမပြေတာမြင်ဖူးကြပါလိမ့်မယ်။ အရောင်းဝန်ထမ်းတွေမှာရှိရမယ့် စိတ်ထားက ငါသာ Customer ဆိုရင်ဆိုတဲ့စိတ်ထားမျိုးရှိဖို့ပါ။ လူကိုမဝယ်နိုင်တဲ့ပုံမျိုး မျက်လုံးမျိုး မကြည့်မိပါစေနဲ့။ Customer ဖြစ်တဲ့အလျှောက် ငွေပါတဲ့သူတွေချည်းပါပဲ။ ဒီဟာကို ငွေမမှီရင် မှီတာကို ဝယ်ဖြစ်အောင် ဝယ်သွားအောင်ဆွဲဆောင်ပါ။

 အပြုံးချိုချို၊ မျက်နှာထားလှလှနဲ့ ဝယ်သူကို ဈေးဝယ်ချင်အောင်ဆွဲဆောင်ပါ။ သူတောင်းစားက လာဝယ်လဲ ဒီသူတောင်းစားဟာ Customer ပါပဲ။ ဒီစိတ်မျိုးထားပေးကြပါ။ စကားပြောရာမှာလဲ ယဉ်ကျေးပါစေ။

နောက်ဆုံးပြောချင်တာက Marketting ပါပဲ။ ပစ္စည်းတွေကို ရှင်းပြပြောပြရာမှာ အမှန်အတိုင်း ကောင်းကွက် ဆိုးကွက်တွေကိုပြောပြပါ။ ကိုယ့်ဟာရောင်းရပြီးရောဆိုပြီး ကောင်းတာတွေချည်းဖိပြောမနေပါနဲ့။ ပြီးတော့ Customer တွေ အချိန်ရ၏မရ၏ ကြည့်ပါ။

 Multi level Marketting တွေမှာ အရမ်းကြည့်ရဆိုးပါတယ်။ နားထောင်တဲ့လူ အချိန်ရမှန်း မရမှန်းလဲမသိ၊ နားလည်လား မလည်လားလဲမသိ။ အလွတ်ကျက်ထားတာတွေ လျှာရိုးမရှိတိုင်းပြောနေတာ တွေ့နေရပါတယ်။ တခါမှမကြားဘူးတဲ့ စီးပွားရေးပါရဂူတွေကော ဘာမှန်းမသိတဲ့ပစ္စည်းတွေကော၊ အခုမင်ဘာဝင် အခုချမ်းသာမယ့်ပုံစံတွေကော ပြောနေကြတာ သိပ်စိတ်ပျက်ဖို့ကောင်းပါတယ်။ တခါတလေ သူတို့ပြောနေတဲ့သူက စီးပွားရေး လုပ်ငန်းရှင်တွေ၊ အလွတ်ကျက်ပြီး အချိန်ရမှန်း မရမှန်းမသိ စွတ်ပြော၊ ဟိုကတစ်လုံးထောက်လိုက်တော့ ဘာပြောရမှန်းမသိနဲ့ အရှက်ကွဲရတဲ့သူတွေလဲတွေ့ဖူးပါတယ်။ ဒီလိုပြောချင်၊ ဆွယ်ချင်သူတွေဟာ စာတွေ့ဆိုရင်လဲ ထောင့်စိအောင်လေ့လာပါ။ လက်တွေ့ဆိုရင်လဲ သေချာစူးစမ်းပါ။ အလွတ်ကျက်ပြီးပြန်ရွတ်မပြပါနဲ့။ Multi Level ရဲ့သဘောကို သေချာသိပါစေ။
 Demand, Input, Profit, စတဲ့ဟာတွေကို သေချာလေးလေ့လာပြီးမှ အလုပ်လုပ်ပါ။
 ဆေးကုပ္ပဏီရဲ့ Marketting ဝန်ထမ်းတွေဆိုရင်လဲ မိမိဆေးရဲ့ Indication, Contra indication, t ½ , Plasma Concentration, Side effect စတာတွေကို သိထားသင့်ပါတယ်။ ဆေးတစ်လုံး ဈေးဘယ်လောက်ဆိုတာနဲ့ကတော့ အလုပ်မဖြစ်ပါဘူး။


၎။ Presentation Skill
ဒီအပိုင်းကတော့ စင်ပေါ်တက်ရသူတွေအတွက် အရေးကြီးပါတယ်။
ကိုယ်က NGO အဖြစ်သော်လည်းကောင်း၊ ပညာရှင်အဖြစ်သော်လည်းကောင်း၊ Social Marketting လုပ်နေသူဆိုရင်လည်းကောင်း၊ ဆရာတွေ စာရေးဆရာတွေနဲ့ ကုပ္ပဏီအကြီးကြီးတွေက ရာထူးရှိဝန်ထမ်းဆိုရင်သော်လည်းကောင်း မလွဲမသွေတတ်ထားရမှာပါ။ Topic တစ်ခု အကြောင်းအရာတစ်ခုကို Stage ပေါ်တက်ပြီးပြောဖို့ဆိုတာ လုပ်ရအင်မတန်ခက်ခဲပါတယ်။ ဆေးကျောင်းသားတွေ၊ IT ကျောင်းသားတွေ၊ အင်ဂျင်နီယာကျောင်းသားတွေနဲ့ စာရေးဆရာပေါက်စ၊ ကျောင်းဆရာပေါက်စတွေ အသိဆုံးပါ။

ကျွန်တော်ဆိုရင် ဒီအသက်ဒီအရွယ်ထိ Presentation တွေ၊ ကျပန်းစကားပြောပွဲတွေ၊ ကျန်းမာရေးပညာပေးဟောပြောပွဲတွေ ၄၀ထက်မနည်း လုပ်ခဲ့ဘူးတယ်။ စင်ပေါ်တက်ပြီး သီချင်းလဲဆိုဘူးတယ်။အငြိမ့်လဲကဘူးတယ်၊ ပြဇာတ်လဲကဘူးပါတယ်။ ဒီလိုမျိုး စတိတ်စင်နဲ့မစိမ်းတာတောင် စတိတ်ပေါ်တက်တိုင်း ခြေဖျား လက်ဖျားအေးနေမြဲပါ။

Presentation ကိုကောင်းမွန်နိုင်နင်းစွာ ပြောချင်ရင် Stage စင်ကိုမကြောက်ပါနဲ့။ Stage စင်နဲ့စိမ်းမနေပါစေနဲ့။ အစမှာတော့ မှားမှာ လွဲမှာ အရီခံရမှာပါပဲ။ မရှက်ပါနဲ့၊ မကြောက်ပါနဲ့၊ စိတ်မပျက်ပါနဲ့။ အလေ့အကျင့်ရလာတာနဲ့အမျှ အဆင်ပြေလာပါလီမ့်မယ်။ အခု Presentation Skills တွေအကြောင်းဆက်ပါမယ်။
Successful Presentation တစ်ခုဖြစ်ဖို့ Requirement တွေအများကြီးလိုပါတယ်။
Rule of Nine

1.   Clear Purpose
ရှင်းလင်းသော၊ တိကျသော Purpose ဖြစ်ရမည်။
ဟုတ်ပါတယ်။ ကိုယ်ပြောမယ့် Presentation ရဲ့ခေါင်းစဉ်၊ Aim & Objective ဟာရှင်းလင်းတိကျပြတ်သားရပါမယ်။ ခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့ ဘာကိုပြောမယ်ဆိုတာ သိနေရပါမယ်။
ခင်အကြောင်းဖြင့်ခြင်အကြောင်း၊ ဆေးဖြင့်ဆေး စသည်ဖြင့် ဖြစ်သည့်တယ်။ ဘာကိုပြောချင်မှန်းမသိ စင်ပေါ်တက်ပြောချင်ရာပြောတာ လုံးဝမလုပ်သင့်ပါ။

2.   Know the Audience
ပရိသတ်ကိုသိပါတဲ့။ ဒါပေါ့ သိထားသင့်တာပေါ့။ ကိုယ် Present လုပ်တဲ့ ပရိသတ်ဟာ စာတတ်ပေတတ်တွေလား။ ကလေးတွေလား။ လယ်သမားတွေလား။ ဆယ်ကျော်သတ်လူငယ်တွေလား စသည်ဖြင့်သိရပါမယ်။ ဒါမှ ကိုယ်ဟာဘယ်လို Present လုပ်ရမယ်၊ ပရိသတ်စိတ်ဝင်စားအောင် ဘယ်လိုပြောရမယ်၊ ဘယ်အချက်တွေဟာဖြင့်ပါရမယ်၊ ပြောရမယ်ဆိုတာသိမှာပါ။


3.   Identify the need
ဒီမှာ need ဆိုတာ ၂မျိုးရှိပါတယ်။ လူထု ( ပရိသတ် ) ရဲ့ need ပါ။ ကျန်းမာရေးအသိလဲဖြစ်ချင်ဖြစ်မယ်။ စီးပွားရေးဆိုင်ရာအသိလဲဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ဟောပြောပွဲကနေပေးမယ့် လက်ဆောင်တွေ (ဥပမာ- ဓါတ်ဆားထုပ်) လဲဖြစ်နိုင်ပါတယ်။ ဒါတွေကိုလဲ လိုက်လျောညီထွေဖြစ်အောင်ဆောင်ရွက်ရမယ်။ ရန်ကုန်က Trader Hotel ကြီးမှာ ငှက်ဖျားကာကွယ်ရေးပြောရင် လွဲနေပါလိမ့်မယ်။

အဲဒီလိုနေရာမှာ ငှက်ဖျားကာကွယ်ရေးပြောမယ်ဆိုရင် တောသူတောင်သားကိုပြောတဲ့ပုံစံထက် ပညာရှင်တွေ နှီးနောဖလယ်တဲ့ပုံမျိုး၊ Data based evidence တွေနဲ့ပြောရမှာပါ။ ပြီးတော့ ကိုယ့်ရဲ့ Audience က Reproductive Age ဖြစ်ရင် Sexual Health နဲ့ပတ်သတ်ပြီး နွယ်ပြီးပြောသင့်ပါတယ်။
ဒုတိယ တစ်ခုကတော့ ကိုယ်Presentation လုပ်မယ့်နေရာမှာ လိုအပ်တဲ့ need တွေပါ။ ဥပမာ- မီးမလာတဲ့ နေရာမျိုးမှာ ကွန်ပျူတာရယ် Projector ရယ်က need မဟုတ်ပါဘူး။ ကျောက်သင်ပုန်း ( WhiteBoard ) ၊ Flip Chart နဲ့ Promo တွေက အဓိက need ပါ။ ဒါတွေကတော့ need မတူတဲ့ပုံစံတွေပါပဲ။

4.   Outcome-take home message
ဗမာလိုပြန်ရရင် အိမ်အပြန် စကားလက်ဆောင်ပေါ့ဗျာ။ ရှေ့ပိုင်းမှာ ပြောချင်တာပြော၊ အဆုံးသတ်မှာတော့ ထိမိတဲ့ နားထဲစွဲနေမယ့် စကားလေး ၂ခွန်း ၃ခွန်းလောက်နဲ့ နိဂုံးချုပ်ခိုင်းတာပါ။ ပရိသတ်တွေ နားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ဒီ take home messages ကိုတော့ နားဝင်ပါစေ။ ပြီးတော့ ဒီ messages ဟာ ရှေ့ကပြောလာခဲ့သမျှကို ခြုံငုံမိဖို့လိုပါတယ်။ အသိပညာလေးတစ်ခုခု၊ ဗဟုသုတလေးတစ်ခုခု နားထဲစွဲသွားခဲ့ပြီဆိုရင် ခင်ဗျားရဲ့ Presentation ဟာ အောင်မြင်ပြီပေါ့။

5.   Mode of Communication
ဒါအရေးကြီးတဲ့ အပိုင်းပါ။ အပေါ်မှာပြောခဲ့သလိုပါပဲ။ ကိုယ်ပြောမယ့် အကြောင်းအရာတစ်ခုကို ဘယ်လို Present လုပ်မှာလဲဆိုတာအရေးပါပါတယ်။ Power Pointနဲ့ပြမှာလား။ Flip Chart တွေနဲ့ပြမှာလား။ Demi Model တွေသုံးမှာလား။ တရားဟောဓမ္မကထိကတွေလို ခွက်လေးတွေနဲ့ပြကြမှာလား။ ဒါက Mode တစ်ခုပါ။ နောက်ထပ်တစ်ခုက Style of Presentation ပါ။ တရားဟောသလိုပြောမှာလား။ ကွက်စိပ်ဟောသလို ပြောမှာလား။ သတင်းကြေညာသလို ပြောနေမှာလား။ ကျပန်းစကားပြောသလိုပြောမှာလား။ Discussion လုပ်တဲ့ပုံစံ Present လုပ်မှာလား စသည်ဖြင့်ပေါ့။ ပြီးတော့ Presentation ကို Open Type Style ပြောမှာလား။ Closed Typed Style ပြောမှာလား။ One Way Presentationလား။ Community perticipated Style လားပေါ့။ ဒါတွေက Modes of Communication တွေပါ။ ဘယ်ဟာကအကောင်းဆုံးဆိုပြီးတော့ မပြောချင်ပါ။ ကိုယ်ကျွမ်းကျင်တဲ့ပုံဟာအကောင်းဆုံးပါ။

6.   Structure
 မိမိတင်ပြမယ့် အကြောင်းအရာ Topic တစ်ခုရဲ့ Structure Framework ဟာ လှပပြီး အစီစဉ်တကျဖြစ်ရပါမယ်။ အကြမ်းအားဖြင့် Intro, Body, Conclusion ဆိုပြီးအစီအစဉ်တကျဖြစ်ရမှာပါ။ အခု ကျွန်တော်ရေးနေပြောနေတာတွေဆိုရင် အစီအစဉ်မကျတာအားလုံးမြင်ကြမှာပါ။ တကယ်ဆိုဒီလိုမဖြစ်သင့်ဘူး။ ကျွန်တော့အပြစ်တွေပဲဆိုပါတော့။ Intro မှာ ဘာတွေပါမှာလဲဆိုရင် ကိုယ်ပြောမယ့် အကြောင်းအရာရဲ့ ဖွဲ့ဆိုပုံတွေ ကိုယ့်ပြောမယ့်အကြောင်းအရာရဲ့ အရေးကြီးပုံ အရေးပါပုံတွေ Roll Up လို့ခေါ်တဲ့ ဖွရတဲ့ပုံစံတွေပါသင့်တယ်။
Body ကတော့ Topic ရဲ့ Detil Factsတွေ၊ Graph တွေ Table တွေ ပုံတွေ ဥပမာတွေပါရပါမယ်။ Conclusion ဆိုတဲ့ နိဂုံးပိုင်းမှာတော့ အပေါ်မှာပြောခဲ့သမျှ အကြောင်းအရာတွေကိုစုစည်းပြီး အဆုံးသတ်ပေးရပါမယ်။ Take home Message လေးတွေထည့်ပေးရမယ်။ Important Facts တွေကို Note လေးထုတ်ပေးသင့်ပါတယ်။

7.   Scrip-Note-(points)
 ဒါကတော့ Presentation မှာ ပြောရမယ့်၊ ပြောလိုတဲ့ စကားလုံးတွေ၊ Exampleတွေ၊ Update လေးတွေကို မိမိဘာသာ စာရွက်လေးနဲ့ အကြမ်းရေးထားတာ List လုပ်ထားတာပါ။ Presentation Slides မှာ မပါတဲ့အကြောင်းအရာလေးတွေ ပြောရမယ့်အစီစဉ်လေးတွေကို Tips တွေ List တွေစီထားခြင်းအားဖြင့် မေ့ကျန်မှာ မှားမှာ ဗျောက်သောက်ဖြစ်မှာ မစိုးရိမ်ရတော့ဘူးပေါ့။ ပြောရမယ့်စကားလုံးတွေကို သည်၏မလွဲ ရေးထားစရာမလိုပါဘူး။ ဉပမာ မောင်ဖြူအကြောင်းပြောမယ်ဆို မောင်ဖြူလို့ List လေးရေးထားတာမျိုးပါ။ မောင်ဖြူကဘာညာဆိုပြီး အစအဆုံးရေးထားစရာမလိုပါ။

8.   Rehearse/Practice
ပွဲမဝင်ခင် အပြင်မှာကျင်းပတာပါ။ များများလေ့ကျင့်လေ စင်ပေါ်ရောက်တဲ့အခါ အမှားနည်းလေပါပဲ။ ပြီးတော့ ပေးထားတဲ့အချိန်အတွင်း ပြီးအောင်ပြောနိုင်ဖို့ အချိန်အများကြီးပိုမနေဖို့ဟာ ဒီ Practice နဲ့ဆိုင်ပါတယ်။ ပြန်ပြီးတက်လာမယ့် questions တွေအတွက်လဲ ကြိုစဉ်းစားပြီး Prepare လုပ်ထားရပါမယ်။ ပြီးတော့ အခြားသူတွေရဲ့ ဟောပုံပြောပုံတွေကိုလေ့လာပြီး စုတုပြု လုပ်သင့်ပါတယ်။

 9.   Do if
ကဲ အပေါ်ကအချက်တွေအားလုံး စုံပြီဆိုရင်တော့ပြောပါ ဟောပါတော့တဲ့။
စင်ပေါ်တက်ပြီဟေ့ဆိုရင် လိုအပ်တဲ့အချက်လေးတွေ Tips တွေကိုဆက်ရအောင်။

On the Stage မှာ Clothing ဟာအရေးကြီးပါတယ်။ သပ်ရပ်စွာဝတ်ဆင်ပါလို့ အကြံပြုပါရစေ။ ပြီးတော့ တခါတလေ ပြောမယ့် Presentation နဲ့လိုက်မယ့် အဝတ်အစားမျိုးဝတ်သင့်ပါတယ်။ ပြောမှာက အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊ ဝတ်လာတာက ဥရောပ Suit နဲ့ဆိုတာမျိုးကတော့ ကြည့်ရဆိုးပါတယ်။

Clothing ပြီးတော့ Confidence ပါ။ Confidence မရှိပဲ စင်ပေါ်တက်မလာပါနဲ့။ Confidence ရှိအောင်ကြိုးစားပါ။ ကြောက်သလိုလို ရှက်သလိုလိုနဲ့ကတော့ အလုပ်မဖြစ်ပါဘူး။ ရင်ကော့ပြီးမတက်နိုင်သည့်တိုင် ကြောက်တော့မနေပါနဲ့။

နောက်တစ်ခုက Overview ပါ။ ကိုယ်က စင်ပေါ်တက် နှုက်ဆက်ပြီးတာနဲ့ စင်အောက်ကပရိသတ်ကို overview လေးကြည့်လိုက်ပါ။ ဘယ်လိုတွေဖြစ်နေလဲတချက်လောက် ဝေ့ကြည့်လိုက်ပါ။ စင်ပေါ်တက် ခေါင်းကြီးငုံပြီး ပြောချင်တာလျှောက်ပြောနေမယ့်အစား ပရိသတ်ကို နဲနဲ ဂရုစိုက်ပါ။ ရီကြတယ်၊ လက်ခုပ်တီးကြတယ်ဆိုရင် ခဏလောက်စောင့်ပေးပါ။ ပြီးမှဆက်ပြောပါ။ ပြီးတော့ စင်အောက်ကပရိသတ် စိတ်ဝင်စားမှုရှိနေရဲ့လား၊ ပျင်းနေပြီလား တချက်ကြည့်ပါ။ Overview ပြီးတော့ Trust Building လိုပါတယ်။ Trust Building ဆိုတာက နားထောင်သူနဲ့မိမိအကြား ယုံကြည်မှုတည်ဆောက်လိုက်တာပါ။ မိမိကိုယ်ကို မိတ်ဆက်ရင်း မိမိရဲ့ Skillလေးတွေ ဂုဏ်လေးတွေကို ပရိသတ်ကအထင်ကြီးလေးစားလာအောင် နဲနဲရွှီးတာပါ။ ပြီးတော့ ဒီပရိသတ်ကို လေးစားကြောင်း ရင်းနှီးကြောင်းစသည်ဖြင့် မြှောက်ပြောတာပါ။ ဒီပရိသတ်နဲ့ကိုယ်နဲ့ ရင်းနှီးသွားပြီဆိုရင် ကြောက်စိတ်အတန်ငယ်လျော့ပါးသွားမှာအမှန်ပါပဲ။

နောက်တစ်ခုရှိသင့်တာက Body Language ပါ။ စင်ပေါ်မှာ စကားပြောကောင်းသူ Presenter ကောင်းတစ်ယောက်ဖြစ်ဖို့ Body Language ကောင်းကောင်းတတ်ထားရပါမယ်။ မင်းသားမင်းသမီးတွေလို ဟန်အမူအရာကောင်းစရာမလိုပေမယ့် လိုအပ်သလိုတော့ ခြေဟန်လက်ဟန်၊ အမူအရာ စတိုင် စတာတွေလုပ်နိုင်ရပါမယ်။ ကျောက်ရုပ်ကြီးလို ငုတ်တုတ်ကြီးပြောနေတာမျိုး၊ သတိဆွဲပြီး မိန့်ခွန်းခြွေနေတာမျိုးတော့ မလုပ်ပါနဲ့။ လိုအပ်ရင် အမူအရာလေးတွေ ခြေဟန်လက်ဟန်တွေထည့်ပါလို့ ဆိုပေမယ့် လက်တွေရှုပ်ရှက်ခတ်နေတာမျိုး သရော်သလိုဖြစ်နေတာမျိုး အိုဗာအိုင်တင်ကြီးတွေတော့ သတိထားပြီးရှောင်ကြဉ်ကြပါ။

Body Language  ပြီးတဲ့အခါ နောက်ထပ် သိထားသင့်တာက Participatory ပါပဲ။ ပရိသတ်ကိုပါ တစ်ပါတည်းဆွဲခေါ်တာပါ။ ရှေ့နားကဖြစ်စေ Random ဖြစ်စေ တစ်ယောက်ယောက်ကဖြစ်စေ အမေးအဖြေလုပ်တဲ့ပုံစံကိုပြောတာပါ။ Presentation တောက်လျှောက်ကြီးတော့လုပ်စရာမလိုပါ။ ကိုယ်ပြောနေတဲ့ Sub-heading တစ်ခုပြီးရင် Question တက်ခိုင်းတာမျိုး၊ တစ်ယောက်ကို သူ့အမြင်လေးမေးလိုက်တာမျိုး စသည်ဖြင့်ပေါ့။ အချိန်ကိုလဲသတိထားဦးနော်။ Participation သိပ်များရင် အချိန်မလောက်ပဲဖြစ်နေဦးမယ်။

 ပြီးတော့ Humor လို့ခေါ်တဲ့ ပုံတိုပတ်စလေးတွေ၊ သမိုင်းလေးတွေ၊ ရယ်စရာလေးတွေလဲ အလျဉ်းသင့်ရင်သင့်သလို ထည့်ပြောသွားပါ။ ငိုက်နေတဲ့သူတွေ ပြန်နိုးလာပါလိမ့်မယ်။ အရမ်းကြီးလဲပေရှည်မနေနဲ့ဦးနော်။

 ပြီးတော့ သတိထားရမယ့်နောက်တစ်ချက်က Voiceရဲ့ Tone ပါ။ Mono Tone ကြီးနဲ့ပျင်းစရာကောင်းအောင် မပြောသင့်သလို အသံသေးအသံကြောင်လဲမဖြစ်ရပါဘူး။ ကျက်ထားတဲ့စာပြန်ရွတ်သလို ပတွတ်ပတွတ်နဲ့ပြောရမှာမဟုတ်သလို မပြောချင်ပြောချင်ပုံဆိုလဲ မဟုတ်ပြန်ဘူး။ ဒါဖြင့်ဘယ်လိုပြောရမလဲ။ ပြောသင့်တဲ့စံပုံစံကတော့ အသံတုန်ခြင်း၊ထစ်ခြင်းမရှိဘဲ အသံအနိမ့်အမြင့်မှန်မှန် အဖြတ်အတောက်မှန်မှန်နဲ့ လိုအပ်တဲ့နေရာမှာ ဖြည်းဖြည်း သိပ်မလိုတဲ့နေရာမှာ မြန်မြန်လေးပြောပါ။ ပြီးတော့ PowerPoint Slide တွေနဲ့ Present လုပ်ရာမှာ ပါတာဖတ်မလုပ်ပဲ အပြင်ကအကြောင်းလေးတွေကိုပါထည့်ပြောပါ။ Slide ရဲ့ အဓိက Point တွေကိုပဲပြောပါ။

 ဒီလောက်ဆို Presentation Skill ကတော့ အတော်လုံလောက်ပြီထင်တယ်။

Copy link: https://www.facebook.com/sawhannyunt/notes
 from : http://www.mmteashop.com/index.php?topic=3134.0

0 comments:

Post a Comment